Unicode
အဖွားဖြစ်သူနဲ့ တူတဲ့ အဝါရောင်ဆံပင်ဖျော့ဖျော့လေးတွေနဲ့ ထူထူထဲထဲမျက်ခုံးတန်းသေးသေးလေးကို ငေးကြည့်နေရာကနေ ကလေးလေးရဲ့ ဖောင်းချည်ပိန်ချည်ဖြစ်နေတဲ့ ရင်ဘတ်ကလေးဆီ အကြည့်ရောက်တယ်။
"အဟင်း..သမီးလေး.. ဒယ်ဒီ့ ကိုလွှတ်ပေးဦး"
လက်သေးသေးလေးတွေနဲ့ ဓာတုလွန်ရဲ့ လက်ညိုးကို အတင်းဆုပ်ကိုင်ထားတဲ့ ကလေးလေးက အိမ်မက်ကောင်းကောင်းလေးတွေ မက်နေပုံ။ ပါးစပ်ကလေး လှုပ်စိလှုပ်စိနှင့်။
ဆရာဝန်ကို ဆွဲထိုးတဲ့ အမှုကို တော်တော်လေးရှင်းယူလိုက်ရပြီး ဦးလင်းထိုက်ရဲ့ ဆူတာခံလိုက်ရတာမို့ ဓာတုလွန်က သွေးသက်နဲ့ကလေးလေးအနားမှာ အမြှီးကုပ်ပြီးကပ်နေ၏။
ကလေးလေးကို သူကြည့်လို့ကိုမဝနိုင်။ ကိုယ်ပိုင်မိသားစုဝင်လေး တစ်ယောက်ရတာ ဒီလောက်ထိပျော်ရမယ်မှန်း မသိခဲ့ဘူး။ သူအမြဲတောင့်တခဲ့တဲ့ သွေးသားအရင်းတစ်ယောက် သူ့ဘဝထဲရောက်လာတာ ဘုရားပေးတဲ့ကောင်းချီးတစ်ခုပင်။
Female Alpha လေးမို့ ဓာတုလွန် ပိုပျော်သည်။ ကလေးက ဘာလေးပဲနေနေ ချစ်မှာဆိုပေမဲ့ အမှီအခိုကင်းတဲ့ Alpha တစ်ယောက်ဖြစ်နေတာက ပိုကောင်းသည်။ သူ့သမီးလေး ထိန်းချုပ်ခံရမှာ သူများကိုအားကိုးရမှာ သူမမြင်ချင်ဘူး။
ဒီအတွေးဝင်လာတော့ သွေးသက်မင်းဆက်ကို သတိရသွားကာ အနောက်ကိုလှည့်ကြည့်လိုက်သည်။ ပင်ပန်းထားတဲ့ အိုမီဂါက မေ့ဆေးအာနိသင်ကြောင့် ဖယ်ရိုမုန်းခံစားမှု သုံးလကနေ လေးလလောက်ကင်းမဲ့နေမယ်လို့ပြောတယ်။ သူအမြဲ သွေးသက်က သန်မာလွန်းလို့ အနိုင်ယူချင်ခဲ့တာ၊ အိုမီဂါကို သူ့အောက်မှာ ဝပ်ဆင်းစေချင်ခဲ့တာ။ မျက်နှာလေးကျနေပြီး ပိန်နေတဲ့ သွေးသက်က အေးချမ်းစွာပင် ပြတင်းအပြင်ဘက်က အဝေးတစ်နေရာကို ငေးကြည့်နေတယ်။
ကြည်လင်နေတဲ့ ကီဝီစိမ်းလေးတွေကို ဓာတုလွန် မတွေ့ရတာကြာပြီ။ ပင်ပန်းနွမ်းနယ်ပြီး ပိန်လှီနေတာတောင် ကျောက်စိမ်းတုန်းလေးက အရမ်းလှနေတုန်းပဲ။
သူအတင်းအကြပ်လုပ်တိုင်း သွေးသက် ဘယ်လောက်တောင် ဝမ်းနည်းနေခဲ့မလဲ။ ဖေဖေပြောတဲ့ ကိုယ်ချင်းစာကြည့် ဆိုတာကို သူနားမလည်ခဲ့ဘူး။ သမီးလေး သူ့ဘဝထဲ ဝင်လာတော့မှပဲ သိတော့တယ်။ ဓာတုလွန်ရဲ့ ရင်ဘတ်ထဲ ဝမ်းနည်းလာပြီး နောင်တရလာတယ်။ သူအဲ့လိုတွေ မလုပ်ခဲ့ရင်ကောင်းသား...