Unicode
မိသားစုဆိုတဲ့ အသိုက်အမြုံငယ်လေးက ကလေးငယ် လွန့်အတွက် မျှော်ငေးကြည့်ရုံပဲ တတ်နိုင်တဲ့ ဖြစ်တည်မှု။ သူမှတ်မိခဲ့တဲ့ အမေက မျက်မှောင်တွေကျုံ့ရင်း မွေးစားမိဘတွေလာရင် တိတ်တိတ်နေဖို့ အမြဲဆူပူနေတဲ့ စစ်စတားမာဂရက်ပဲ။
သူက ငယ်ငယ်လေးထဲက စကားနည်းပြီး ကြောက်တတ်တဲ့
ကလေးမို့ သူငယ်ချင်းအပေါင်းအသင်းလည်း မရှိ။ သူ့ကိုခင်ချင်တဲ့ကလေးရော သူကခင်ချင်တဲ့ကလေးရော မရှိသလောက်။ မိတ်ဆွေအဖော်အသင်းမရှိတာက သူ့အတွက် ဘာပြဿနာမှမရှိခဲ့ဘူး။ အယ်လ်ဖာအဖြစ် ခွဲခြားခံထားရတာမို့ ဘီတာတွေနဲ့ အိုမီဂါတစ်ချို့သာရှိတဲ့ ခရစ်ယာန်ကျောင်းမှာ သူက ဦးစားပေးခံလူနည်းစုထဲပါသည်။ အသိုင်းအဝိုင်းကောင်းကောင်း နောက်ခံအင်အားခပ်တောင့်တောင့် မိသားစုတွေက အယ်လ်ဖာမျိုးဆက်မရနိုင်ရင် ကျောင်းက ကလေးတွေကိုရွေးခြယ်မွေးစားလေ့ရှိတယ်။ ရည်ရွယ်ချက်ကတော့ သူတို့အိမ်က အိုမီဂါကလေးဖြစ်ဖြစ် ဘီတာကလေးဖြစ်ဖြစ် တစ်ယောက်ယောက်နဲ့ပေးစားပြီး အယ်လ်ဖာမျိုးဆက်လိုချင်တာပင်။ဓာတုလွန်ဘဝမှာ မှတ်မှတ်ရရဆိုလို့ သူငယ်ချင်းလို့ ပြောလို့ရတဲ့ အယ်လ်ဖာကောင်လေး တစ်ယောက်တော့ရှိတယ်။ စရွေးခြယ်ခံရချိန်မှာ သူတို့အသက်က ငါးနှစ်ပဲရှိသေးသည်။
အဲ့နေ့က Shine ဆေးဝါးကုမ္ပဏီဥက္ကဌကြီးကိုယ်တိုင် အယ်လ်ဖာလေးတွေကို လာကြည့်တာ။ အမွေဆက်ခံသူက သာမာန်အိုမီဂါငယ်လေးအဖြစ် မွေးဖွားလာတာမို့ ဥက္ကဋ္ဌ ကြီးက မျိုးဆက်ကောင်းကောင်းရစေဖို့ အယ်လ်ဖာတစ်ယောက်ကို အမွေစားအမွေခံ ခေါ်ယူမွေးစားမှာဖြစ်သည်။ ရာထူးအာဏာကြီးသူတို့ အသိုင်းအဝိုင်းထဲ ရွှေကိုရွှေချင်းထပ်သည်ထက် ရွှေရဲ့ဂုဏ်ရည်ကို အထောက်အပံ့ အကာအကွယ်ပေးဖို့ ကြေးကိုယူသုံးလေ့ရှိကြတယ်။
အဲ့နေ့က ဥက္ကဋ္ဌကြီးက သူကိုယ်တိုင် အယ်လ်ဖာလေးတွေ တစ်ယောက်ချင်းစီတိုင်းကို စေ့စေ့စပ်စပ်ကြည့်သည်။ ဓာတုလွန်ရဲ့ ဘေးမှာရပ်နေတဲ့ ထိုအယ်လ်ဖာလေးအရှေ့ကိုရောက်တော့ ရပ်သွားပြီး ကိုယ်ကိုငုံ့ကိုင်းကာ သေချာစူးစမ်း၏၊ ငါးနှစ်ကနေစလို့
ခုနှစ်နှစ် ရှစ်နှစ်အရွယ်ကလေးတွေက ဥက္ကဌကြီးကို ပြုံးရယ်ပြနေကြပေမဲ့ ထိုအယ်လ်ဖာလေးကတော့ ခပ်တည်တည်ပင်။