'လူနာက အဓိကအာရုံကြောတွေ ပျက်စီးသွားတော့ အတိတ်မေ့သွားတာမျိုး၊ ကြောင်သွားတာမျိုးတွေဖြစ်နိုင်တယ် ၊ကျွန်တော်တို့လည်း ဒီလိုမပြောချင်ပေမဲ့ အခြေအနေက အားရစရာတော့မရှိဘူး၊ မျှော်လင့်ချက်နည်းတယ်၊ ကျွန်တော်တို့အစွမ်းကုန်ကြိုးစားခဲ့ပါတယ်..အခုကတော့ စိတ်မကောင်းရုံကလွဲလို့ မတတ်နိုင်ဘူး...လူနာရဲ့ကံတရားပဲ..'ဆရာဝန်ကြီးပြောသွားသည့် စကားများကြောင့် စျာန်ရဲမျက်နှာတစ်ခုလုံး ပျက်ထွက်နေကာ သွားတွေထုံကျဥ်စွဲသည်အထိ အံကြိတ်မိသည်။ ဒက်ဒီ့အတွင်းရေးမှူး ဦးလင်းမာန်က ဆရာဝန်ကိုလိုက်ပို့ပေးပြီးမှ အခန်းထဲပြန်ဝင်လာသည်။
'မောင်စျာန်.. စိတ်လျှော့ထားပါကွာ.. တို့တွေ အတတ်နိုင်ဆုံးတော့ ကြိုးစားခဲ့ကြတာပဲ၊ တခြားနည်းလမ်းရှိဦးမှာပါ...'
'ဒက်ဒီ့ကို အဲ့လောက်အဖြစ်ဆိုးလိမ့်မယ်လို့ မထင်ထားခဲ့မိဘူး ၊ ဒက်ဒီ့မှာ ရန်သူတွေရှိတယ်လို့လည်း မကြားမိပါဘူး ၊ ဘာအငြှိုးရှိလို့ ဒီလိုလုပ်ကြံရတာလဲ..'
Royal Group၏ ဥက္ကဋ္ဌဦးကောင်းစျာန် ကားအက်ဆီးဒန့်ဖြစ်သည့်သတင်းက ဆိုရှယ်မီဒီယာမှာ ပလူပျံနေသည်။ ကားမတော်တဆမှုသည် လုပ်ကြံမှုဟု သက်ဆိုင်ရာက ကောက်ချက်ချ၍ နေ့မနား ညမအားစုံစမ်းနေသည့်အချိန်မှာ ဆေးစစ်ချက်အဖြေက မကောင်း။ ရှယ်ယာတွေက ထိုးဆင်းလျက် အခြေအနေတွေလည်း မတည်ငြိမ်သေး။
'သူဌေးက သမာဓိရှိတဲ့လူပါ.. ဒါပေမဲ့ စီးပွားပြိုင်ဘက်ကများတော့ တို့တွေဒုက္ခရောက်တဲ့အချိန်မှာ ဖေးမကူညီမယ့်သူထက် ထိုးနှက်မယ့်သူကပိုများနေတာ.. မင်းက ဆက်ခံသူဆိုတော့ အခြေအနေတွေယိုင်လဲမကုန်အောင် ပြန်ထိန်းရမယ့်တာဝန်ရှိလာပြီ...လုပ်ကြံသူကိုလည်း သက်ဆိုင်ရာက စုံစမ်းရှာဖွေနေကြတာပဲ...အရမ်းကြီးစိတ်ဓာတ်မကျပါနဲ့..'
ဦးလင်းမာန်က အမျိုးမျိုးနှစ်သိမ့်ပေးနေပေမဲ့ စျာန်ရဲမျက်နှာ ပြန်ကြည်မလာခဲ့ပါ။ ဦးလင်းမာန် ပြောသလို ဒက်ဒီ့မှာ စီးပွားပြိုင်ဘက်တွေများသည်ဆိုလျှင်တောင် အားလုံးဟာ Royalဆိုသည်နှင့် နောက်ဆုတ်ပေးခဲ့ကြသည်ချည်းပင်။ ဒက်ဒီ အက်ဆီးဒန့်ဖြစ်သည့်နေ့က သူ မိုးကုတ် မြေကွက်လေလံပွဲမှာ ရှုံးနိမ့်ခဲ့သည်။
လေလံပွဲတိုင်း နိုင်ခဲ့သည့် Royalဟာ ထိုနေ့မှာပဲ အရှုံးနှင့်ကြုံရသည့်အဖြစ်ကြောင့် စီးပွားရေးလုပ်ငန်းရှင်များကြားမှာ သိမ်ငယ်အရှက်ရခဲ့၏။ အဲဒီ့မတိုင်ခင် ဘဏ်စနစ်တွေ ဟက်ခံရသည့်အဖြစ်ကြောင့်လည်း လုပ်ငန်းပါတနာတွေ လက်ညှိုးထိုးစရာဖြစ်ခဲ့ဖူးပြီ။
Royalထက် စျေးပိုပေး၍ ဝယ်လိုက်သည့် လုပ်ငန်းရှင်က Sun Empireကဟုဆိုသည်။ Sun Empireဆိုတော့..
'ဦးလင်း...'
'ဟင်...မောင်စျာန်..ပြောလေ..'
'Sun Empireဆိုတာ ဦးလင်းသိလား...'
'Sun Empireကိုကောင်းကောင်းသိတာပေါ့.. ဦးနေသိင်္ခဆိုတဲ့သူဌေးပိုင်တာ.. အဲဒီ့သူဌေးက အမေရိကန်နိုင်ငံသားခံယူထားတာ.. မြေကွက်လေလံပွဲမှာ လေလံနိုင်သွားတာ အဲဒီ့သူဌေးမို့လား..'
ဦးလင်းမာန် ပြန်မေးနေတော့ စျာန်ရဲ မျက်မှောင်ကြုတ်သွားသည်။ လေလံပွဲနေ့မှာ ဒက်ဒီက Central Clubမှာ ချိန်းထားသူရှိကြောင်းပြော၍ သူ့ကို အစားစေလွှတ်၍ လေလံပွဲတက်ခိုင်းခဲ့သည်။ လေလံပွဲနိုင်သွားသူက သူ့သူဌေးကိုဖုန်းဆက်အကြောင်းကြားနေတာလည်း သူကိုယ်တိုင်နားနှင့်ဆတ်ဆတ်ကြားခဲ့ရသည်။
'ဦးလင်း... ကျွန်တော့်ကိုSun Empireက ဦးနေသိင်္ခရဲ့biography ရှာပေးလို့ရမလား..'
'ဪ အေး အေး..'
ဦးလင်းမာန်က သူ့ဖုန်းဖွင့်၍ googleခေါက်ကာ ချက်ချင်းရှာဖွေပေးသည်။
Sun Empire၏သူဌေး ဦးနေသိင်္ခပုံကို မြင်လိုက်ရကာ ပိုင်ဆိုင်သည့်လုပ်ငန်းစုကြီးတွေအကြောင်း အသေးစိတ်ရေးပြထားပြီး သူ့မိသားစုနောက်ကြောင်းရာဇဝင်တစ်ခုမှ ဖော်ပြမထားချေ။
'အဲဒီ့သူဌေးက မိသားစုတွေ ဘာတွေမရှိဘူးလား၊ ဘာမှဖော်ပြမထားဘူးနော်...'
အထပ်ထပ်ရှာဖွေကြည့်သော်လည်းမတွေ့ရသဖြင့် သူ ဘဝင်မကျမိတော့ပါ။
'သူက မိသားစုရှိတယ်လို့တော့ကြားဖူးတာပဲ၊ ဟိုမှာနိုင်ငံသားခံယူလိုက်တော့ brokenဖြစ်သွားတာလား ၊ ဇာတ်မြှုပ်ထားတာလား သေချာတော့မသိဘူး..မောင်စျာန်က ဘာဖြစ်လို့သိချင်တာလဲ...'
'ဒီတိုင်းပါပဲ၊ ဒက်ဒီနဲ့များ သိကျွမ်းဖူးသလားလို့သိချင်မိတာပါ ..ဒါနဲ့ ဒက်ဒီက Central Clubကအပြန်မှာ လုပ်ကြံခံရတာဆိုတော့ ဒက်ဒီ ဘယ်သူနဲ့တွေ့ဖို့များ အဲဒီ့ကိုသွားတာလဲမသိဘူး၊ အဲဒီနေ့က ဒက်ဒီနဲ့ပါသွားတဲ့ ရဲခေါင်ဆိုတဲ့လူရော အခြေအနေသိရပြီလား..'
ထိုနေ့က အက်ဆီးဒန့်ကြောင့် ကားထဲမှာပါလာသူတွေ ကံဆိုးမိုးမှောင်ကျကာ ဒရိုင်ဘာက ပွဲချင်းပြီးသေဆုံးသွားခဲ့၏။ ဒက်ဒီ့ကစားသမား ရဲခေါင်ဆိုသူက ခြေထောက်တစ်ဖက်ဆုံးရှုံးသွားရပြီး အခြေအနေ မသိရသေး။
'ရဲခေါင်ဆိုတဲ့သူငယ်က ညာဘက်ခြေထောက်ဆုံးရှုံးသွားတယ်၊ တခြား ကြီးကြီးမားမားထိခိုက်တာမျိုးတော့မရှိဘူးလို့သိရတယ်..ဒီမနက်တော့ ကောင်းကောင်းသတိရလာပါပြီ၊ မောင်စျာန် တွေ့ချင်လို့လား...'
'ဟုတ်တယ်၊ အခုပဲ သွားတွေ့ရအောင်ဗျာ...'
သူနှင့်ဦးလင်းမာန် ရဲခေါင်ရှိသည့်ကုသဆောင်ထဲ ဝင်ခဲ့သည်။ ရဲခေါင်က လူနာကုတင်ထက်မှာ ပတ်တီးအဖွေးသားနှင့်ဖြစ်ကာ စျာန်ရဲတို့ဝင်လာတာကိုမြင်သည့်တိုင် လှည့်ကြည့်ရုံသာကြည့်နိုင်ပြီး လှုပ်ရှားခြင်း မပြုနိုင်သေး။
'ကိုရဲခေါင်.. နေသာရဲ့လား..'
'နေသာပါတယ် ကိုစျာန်ရဲ...ကျွန်တော့်အခြေအနေကတော့ ခင်ဗျားမြင်တဲ့အတိုင်းပဲ...သူဌေးကတော့ ကျွန်တော့်ထက် ပိုဆိုးမှာပေါ့..'
စျာန်ရဲ အတန်ကြာ အသံတိတ်နေပြီးမှ..
'အဲဒီ့နေ့က ခင်ဗျားနဲ့ဒက်ဒီ အတူရှိခဲ့ကြတာနော်.. ဒက်ဒီချိန်းထားတဲ့ပါတနာဆိုတာဘယ်သူလဲ၊ ခင်ဗျား သိသလား ကိုရဲခေါင်...'
'နေစက်ကွင်း...'
'ဘာ...'
ရဲခေါင် ပြောလိုက်သည့်နာမည်ကြောင့် စျာန်ရဲနားထဲ အုန်းခနဲမြည်သွားသည်။ မျက်လုံးတွေ ပြာသွားကာ နောက်သို့ခြေတစ်လှမ်းယိုင်သွားသဖြင့် ဘေးစားပွဲပေါ်လက်တင်၍ထိန်းလိုက်ရသည်။
'နေစက်ကွင်း..ဟုတ်လား...သေချာရဲ့လား..'
'သေချာပါတယ်ကိုစျာန်ရဲ.. ကျွန်တော်ကိုယ်တိုင် သူနဲ့ကစားခဲ့တာပါ..ပွဲတိုင်းနိုင်ခဲ့တဲ့ကျွန်တော် အဲဒီ့ကောင်နဲ့တွေ့မှရှုံးခဲ့ရလို့ သူဌေးရှေ့မှာ အများကြီးအရှက်ရခဲ့တယ်...'
'ဒက်ဒီ လောင်းကစားရှုံးခဲ့တယ်လို့ပြောချင်တာလား...'
နေစက်ကွင်းပါသည့်ပွဲတိုင်းမှာ လောင်းကြေးကကြီးလွန်းသည်မို့ သူ တုန်လှုပ်စပြုလာသည်။
'ဒက်ဒီက ဘယ်လောက်ရှုံးသွားတာလဲ...'
ရဲခေါင် မဖြေရသေးခင် ဦးလင်းမာန်၏ အင်္ကျီအိတ်ကပ်ထဲမှဖုန်းဝင်လာသဖြင့် ဖုန်းကိုင်လိုက်၏။
'ဟဲလို....'
'....,.....'
'ဟင်...'
ဦးလင်းမာန် ဟင်ခနဲဖြစ်ကာ မျက်ခုံးတွေမြင့်တက်ကုန်တော့ စျာန်ရဲ လှည့်ကြည့်လာသည်။
'ဒါရိုက်တာအဖွဲ့က အစည်းအဝေးခေါ်နေတယ်မောင်စျာန်...'
'ဗျာ..'
စျာန်ရဲ အံ့သြသွားကာ အသံခဏတိတ်ကျသွားပြီးမှ ရဲခေါင်ကိုပင် နှုတ်မဆက်နိုင်ဘဲ ဦးလင်းမာန်နှင့်အတူ အစည်းအဝေးသို့ ချက်ချင်းလာခဲ့ရသည်။
'အခုလို ချက်ချင်းကြီး မီတင်လုပ်ရတဲ့ အကြောင်းရင်းက ဘာများလဲ...'
သူက အစည်းအဝေးတက်ရောက်လာကြသည့်လူကြီးမင်းများကိုမေးရင်း ဒက်ဒီထိုင်နေကျ ဥက္ကဌနေရာမှာဝင်ထိုင်၏။ သူ့ဘေးက လူကြီးမင်းတစ်ဦးက သူ့ရှေ့သို့ စာချုပ်တစ်စောင်ချပေးကာ..
'ဒီစာချုပ်ကို အရင်ကြည့်လိုက်ပါ.. ပြီးမှ ကျုပ်တို့ကိစ္စတွေ ဆက်ပြောကြတာပေါ့မောင်ရင်..'
စျာန်ရဲ သူ့ရှေ့ရောက်လာသည့်စာချုပ်ကို မျက်မှောင်ကြုတ်၍ဖတ်ကြည့်လျှင် မျက်လုံးထဲ ကြယ်တွေလတွေ ထွက်ကုန်ပြီလားမသိ ၊ ဘာစကားမှ မပြောနိုင်အောင် ဆွံ့အနေခဲ့ပြီးမှ...
'ဒါ ..ဒါကဘာလဲ...'
'ဥက္ကဋ္ဌက Royalရဲ့ကျောက်စိမ်းလုပ်ငန်းစုတစ်စုလုံးကို နေစက်ကွင်းဆိုတဲ့သူငယ်ကို လောင်းကြေးပေးလျော်လိုက်ရတဲ့စာချုပ်ပဲ..'
ဟမ်... မဖြစ်နိုင်တာ..ဒါကြီးက ဘယ်လိုဖြစ်နိုင်မှာလဲ ..ဘာတွေဖြစ်ကုန်တာလဲ...'
မယုံနိုင်ခြင်း၊ အံ့သြခြင်းများဖြင့် စကားတွေလည်း လျှောလျှောလျူလျူမထွက်နိုင်တော့ပါ။
'မောင်ရင့်လိုပဲ ကျုပ်တို့လည်းဒီစာချုပ်ကိုမြင်တုန်းက မယုံနိုင်လောက်အောင် အံ့သြခဲ့ကြတာ၊ ဒါပေမဲ့ ဒီဟာက အစစ်ဖြစ်ကြောင်း Central Clubရဲ့တာဝန်ခံကိုယ်တိုင် confirmလုပ်သွားတယ်...ဥက္ကဋ္ဌက လောင်းကစားဝါသနာကြီးတယ်ဆိုတာသိထားပေမဲ့ ကျောက်စိမ်းလုပ်ငန်းစုကြီးတစ်ခုလုံးကို လောင်းကြေးထပ်ခဲ့ရလောက်အောင်ထိ မိုက်မဲလိမ့်မယ်လို့ မထင်ခဲ့ဘူး.. ပုံပြင်ဖြစ်ပါစေပဲဆုတောင်းနေတာ..'
စျာန်ရဲ ဘာမှပြန်မချေပနိုင်ဘဲ ငြိမ်သက်နေခဲ့၏။ ဒက်ဒီနှင့် နေစက်ကွင်း ဘယ်လိုများငြိခဲ့သလဲ။
'အခု ဥက္ကဋ္ဌ ကားအက်ဆီးဒန့်ဖြစ်တဲ့အချိန်မှာ Royalက မတည်ငြိမ်ဘူး၊ ရှယ်ယာတွေထိုးကျပြီး ကမောက်ကမဖြစ်နေပြီ..ကျောက်စိမ်းလုပ်ငန်းစုကြီးကို ကျုပ်တို့နဲ့မတိုင်ပင်ဘဲ ကိုယ်ရေးကိုယ်တာကိစ္စအတွက်ထိုးကျွေးခဲ့လို့ ကျုပ်တို့အကျိုးအမြတ်တွေအများကြီးဆုံးရှုံးသွားရပြီ...အရင်တလောကလည်း ဘဏ်စနစ်အဟက်ခံရလို့ ထိခိုက်ဆုံးရှုံးရပြီးပြီ.. ရှေ့ဆက်ပြီး Royalနဲ့လက်တွဲဖို့မဖြစ်နိုင်တော့ဘူး၊ ဒီတော့ မောင်ရင်.. ရှယ်ယာတွေကိုတစ်ပတ်အတွင်းပြန်အမ်းပေးပါ..မဟုတ်ရင် မောင်ရင် ဆက်ခံသူအဖြစ်ကရော ဥက္ကဋ္ဌအဖြစ်ကပါ နှုတ်ထွက်ပေးရလိမ့်မယ်...'
ဒါရိုက်တာအဖွဲ့ တစ်ယောက်တစ်ပေါက် ပြောကြဆိုကြရင်းဖြင့် အစည်းအဝေးပြီးသွားကာ ခန်းမထဲမှာ စျာန်ရဲတစ်ယောက်သာ ထိုင်ရာမထ ကျန်ရစ်ခဲ့သည်။
အခြေအနေတွေက မျက်လှည့်ပြလိုက်သကဲ့သို့ နေ့ချင်းညချင်း မယုံနိုင်လောက်အောင် ပြောင်းလဲကုန်ပါလား။
ဒက်ဒီက လုပ်ကြံခံရသဖြင့် ဆေးရုံမှာ မသေရုံတမယ် မြောနေသည်။ အိမ်မှာ မာမီက ဒက်ဒီ့စိတ်ကြောင့် အိပ်ရာထဲ လဲနေပြီ။
ဗရမ်းဗတာအခြေအနေများကြားမှာ ဒက်ဒီအဆင်အခြင်မဲ့ လောင်းကစားလုပ်ခြင်းကြောင့် ကျောက်စိမ်းလုပ်ငန်းစုကြီးတစ်ခုလုံး ထိုးကျွေးလိုက်ရပြီဆိုသော နာမည်ဆိုးကြီးက ရှိနေပြန်ရာ Royal၏ဂုဏ်သိက္ခာတွေ မီဒီယာတစ်ခွင်မှာ အလဲလဲအကွဲကွဲဖြစ်ကာ နာရီပိုင်းအတွင်း လက်တွဲဖြုတ်လိုက်ကြသည့် လုပ်ငန်းရှင်တွေလည်း မနည်း။
သူလည်း ဘာဆက်လုပ်ရမှန်းမသိလောက်အောင်ပင် လမ်းပျောက်နေပြီ။ ဒက်ဒီက စီးပွားရေးအမြင်ကျယ်အောင် လက်တွဲခေါ်ခဲ့စဥ်က စိတ်မဝင်စားဘဲ အလေလိုက်ခဲ့သည့်အကျိုးဆက်တွေလား။
တွေးရင်း နေစက်ကွင်းကိုမြင်ယောင်လာသည်။ သူ့မျက်စိရှေ့စားပွဲပေါ်မှ စာချုပ်တစ်စောင်က သူ့ကိုလှောင်ရယ်နေသည့်အတိုင်းရှိလျက် သူ စာချုပ်ကိုဖြဲဆုတ် လုံးထွေး၍ စားပွဲပေါ်လက်တင်ကာ မျက်နှာမှောက်ထားမိသည်။
'မောင်...'
ခေါ်သံနှင့်အတူ သူ့ပခုံးကို လာဖက်သူကြောင့် သူမျက်နှာမော့လာသည်။
'မောင် ဘာမှစိတ်သောကရောက်မနေနဲ့နော်..အဆင်ပြေသွားမှာ...'
ဒီအချိန်မှာ အနားရောက်လာကာ နှစ်သိမ့်ပေးဖော်ရသည့် ချစ်သူကို ကျေးဇူးတင်သွားမိ၏။ ဘယ်သူမှ အနားမရှိချိန် နွေးထွေးသည့် လက်တစ်စုံကို တမ်းတမိတာအမှန်ပဲဖြစ်သည်။
'မောင်က စိတ်ဓာတ်ကြံ့ခိုင်ပြီး အလွယ်တကူအရှုံးမပေးတတ်တဲ့လူမျိုးပါမောင်ရဲ့... မာန် ခုလိုမျိုး အောင်မြင်တဲ့အထိ ရပ်တည်နိုင်အောင် ပံ့ပိုးပေးနိုင်တဲ့သူက သူ လဲပြိုနေရင်တောင် အားတင်းပြီး ပြန်ထလာမှာလေ..ဟုတ်တယ်မို့လား..'
မာန်က သူ့ဘေးမှာဝင်ထိုင်၍ သူ့လက်တွေကိုဆုပ်ကိုင်အားပေးသည်။
'မာန် ဒီကိစ္စတွေ သိနေရောပေါ့...'
'ဒက်ဒီပြောပြတာလေ မောင်ရဲ့.. မောင့်ကိုစိတ်ပူလို့ မာန် ရှုတင်ဖျက်ပြီးလာခဲ့တာ..'
သူ့အပေါ် ဒီလောက်သိတတ်နားလည်မှုရှိသည့်ချစ်သူကို သူ ဘာကြောင့်များ သံသယတွေနှင့်လိုက်ကြည့်မိခဲ့ရပါလိမ့်။ မာန့်ပခုံးပေါ်မှီ၍ မွန်းကြပ်မှုကို ဖြေဖျောက်ကုစားရင်း ပစ္စက္ခ အခြေအနေအားလုံးကိုမေ့ဖျောက်လိုက်ချင်သော်လည်း...။
စက် Screenမှာ ပေါ်နေသည့် videoကိုကြည့်၍ အေးစက်သော မဲ့ပြုံးတစ်ချက် ထင်သွား၏။
'မင်း ဘယ်လောက် လဲပြိုနေပြီလဲဆိုတာ မင်းမျက်နှာမှာ ပေါ်နေတယ်စျာန်ရဲတိုက်... မင်းရဲ့ မိသားစုနဲ့ Royalကို ဖြိုလှဲဖို့ ဒါ ငါ့ရဲ့ ပဏာမစာမျက်နှာပဲရှိသေးတယ်..'
ရင်တွင်းစကားတွေ အသံတိတ်ဆိုမိရင်း Laptopပိတ်လိုက်၏။ ထို့နောက် မွေ့ရာထက်မှာ အခုထိတိုင် သတိမရသေးသည့် နေ့ဆီပြန်လျှောက်လာကာ သူမကုတင်ဘေးက ခုံပေါ်မှာ ဝင်ထိုင်သည်။
'သား နေ့လယ်စာ စားရအောင်လေ..မနေ့ကရော မနက်ကရော သား ဘာမှမစားရသေးဘူးမို့လား..'
မာမီရော သာသာရော သူ့ကိုထမင်းစားဖို့ခဏခဏလာခေါ်သော်လည်း သူ ခေါင်းခါမြဲပင်။
နေ ပြန်နိုးမလာမချင်း သူ စားဝင်အိပ်ပျော်နိုင်မည်မဟုတ်ပေ။
နေ့ရင်ဘတ်ထိ စောင်ပါးလေး လွှမ်းခြုံပေးရင်း၊ သူမဆံပင်လေးတွေကို အသာအယာသပ်တင်ပေးရင်းဖြင့် လက်ကလေးတွေကို ထွေးဆုပ်ထားမိလျက်...
သူ ပူလောင်နေတာတွေကို နေတစ်ယောက်ပဲ ဖြေသိမ့်ပေးနိုင်မည်ဖြစ်၍...
သတိရလာပါတော့ နေရယ်...။
![](https://img.wattpad.com/cover/339395458-288-k8468.jpg)
YOU ARE READING
☀️The Will Of The Heart🌻
Romanceဘုရားက ငါ့ကိုကောင်းချီးတစ်ခုပေးတယ်.. နေရဲ့စက်ကွင်းထဲမှာ နေကြာတွေ အဆုံးမဲ့ပွင့်စေ..တဲ့... ငါ့လက်တစ်ဖက်က သွေးစွန်းနေရင်တောင် ကျန်လက်တစ်ဖက်ထဲမှာ အလှပဆုံးနေကြာတစ်ပွင့် ခမ်းနားစွာပွင့်လန်းနေလိမ့်မယ်...🌻 နေစ...