'မာမီ...ဒီမြူစွမ်လေးတော့ ကုန်အောင်သောက်လိုက်ပါ..ဆေးသောက်ရဦးမယ်လေ..'
မာမီ ဘာမှမစားဘဲ အခန်းအောင်းနေတာ ရက်အတော်ကြာပြီ။ သူလည်း အလုပ်ကိစ္စတွေများပြားရှုပ်ထွေးနေသဖြင့် မာမီ့ကိုတောင် ဂရုမစိုက်နိုင်ခဲ့ပါ။ သူ မအားသည့်ရက်တွေမှာ မာမီ့မျက်နှာ ချုံးချုံးကျ အိုစာသွားခဲ့ပြီ။
'မသောက်ချင်ပါဘူးသားငယ်ရယ်... မာမီ ဘာမှစားမဝင်ဘူး..'
ဒေါ်မျိုးမြင့်ကြွယ်က မြူစွမ်ပန်းကန်ကိုတောင် ကြည့်ချင်စိတ်မရှိတော့သလိုမျိုး ခေါင်းခါပြ၍...
'ဒီနေ့ဆို သားရဲ့အစ်ကို ဆုံးသွားခဲ့တာ (၈)နှစ်ပြည့်ပြီ၊ မာမီ့သားကြီးခမျာ ဘယ်သူက ဘာရန်ငြှိုးနဲ့သတ်သွားမှန်းမသိ အသေစောခဲ့ရှာတယ်.. မင်းဒက်ဒီကလည်း သူများပယောဂကြောင့် ဆေးရုံမှာမြောနေတာ ကြာလှပါပေါ့လား... မာမီတို့မိသားစု ဘယ်လိုဝဋ်ကြွေးတွေကြောင့် ဒီလိုစိတ်ဒုက္ခတွေ၊ သောကတွေကြုံနေရတာလဲ နားမလည်တော့ပါဘူးသားရယ်..'
မာမီ မချိတင်ကဲပြော၍ ငိုကြွေးနေတော့ ဈာန်ရဲ မာမီ့ကိုဖက်ထားရင်း ကျိခနဲအံကြိတ်မိသည်။ သူကိုယ်တိုင် မာမီ့မျက်ရည်တွေကို သုတ်ပေးရုံမှလွဲ၍ မာမီ့သောကတွေကိုဖြေဖျောက်ပေးဖို့ မတတ်နိုင်သေးပါ။
'ဒက်ဒီက ပြန်ကောင်းလာမှာပါ မာမီ.. အစ်ကိုလည်း ကောင်းရာမွန်ရာရောက်နေမှာပါ..မာမီ့ဘေးမှာ သားတစ်ယောက်လုံးရှိပါသေးတယ်..'
မာမီ့ကို အမျိုးမျိုးနှစ်သိမ့်ဖျောင်းဖျပေး၍ မြူစွမ်ဝင်အောင်တိုက်ရသည်။ မာမီ ဆေးသောက်ပြီး အိပ်ပျော်သွားမှ သူအခန်းထဲက ထွက်ခွင့်ရ၏။
နှစ်တိုင်း အစ်ကို့အုတ်ဂူဆီသွားနေကျမို့ ဒီနေ့လည်း ခရစ်ယာန်သင်္ချိုင်းသို့သွား၍ ပန်းစည်းသွားချဖြစ်သည်။ သူ့ထက် လေးနှစ်ပဲကြီးသည့် အစ်ကို့ကို နောက်ဆုံးမြင်လိုက်ရသည့်အချိန်ဟာ သင်္ခယာဆိုသော နယ်နိမိတ်ဧရိယာအတွင်း စံကားပင်တွေနားမှာ စွန်လွှတ်နေချိန်ဖြစ်သည်။
အစ်ကို မသေဆုံးခင် ထိုနေ့က သူ့ကို စွန်လွှတ်ဖို့ သာယာလှပသည့် နေရာတစ်ခု တွေ့ထားသည်ဟုဆို၍ သင်္ခယာ နယ်မြေအတွင်း ခေါ်လာခဲ့သည်။ ရှေးဆန်သည့်တံတိုင်းတွေ ကာရံထားသော်လည်း အထဲမှာ သဘာဝအတိုင်းတည်ရှိနေသည်ဟု ထင်ရသော မြက်ခင်းစိမ်းတွေ ရေတံခွန်တွေနှင့် တောအုပ်လေးရှိသည်။ မက်ဆီကန်နေကြာတွေကိုလည်း တောင်စောင်းပုံစံ ကမူစွန်းတွေမှာ နေရာအနှံ့တွေ့ရ၏။
သိပ်လှသည့် သင်္ခယာ နယ်မြေကို အစ်ကို ဘယ်လိုရှာတွေ့သလဲ ဟု သူမေးခဲ့ဖူးသည်။ အစ်ကိုက သူ့သူငယ်ချင်းတစ်ယောက် ပိုင်သည့်နေရာဟုရှင်းပြသည်။ ထို သူငယ်ချင်းနှင့် မိတ်ဆက်ပေးဖို့ပါ ချိန်းထားခဲ့သည်ဟု ဆိုပြန်ကာ စွန်လွှတ်ရင်းဖြင့် သူ့သူငယ်ချင်းအလာကို ညီအစ်ကိုနှစ်ယောက် စောင့်မျှော်ခဲ့ကြသည်။ သူ စွန်လွှတ်ရင်း၊ စွန်နောက်လိုက်ရင်း အစ်ကိုနှင့် ဝေး၍ ဝေး၍သွားမှန်းမသိခဲ့ပါ။
أنت تقرأ
☀️The Will Of The Heart🌻
عاطفيةဘုရားက ငါ့ကိုကောင်းချီးတစ်ခုပေးတယ်.. နေရဲ့စက်ကွင်းထဲမှာ နေကြာတွေ အဆုံးမဲ့ပွင့်စေ..တဲ့... ငါ့လက်တစ်ဖက်က သွေးစွန်းနေရင်တောင် ကျန်လက်တစ်ဖက်ထဲမှာ အလှပဆုံးနေကြာတစ်ပွင့် ခမ်းနားစွာပွင့်လန်းနေလိမ့်မယ်...🌻 နေစ...