🌻အခန်း(၄၁)🌻

28.9K 682 39
                                    

(MATURE ON)

'ဘာမှဆုံးရှုံးစရာမကျန်တော့တဲ့လူတစ်ယောက်က ဘာကိုဂရုစိုက်နေရဦးမှာလဲ ဂျေဒင်...'

ဈာန်ရဲအသံက ငြှိုးရိပ်တွေနှင့်အက်ကွဲတုန်ခါနေ၏။ သူ့မှာ မိသားစု၊ စည်းစိမ်ဥစ္စာ၊ ခြွေရံသင်းပင်း ဘာမှမရှိတော့သည့်အပြင် ချစ်သူကလည်း ကနဦးကတည်းက သစ္စာဖောက်သွားခဲ့ပြီးပြီ။ သူပိုင်သမျှ အရာအားလုံး အစအနမကျန်အောင် လုယူသွားခဲ့သည့် နေစက်ကွင်းကို တစ်မိနစ်တောင် ရှင်သန်ခွင့်မပေးချင်တော့ပါ။ ကိုယ်ဆုံးရှုံးရသလို သင်းလည်း ဆုံးရှုံးရမည်။ ကိုယ်နာကျင်ရသလို သင်းလည်း နာကျင်ရမည်။

'ဝဋ်ဆိုတာလည်း ရွေးပြီးလည်တတ်တဲ့သဘော ရှိတယ်ထင်တယ်.. နေစက်ကွင်းက စိတ်ဓာတ်မာတယ်၊ ဉာဏ်ပြေးတယ်... အဲဒါ​ကြောင့် Sun Empireက အချိန်တိုအတွင်း အင်အားကြီးလာတာ... Golden Triangleမှာ သူ့အာဏာစက်က အစိုးရပိုင်းတွေအထိ သက်ရောက်မှုရှိတယ်.. ပြီးတော့ ဒီကောင့်အားသာချက်က သတိကောင်းတာပဲ...'

'အားသာချက်ရှိရင် အားနည်းချက်လည်းရှိရမှာပေါ့ ဂျေဒင်... ဒီကောင့်ကို လက်တုံ့ပြန်ဖို့ ခင်ဗျား ကျွန်တော့်ကိုကူညီပေးပါ.. ကျွန်တော်သူ့ကို သတ်ရမှကျေနပ်မယ်...'

'မလောပါနဲ့... ငါက မင်းထက်တောင် သူ့ကိုပိုသတ်ချင်သေးတယ်..'

ဂျေဒင် တစ်ဖက်ပြတ်သွားသည့်နားရွက်ကို အခုထိ ပတ်တီးသိုင်းစည်းထားရဆဲဖြစ်ကာ ပါးပြင်မှာ ချုပ်ရိုးကြောင်းကြီးထင်ကျန်နေသေးသည့်ဒဏ်ရာက မြင်မကောင်း ရှုမကောင်း အကျည်းတန်နေသည်။ နေစက်ကွင်း​ပေးခဲ့သည့် သေရာပါဒဏ်ရာတွေကို ကြေးမုံပြင်မှာပြန်မြင်ရတိုင်း နှလုံးသွေး ပွက်ပွက်ဆူ၏။ လက်တွေက သွေးဆာနေသည့်ဟန် တုန်ယင်လာကာ စားပွဲတင်ပန်းအိုးထဲမှ နှင်းဆီပွင့်တွေကိုပင် ဆုပ်ခြွေပစ်မိသည်။ ကြေမွသွားသည့်နှင်းဆီပွင့်တွေကဲ့သို့ နေစက်ကွင်းဆိုသည့်ကောင်လည်း ခေါင်းတခြား ကိုယ်တခြား အစိတ်စိတ်အမွှာမွှာဖြစ်ရစေမည်။

'ကျွန်တော်တို့ အချိန်ဆွဲနေလေလေ အဲဒီ့မိစ္ဆာနတ်ဆိုးက အားတိုးလေလေပဲ.. '

ဈာန်ရဲ စိတ်မရှည်သည့်ဟန်ဖြင့် ပြောရင်း တစ်စုံတစ်ရာကိုတွေးမိသွားလျက် မျက်နှာကြီးဝင်းလက်သွား၏။

☀️The Will Of The Heart🌻Where stories live. Discover now