🌻အခန်း(၁၄)🌻

19K 890 40
                                    


'Xender Bankက ချေးငွေထုတ်ပေးဖို့ လက်ခံလိုက်တယ် မောင်စျာန်..'

ဦးလင်းမာန် ယူလာသည့်စာချုပ်စာတမ်းတွေကိုကြည့်၍ သူကျေနပ်သွားသည်။ ရှယ်ယာတွေ ပြန်အမ်းလိုက်ရသောကြောင့် Royalအတွက် အများကြီးအထိနာသွားခဲ့၏။
ဘဏ်တွေနှင့်ဆက်သွယ်၍ ချေးငွေယူဖို့ကမ်းလှမ်းကြည့်သော်လည်း ဘယ်ဘဏ်ကမှလက်မခံကြပေ။ Chinaနှင့်ဖက်စပ်ရှယ်ယာဝင်ထားသည့် Xender ဘဏ်က နောက်ဆုံးဖြစ်မည်ထင်၏။
စီးပွားရေးကိုဘယ်တုန်းကမှ စိတ်မဝင်စားခဲ့သည့်သူ့အတွက် ကံဆရာ၏ထိုးနှက်ချက်က ပြင်းထန်လွန်းလို့ အားလုံးကို တစ်ကနေပြန်စနေရသလိုပင်။

မာမီက နေ့နေ့ညည ဒက်ဒီ့အနားမှာ မျက်ရည်နှင့်မျက်ခွက်။ သူ့ထက်လေးနှစ်ကြီးသည့် အစ်ကိုက အက်ဆီးဒန့်တစ်ခုကြောင့် ဆုံးပါးသွားခဲ့တာကြာပြီ။
ဒက်ဒီ့ကိုလည်း အက်ဆီးဒန့်ပုံစံနှင့် လုပ်ကြံသူက ပေါ်လာပြန်ပြီ။ သူလည်း အစစအရာရာ သတိထားနေရသည်ဖြစ်၍ စိတ်ရောလူရောပင်ပန်းနေပြီ။

'ဘဏ်ကိုသွားဖို့ကိစ္စ ဦးလင်း ညနေကျစီစဥ်ပေးပါ၊ ဒါနဲ့ မာန်ရော ပြန်ရောက်ပြီလား..'

'သမီး ညကပဲပြန်ရောက်တယ် မောင်စျာန်..'

သူနှင့်မာန့်ကို လူကြီးချင်း သဘောတူထားတာ ကြာပြီမို့ မာန်ကိုယ်တိုင်က သူ့အိမ်ကိုအဝင်အထွက်ရှိသည်။

'ကျွန်တော့်ဘက်က လက်ထပ်ဖို့ စမပြောသေးတော့ မာန် စိတ်များခုနေမလားမသိဘူး...'

'သမီးက နားလည်ပါတယ်မောင်စျာန်၊ သူလည်း သူဝါသနာပါတဲ့အလုပ်ကို အကြာကြီးလုပ်ချင်သေးတယ်လို့ပြောတယ်၊ မောင်စျာန်က သမီးကိုလက်ထပ်ချင်နေပြီလား...'

'ဒီအခြေအနေကြီးမှာ လက်ထပ်ဖို့အဆင်မပြေသေးပါဘူး ၊ ကျွန်တော် Royalကို အရင်အတိုင်းပြန်လည်ပတ်နိူင်ဖို့ အများကြီးကြိုးစားရဦးမှာ...'

ဦးလင်းမာန်က စျာန်ရဲအပြောကိုနားလည်သည့်အပြုံးနှင့် ခေါင်းညိတ်သည်။ ထိုစဥ် ဝန်ထမ်းတစ်ယောက် အခန်းထဲဝင်လာကာ...

'အမှုစစ်အရာရှိ ကိုကျော်စွာက Bossကိုလာတွေ့ပါတယ်...'

'ဝင်ခဲ့ဖို့ပြောလိုက်...'

ထိုဝန်ထမ်းလေး ပြန်ထွက်သွားတော့ ကိုကျော်စွာဆိုသည့် ရဲအရာရှိ ဝင်လာ၏။

'ကိုကျော်စွာကိုယ်တိုင် လာတွေ့တယ်ဆိုတော့ ဒက်ဒီ့အမှုအတွက် ဘာထူးခြားတာရှိနေလို့လဲ..'

'အဲဒီ့နေ့က ဥက္ကဋ္ဌကားနဲ့တိုက်မိခဲ့တဲ့ ကွန်တိန်နာကားမောင်းသမားကို သက်ဆိုင်ရာက ဖမ်းဆီးထိန်းသိမ်းလိုက်ပြီ...'

ကိုကျော်စွာ့စကားကြောင့် စျာန်ရဲတို့မျက်နှာတွေကျေနပ်ပြုံးဖြင့်ဝင်းပသွားကြသည်။ ဒီနေ့တော့ သတင်းကောင်းတွေချည်း ကြားနေရပါလား။

ကိုကျော်စွာက သူ့tabletဖွင့်၍ ဓာတ်ပုံတစ်ပုံကိုပြလျှင် စျာန်ရဲတို့ ထိုပုံကိုစိတ်၀င်စားစွာ ကြည့်လိုက်ကြ၏။

'ကျွန်တော်ပြတဲ့ပုံထဲက လူက ကွန်တိန်နာကားမောင်းတဲ့လူပဲ၊ ဥက္ကဋ္ဌရဲ့ကားကိုတိုက်ခဲ့တဲ့လူပေါ့.. ဒါပေမဲ့ ကျွန်တော်တို့သေချာမစစ်ဆေးရသေးဘဲ ကောက်ချက်လွဲနေတာတစ်ခုတော့ရှိတယ်.. ဥက္ကဋ္ဌကားက သူ့ကားနဲ့မတိုက်မိခင်ကတည်းက ဘရိတ်ပေါက်နေတာ.. ဒါကြောင့် လုပ်ကြံမှုမမြောက်ဘူး၊ ဒီလူကိုထောင်ချချင်ရင်တောင် သေကြောင်းကြံစည်မှုနဲ့ထောင်ချလို့မရဘူး၊ ကားမတော်တဆမှုဖြစ်လို့ငွေဒဏ်နဲ့ထောင်ဒဏ်၂နှစ်ပဲရမယ်...'

'ဟင်..'

စျာန်ရဲ အလိုမကျဟန်ဖြင့် မျက်မှောင်ကြုတ်သွား၏။

'ဒက်ဒီ့ကားက ဘရိတ်ပေါက်နေတယ်ဆိုတာ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ..အဲဒီ့နေ့က ဒက်ဒီ ကာစီနိုမှာရှိနေတာတောင် အကောင်းကြီးဟာကို..'

'ကျွန်တော်နားမလည်တာလည်း အဲဒါပဲ၊ ကားဘရိတ် တမင်ဖြုတ်ထားတယ်ဆိုရအောင်လည်း စင်ထရယ်ကလပ်မှာ လုံခြုံရေးထူထပ်နေတဲ့ကြားက ကားဘရိတ်ဖြုတ်ဖို့မလွယ်ဘူး၊ ဘရိတ်ဖြုတ်တယ်ပဲထားဦးတော့ တစ်ယောက်တည်းကပဲ နှစ်ခုလုံးလုပ်နိုင်မှာမဟုတ်ဘူး ၊ လုပ်ရင်လည်း ရည်ရွယ်ချက်ကြီးကြီးနဲ့လုပ်တဲ့ကိစ္စပဲ.. ဪ မေ့နေလိုက်တာ.. ဆယ်ရက်နေ့က ဥက္ကဋ္ဌကစားခဲ့တဲ့ လေးကောင်ဂျင်ဝိုင်းရဲ့ CCTV recordကို တာဝန်ခံဆီကနေ လိုရမယ်ရ ယူလာခဲ့တယ်..'

ကိုကျော်စွာက video fileတစ်ခုကို ဖွင့်ပြပြန်သည်။ video fileထဲမှာ နေစက်ကွင်းနှင့် Royal ဥက္ကဋ္ဌဦးကောင်းစျာန်တို့ အပေးအယူ၊ အလောင်းအစား လုပ်သည်ကအစ ပွဲပြီးသည့်အဆုံး နေစက်ကွင်းနှင့်ရဲခေါင် အပြန်အလှန်ပြောကြပုံအထိ မြင်လိုက်ရသည်။
နေစက်ကွင်းကို မြင်လိုက်ရတော့ စျာန်ရဲ မကျေနပ်ချက်တွေရှိထားသည့်စိတ်အခံကြောင့် မျက်လုံးတွေစူးရဲသွား၏။

'လက်စသတ်တော့ နေစက်ကွင်းက Sun Empireနဲ့ပတ်သက်နေတဲ့သူကိုး..'

'ကျွန်တော်လည်း အဲ့လိုထင်လို့ နေစက်ကွင်းရဲ့နောက်ကြောင်းကိုရှာကြည့်ခဲ့သေးတယ်၊ အိမ်ထောင်စုစာရင်းမှာ သူ့နာမည်ကလွဲလို့ဘာမှမရှိဘူး၊ programmerလိုလို ဘာလိုလို အလုပ်အကိုင်အတည်တကျမရှိ၊ လောင်းကစားနဲ့ပဲစီးပွားရှာနေတဲ့သူ.. သူက ထူးတော့ထူးဆန်းတယ်... တရားဝင်ဖွင့်တဲ့လောင်းကစားရုံတွေမှာပဲ professionalတွေနဲ့ချိတ်ဆက်ပြီး ကစားတာ..သူ့အလုပ်က တရားမဝင်ဘူးလို့ပြောလို့လည်းမရဘူး..Sun Empireဆိုတာ ဥက္ကဋ္ဌကို မက်လုံးပေးပြီးမျှားခေါ်ဖို့ လီဆယ်သုံးထားတာရယ်ဗျ.. တကယ်တမ်း ဘာမှမပတ်သက်ဘူး..'

'ဒက်ဒီက ဒီလိုကောင်ကို ကျောက်စိမ်းလုပ်ငန်းကြီးတစ်ခုလုံး ထိုးကျွေးပစ်ရတယ်လို့...'

စျာန်ရဲ ယူကျုံးမရ နှမြောတသ ညည်းလိုက်ပြီးမှ..

'ခဏနေဦး ကိုကျော်စွာ.. 3:40မိနစ်မှာ နေစက်ကွင်းရဲ့ကားထဲက လူကိုပြန်ပြပါဦး..'

စျာန်ရဲ Video fileကိုပြန်ရစ်၍ ကားထဲကလူကို zoomဆွဲကြည့်သည်။

'ဒီလူက ခုနက ခင်ဗျားပြတဲ့ကွန်တိန်နာကားသမားမဟုတ်လား..'

ဦးလင်းမာန်နှင့်ကိုကျော်စွာ စျာန်ရဲပြသည့်ပုံကိုလိုက်ကြည့်မိသည်။

'အဲဒီ့လူမျက်နှာက သိပ်မသဲကွဲဘူး၊ ကိုစျာန်ရဲအမြင်မှားတာပဲဖြစ်ရမယ်.. အခုကားထဲကလူက စင်ထရယ်ကလပ်ထဲကနေ ထွက်လာတဲ့ဆယ်မိနစ်အတွင်း ကွန်တိန်နာကားပြောင်းစီးပြီး ဥက္ကဋ္ဌကားကိုတိုက်ချဖို့မဖြစ်နိုင်ဘူး၊ ဥက္ကဋ္ဌကား ဘရိတ်ပေါက်နေတဲ့အချက်ကိုလည်းမေ့ထားလို့မရဘူး၊ ပြီးတော့ ကျွန်တော်တို့ ဖမ်းဆီးထိန်းသိမ်းထားတဲ့ကွန်တိန်နာကားသမားရဲ့ထွက်ဆိုချက်ကိုလည်း ယူပြီးပြီ...'

'ဘရိတ်က ဘာဖြစ်လို့ပေါက်ရတာလဲကွာ .. ကျွန်တော်ကတော့ ဒီကိစ္စ သွေးရိုးသားရိုးမဖြစ်နိုင်မှန်း သိကိုသိနေတယ်၊ ခင်ဗျားတတ်နိုင်တာကရော ဒါပဲလား ကိုကျော်စွာ..'

'အဲဒါကတော့ ဥက္ကဋ္ဌရဲ့ကားဒရိုင်ဘာ အလောင်းကိုပဲသွားမေးမှ သိရမှာပဲ.. ကျွန်တော်တို့ဘက်ကတော့ တရားခံကိုမိပြီမို့လို့ သူ့ထွက်ဆိုချက်တွေကို ခုံရုံးတင် စီရင်ချက်ချပြီး အမှုပိတ်လိုက်ဖို့ပဲကျန်တော့တယ်...'

ကိုကျော်စွာက စျာန်ရဲမေးပေါက်ကိုမနှစ်မြို့သည့်ပုံစံနှင့်တစ်ချက်ကြည့်ပြီး စကားကုန်ပြောသည်။

'ဒါ တရားမျှတမှုမဟုတ်ဘူးလေ ကိုကျော်စွာ၊ ကျွန်တော်တို့ဘက်က ဒက်ဒီ့အသက်ကို မီလိုက်ရုံလေးနဲ့ ဂုဏ်သိက္ခာတွေရော အကျိုးအမြတ်တွေအားလုံးရော ဆုံးရှုံးရတာ...'

'Royalလိုစီးပွားရေးလုပ်ငန်းစုကြီးရဲ့အရှိန်အဝါနဲ့ဆို တရားမျှတမှုကိုကြိုက်တဲ့နေရာမှာ သွားရှာလို့ရတယ်...ကျွန်တော့်ကိုခွင့်ပြုပါဦး..'

ကိုကျော်စွာ ထွက်သွားတော့ စျာန်ရဲ အံကြိတ်လက်သီးဆုပ်လျက် အသက်ရှူပြင်းနေ၏။

'လွန်ခဲ့တဲ့ ရှစ်နှစ်က အစ်ကို့သေဆုံးမှုကိုလည်း မတော်တဆမှုဆိုပြီး အမှုပိတ်ပစ်ခဲ့တာ အဲဒီ့ရဲတွေပဲ ...ဒက်ဒီ့ကိစ္စကိုတော့ ဒီလောက်နဲ့ရပ်တန့်ပစ်မှာမဟုတ်ဘူး .. ကျွန်တော်ကတော့ ဆက်ပြီးစုံစမ်းရမှာပဲဦးလင်း...'

သူတို့ပြောနေဆဲမှာ စောစောက ဝန်ထမ်းလေး ထပ်ရောက်လာပြန်သည်။

'Boss...ဧည့်သည်တွေထပ်ရောက်နေပါတယ်.. ကိုနေစက်ကွင်းရဲ့ အမှုဆောင်ရှေ့နေတွေလို့ပြောပါတယ်..'

'ဘာ...'

ဘာ သံက ကျယ်သွားသဖြင့် ထိုဝန်ထမ်းလေးလန့်သွားပုံရသည်။ ခေါင်းငုံ့ထားရင်း ကုပ်ကုပ်လေးရပ်နေရှာ၏။ ဒီတစ်ခါတော့ စျာန်ရဲကိုယ်တိုင် ထိုဧည့်သည်တွေကို အပြင်ထွက်တွေ့သည်။

'အန်ကယ်တို့ လာတွေ့ရတဲ့အကြောင်းရင်းကိုပြောပါ..'

ကောင်းသောတွေ့ဆုံခြင်းမဟုတ်သဖြင့် လိုရင်းကိုပဲမေးပြီး ဖော်ရွေဧည့်ခံဖို့လည်း မတွေးမိ။ ရှေ့နေနှစ်ယောက်ထဲမှတစ်ယောက်က သူ့အိတ်ထဲက စာချုပ်တစ်စောင်ထုတ်ပြကာ..

'Royal Groupရဲ့ ဥက္ကဋ္ဌနဲ့ မောင်နေစက်ကွင်း အပေးအယူလုပ်ထားတဲ့စာချုပ်အတိုင်း Royal Groupပိုင် ကျောက်စိမ်းမြေလုပ်ငန်းစုအားလုံးကို တရားဝင်လွှဲယူလိုက်ပြီဖြစ်တဲ့အကြောင်း လာအသိပေးတာပါ၊ ကျောက်စိမ်းလုပ်ငန်းစုအားလုံးဟာ Royalနဲ့ လုံးဝမသက်ဆိုင်တော့တဲ့အကြောင်းလည်း အမှာစကားပါးလိုက်ပါတယ်၊ ဥက္ကဋ္ဌရဲ့လက်မှတ်ရပြီးသားမို့ မောင်စျာန်ရဲတိုက်အနေနဲ့ ဒါကို နားလည်လက်ခံလိမ့်မယ်လို့ထင်ပါတယ်...'

ရှေ့နေတွေက သူတို့ချည်းပဲ ပြောချသွားကာ သူ ဘာမှပြန်မချေပနိုင်သေးခင်မှာပဲ ထပြန်သွားကြသည်။ စျာန်ရဲ ပြတင်းလိုက်ကာစကို ဆွဲဆုပ်၍ အံကြိတ်ထားမိဆဲမှာပဲ ဘောင်းဘီအိတ်ထဲမှဖုန်းသံမြည်လာ၏။ Unknown numberဖြစ်နေသည်မို့ မျက်ခုံးတွန့်သွားပြီးမှ..

''ဟဲလို...'

'ငါ့ရှေ့နေတွေနဲ့ တွေ့ပြီးပြီထင်တယ်...'

တစ်ဖက်မှစကားသံကြောင့် ဖုန်းနံပါတ်ကိုပြန်ကြည့်မိသွားသည်။

'မင်း...နေစက်ကွင်း...'

'အဟက်...အသံနားထောင်ကြည့်ရတာတော့ အတော်မီးမြင့်နေပုံပဲ.. လုပ်ငန်းတွေပါသွားပြီဆိုပြီး နှမြောနေတာလား၊ ရင်ထုနေတာလား...'

ရိထေ့ထေ့မေးသံကြောင့် စျာန်ရဲဒေါသတွေပို၍ ရုန်းကြွလာသည်။

'ကျောက်စိမ်းလုပ်ငန်းစုလေးကို အလောင်းအစားလုပ်ပြီး သိမ်းလိုက်နိုင်ရုံနဲ့ မင်း လာပြီးမကြွေးကြော်စမ်းပါနဲ့ နေစက်ကွင်း... မင်းလို ကလေကချေ သောက်ဆင့်မရှိတဲ့ကောင်က အဲဒီ့လုပ်ငန်းကိုဘယ်လောက်ကိုင်တွယ်တတ်မှာမို့လို့လဲ..'

'မင်းအဖေလို လူဆီက ပွဲ၃ပွဲနဲ့အပြတ်သိမ်းခဲ့တဲ့ကောင်ပါ...'

'မင်း ဒါတွေကို ကလိမ်စေ့ငြမ်းဆင်ပြီး သိမ်းယူထားတာနော်...ကြံဖန်ပြီးဂုဏ်ယူမနေနဲ့..'

'ဘယ်လိုသိမ်းယူ သိမ်းယူ ရအောင်ယူနိုင်တာကိုက ငါ့ရဲ့အရည်အချင်းပဲလေ.. Royalဥက္ကဋ္ဌကြီးကလည်း ငါးစာလေးချလိုက်တာနဲ့ အဆင်ခြင်မဲ့ ထိုးကျွေးတာ ခံပေါ့..ဘာမတရားတာရှိသလဲ...ငါ ကလိမ်ကကျစ်ကျတယ်ဆိုတာ မင်းတို့သားအဖတွေကိုမမီသေးပါဘူး..'

နေစက်ကွင်း၏စကားကြောင့် စျာန်ရဲ တက်ခေါက်မိတော့မတတ်ဖြစ်သွားသည်။

'ငါ့အဖေကို လုပ်ကြံတဲ့အမှုမှာ မင်းစနက်မကင်းဘူးဆိုတာ ငါသိတယ်နေစက်ကွင်း.. '

'သိတော့ရော မင်းဘာလုပ်နိုင်လို့လဲ.. ကုန်သည်ပွဲတော်ညက လောင်းကြေးရှုံးလို့ အုပ်စုနဲ့မိုက်ကြေးခွဲ ငွေပြန်ညှစ်တဲ့ကောင်ရဲ့ဦးနှောက်က Royal Groupကြီးကိုဦးစီးဖို့မပြောနဲ့၊ အဖေ့အမှုကိုတောင် ရအောင်ဖော်ထုတ်နိုင်စွမ်းရှိပါ့မလား၊ ငါ စေတနာနဲ့အကြံတစ်ခုပေးမယ်ကွာ.. မင်းအဖေကိစ္စရော Royalကိုရော လက်လျှော့ပြီး အေးဆေး ဘိလိယက်ထိုးနေလိုက် ၊ အချိန်တန်ရင် Royalက အစအနမကျန်ပြိုလဲမှာပဲကို မင်း အလကားသက်သက် ပင်ပန်းမှာစိုးလို့...'

'ဟေ့ကောင်..မင်းလိုအောက်တန်းစားအဆင့်နဲ့ ငါ့ကို လာခြိမ်းခြောက်မနေနဲ့..'

'ခြိမ်းခြောက်နေတာမဟုတ်ဘူး၊ မင်းကို အထက်စီးကနေ ရာဇသံပေးနေတာ..'

သူ ပြန်ပြောဖို့ပါးစပ်ပြင်ဆဲမှာ ဖုန်းချသွားသဖြင့် မချင့်မရဲဒေါသတွေနှင့် ဖုန်းပြန်ခေါ်လျှင် ဖုန်းက 'ဆက်သွယ်၍ မရနိုင်ပါ'ဟုဆို၏။

'တောက်! ခွေးသူတောင်းစား...ငါနဲ့တွေ့ရင် မင်းအထက်ကပြုတ်ကျပြီး ဇက်ကျိုးသေပြီသာမှတ်...'

☀️The Will Of The Heart🌻Where stories live. Discover now