🌻အခန်း(၃၅)🌻

29.6K 788 94
                                    



'တွေ့ရတာ ဝမ်းသာပါတယ် ဂျိုးဆပ်ဂျေဒင်...'

ဈာန်ရဲက ထိုင်း-ကရင် ကပြားလူမျိုး ဂျိုးဆပ်ဂျေဒင်ကို လက်ဆွဲနှုတ်ဆက်သည်။ ထိုင်း-ကရင် ကပြားဆိုပေမဲ့ ဒီလူက အနောက်တိုင်းသားရုပ်ပေါက်နေပြီး နာမည်ကအစ ဘိုဆန်နေသည်။

'ငါ့ကိုတွေ့ချင်ရတဲ့အကြောင်းရင်း ပြောပါ...'

'နေစက်ကွင်းကြောင့်ပါ...'

လိုရင်းပဲပြောတော့ ဂျေဒင် မျက်ခုံးပင့်၍ ခေါင်းတဆတ်ဆတ်ညိတ်သည်။

'မင်းလည်း သူ့ရန်သူစာရင်းဝင်ပဲကိုး... မင်းနဲ့ဘာရန်ငြှိုးရှိသလဲ.. မင်း သူ့အကြောင်းဘယ်လောက်သိထားလဲ..'

'ရွှေတြိဂံဒေသရဲ့အာဏာအရှိဆုံး Sun Empireရဲ့ဘုရင်.. အမှောင်ခြမ်းမှာ အင်အားကြီးပြီး မာယာပရိယာယ်များတဲ့သူ.. သွေးအေးရက်စက်တတ်တဲ့သူ...ဒါ ကျွန်တော်ကြုံဖူးကြားဖူးထားတာတွေပေါ့... လူကိုယ်တိုင်လည်း သူ့လက်နဲ့သေမလိုဖြစ်ခဲ့ဖူးတယ်..ကျွန်တော့်အစ်ကိုက သူ့လက်ချက်နဲ့ဆုံးသွားခဲ့ပြီး ကျွန်တော့်အဖေကလည်း သူလုပ်ကြံလို့ ဆေးရုံမှာမြောနေတုန်းပဲ...'

'ငါနဲ့အဖြစ်ချင်းတူနေတာပဲ.. ငါ့ညီနဲ့ငါ့လူယုံကို ဒီကောင် လက်စတုံးလိုက်တာ.. အဲဒါကြောင့် သွေးကြွေးပြန်ယူဖို့ ငါမြန်မာပြည်ထဲ ပြန်လာခဲ့တာပဲ.. ငါ ဒီနိုင်ငံထဲရောက်နေပြီမှန်း ဒီကောင်မသိနိုင်သေးဘူး၊ သူက ငါတို့သိထားတာထက်ပိုပြီး ကောက်ကျစ်ဉာဏ်များတဲ့ကောင်ပဲ.. ငါသူ့ကို ငါ့လက်နဲ့အဆုံးသတ်ပေးမှာ.. မင်းလည်း ငါနဲ့ပူးပေါင်းချင်တယ်ဆိုရင်တော့ ငါ့စီစဥ်ညွှန်ကြားချက်အတိုင်း လိုက်နာရမှာပဲ...'

'စိတ်ချပါ...ခင်ဗျား ဘာခိုင်းခိုင်း ကျွန်တော်လုပ်ပါ့မယ်...'

ဈာန်ရဲ ခေါင်းညိတ်သတိပေးလျှင် ဂျေဒင် ကျေနပ်သွားပုံဖြင့် ခပ်မိန့်မိန့်ပြုံး၏။ သူ ဂျေဒင်နှင့်လမ်းခွဲပြီးနောက်မှာ ဒက်ဒီ့ဆီသွားဖို့သတိရကာ ဆေးရုံသို့တိုက်ရိုက်မောင်းခဲ့သည်။ ဒက်ဒီ့အခြေအနေက အရင်ကထက်စာလျှင် ပိုကောင်းလာပြီဖြစ်၏။ အသက်ပုံမှန်ရှူနိုင်လာပြီး ကြွက်သားလှုံ့ဆော်မှုတွေ ပြန်ရလာပြီ။ သူ ဒက်ဒီ့ကို အခြေအနေကောင်းသည်အထိကုစားရင်း ၂၀၀၇ခုနှစ်က ဘယ်လိုကိစ္စတွေဖြစ်ပျက်ခဲ့သလဲ ဆိုတာထိ မေးချင်နေသည်။

နေစက်ကွင်း အငြှိုးတကြီးတိုက်ခိုက်နေရသည့်အကြောင်းရင်းက ဘာများလဲ..။
တွေးရင်းတောရင်း ဓာတ်လှေကားခလုတ်ဖွင့်လိုက်လျှင် လျှာထိုးဦးထုပ်ခပ်ငိုက်ငိုက်ဆောင်းထားသူနှင့်အတည့်တိုးသည်။ ထိုလူကိုမြင်တော့ အထဲမဝင်ဖြစ်သေးဘဲ ခဏကြောင်ငေးသွားစဥ် သူ့ပခုံးကိုတိုးတိုက်၍ ထွက်သွားမှ သတိဝင်လာ၏။

'နေစက်ကွင်း...'

အလောတကြီးခေါ်၍ ဓာတ်လှေကားထဲ ပြန်မဝင်ဖြစ်တော့ဘဲ နေစက်ကွင်းနောက်သို့ဒရောသောပါး ပြေးလိုက်ခဲ့သည်။ နေစက်ကွင်းက လှေကားအတိုင်းမဆင်းဘဲ လက်ရန်းတွေ၊ ဝရန်တာတွေထက်မှ ကျော်လွှားခုန်ဆင်းသွားသဖြင့် သူ လှေကားထစ်များအတိုင်း အားသွန်ခွန်စိုက်ပြေးလာမှ မီလုမီခင်ဖြစ်လာသည်။

'နေစက်ကွင်း...'

စက်က ခပ်လှမ်းလှမ်းသပြေပင်ရိပ်နားရောက်မှ ဘောင်းဘီအိတ်ထဲလက်ထိုး၍ ခပ်တောင့်တောင့်ရပ်နေသည်။ ဈာန်ရဲ အမောတကော ပြေးလိုက်ခဲ့ပြီး စက်နှင့်မျက်နှာချင်းဆိုင်မှာ ​ကိုယ်ရှိန်သတ်၍ ခြေလှမ်းရပ်လိုက်၏။

'မင်း ဒီကိုဘာလာလုပ်တာလဲ...'

အံကြိတ်သံနှင့်ကပ်မေးလျှင် စက်က ပခုံးတစ်ချက်တွန့်၏။

'ဘာလာလုပ်တယ်လို့ထင်လဲ...'

'တစ်ခုခုယုတ်မာဖို့လာတာမှန်း ငါသိတယ်...'

'ပြေးလိုက်တဲ့ခေါင်း...'

ခနဲ့ပြုံးတစ်ချက်နှင့်လှောင်၍ ဟက်ခနဲရယ်၏။

'မင်း ငါ့ဆီပြေးလာနိုင်သလောက်သာ ဦးနှောက်ပြေးခဲ့မယ်ဆိုရင် Royalလည်း ဒီလောက်အခြေအနေဆိုးမှာမဟုတ်ဘူး၊ တကယ်တမ်း မင်းက လောင်းကစားပွဲမှာ အုပ်စုလိုက်မိုက်ကြေးခွဲဖို့ကလွဲရင် ဘာကိုမှမသိနားမလည်၊ ဘာအရည်အချင်းမှမရှိတဲ့ သောက်ပေါတစ်ကောင်ပဲ ...'

စက်က ပေါ်တင်ပဲ ဖဲ့သည်။ ဈာန်ရဲ မခံချိမခံသာဖြစ်လျက် မျက်နှာနီသွား၏။ သို့ပေမဲ့ မာန်တင်း၍ အံကြိတ်ရင်း...

'မင်း သောက်ပေါလို့မြင်နေတဲ့ငါက မင်းကို ရအောင်သတ်မှာ..မင်း ငါ့အစ်ကိုနဲ့ဒက်ဒီ့ကိုလုပ်ခဲ့တာတွေအတွက် ပြန်ပေးဆပ်ရမယ်...'

'ဟား ဟား ဟား...'

စက်က သွားတန်းတွေပေါ်သည်အထိ ခေါင်းမော့ရယ်သည်။ ရယ်သံက ပိုကျယ်လာကာ ထိုရယ်သံကြောင့် ဈာန်ရဲ ကြိတ်မနိုင်ခဲမရ လက်သီးဆုပ်မိပြန်သည်။

'အကြွေးပြန်ယူရမှာက ငါပါ..ပြောင်းပြန်တွေ​ပြောနေတယ်ဈာန်ရဲတိုက်.. ပြန်ပေးဆပ်ရမှာ မင်းတို့သားအဖတွေပဲ.. မင်းကငါ့ကို သတ်မယ်ပေါ့.. မင်း ငါ့ကို သတ်ဖို့ ဘယ်သူ့ကိုပြေးကပ်ခယလိုက်တာလဲ ဆိတ်ဘောလိုကောင်.. သူများကိုအားကိုးပြီး အမှီသဟဲလုပ်ချင်နေတဲ့သောက်ကျင့်နဲ့ ငါ့ကိုအဲဒီ့စကားပြောရဲတယ် ..မင်းမရှက်ဘူးလား ဟမ်..မင်းအမေ မင်းကိုမွေးတုန်းက ချက်ကြိုးနဲ့ရှက်ကြောမှားဖြတ်ပေးလိုက်တာလား..'

'ဟေ့ကောင်..'

ဈာန်ရဲမျက်နှာကြီး ရှက်စိတ်ကြောင့် နီရဲသွားကာ သူ့ကိုလက်သီးနှင့်​ဆင့်ထိုးသည်။ သူက ကိုယ်ကိုယိမ်း၍ ရှောင်လိုက်ပြီး ထိုလက်ကို နောက်ပြန်လိမ်ချုပ်ပစ်သည်။

'ငါမင်းကို သေဘေးက လွှတ်ပေးခဲ့တာ မကြာသေးဘူးနော်.. မင်းလိုကောင်ကို ခုချက်ချင်း လက်စတုံးပစ်လို့ရတယ်..ကိုယ့်အဆင့်ကိုယ်သိစမ်းပါ..'

ဈာန်ရဲမျက်နှာ ရှုံ့မဲ့လျက် လက်တွေဆွဲမရလှုပ်မရနှင့် မချိမဆံ့ဖြစ်နေသည်။

'မင်း ယူမယ့်အကြွေး အ ..အကြွေးက ဘာလဲ..ပြောစမ်းပါ.. ငါ့မိသားစုကို ဘာလို့အဲ့လောက်ဒုက္ခပေးနေရတာလဲ အား ..မိစ္ဆာကောင်...'

ဈာန်ရဲ နာကျင်နေသည့်ကြားမှ သိလိုသည့်အကြောင်းအရာကို ကသောကမျောမေးသည်။ စက်က မြဲမြံစွာ ဖိချုပ်ထားရင်း..

'မင်းအဖေက ဝိသမလောဘနဲ့ရပိုင်ခွင့်လိုချင်လို့ ငါ့ရဲ့ဒုတိယမိဘတွေကိုသတ်ခဲ့တယ်.. Royal Groupဖြစ်မလာခင် သင်္ခယာကုမ္ပဏီကို အကောက်ကြံလီဆယ်ရယူပြီး ဒေဝါလီခံရတဲ့အထိပါ လုပ်ခဲ့တာ .. မင်းအဖေယုတ်မာလို့တစ်မိသားစုလုံး ဘဝပျက်ပြီး သူတို့ကလေး အသက်ဆက်ရှင်ဖို့မနည်းကုစားခဲ့ရတာ.. ငါ တန်ဖိုးထား တွယ်တာရတဲ့ ငါ့မိသားစု၊ ငါ့ကမ္ဘာက မင်းအဖေကြောင့် ကမောက်ကမဖြစ်ခဲ့ရတာ.. ငါရူးမတတ်ခံစားခဲ့ရတဲ့စိတ်ဒဏ်ရာတွေ၊ နာကြည်းမှုတွေ၊ အမျက်ဒေါသတွေက မင်းတို့တစ်မိသားစုလုံးအသက်ကိုအလိုက်ပေးအမ်းရင်တောင် ကျေအေးနိုင်မှာမဟုတ်ဘူး.. Royal Groupကြီးပြိုကွဲသွားတဲ့တစ်နေ့ မင်းကိုလည်း ချမ်းသာမပေးဘူး..'

☀️The Will Of The Heart🌻Where stories live. Discover now