'ဘာဆက်လုပ်သင့်သလဲ..'
မေးစေ့ကိုပွတ်၍ မေးနေပုံက ဝါရင့်သမ္ဘာရင့် ကစားသမားကြီးတစ်ဦးနှယ်ပင်။
'ဘာဆက်လုပ်သင့်သလဲဆိုတော့ အခုချက်ချင်း ကျုပ်အတွက် ကော်ဖီဖျော်လာပေးသင့်တယ်...'
စက်က စီးကရက်တစ်ဝက်မကျိုးသေးဘဲ စားပွဲစောင်းမှာ ထိုးချေပစ်သည်။ မြို့ပြင်ဘက် အုန်းပင်တန်းက 'ဂါမဏိ' ကော်ဖီဆိုင်မှာ ဆိုင်ရှင် လူဝကြီးနှင့် သူရယ်၊ စားပွဲထိုးတစ်ယောက်ရယ်ပဲ ရှိလျက် ကန်စတန်မာဟူ၍ စက်တစ်ယောက်တည်းသာဖြစ်ကာ လူရှင်းနေသည်။
'နေပါဦးလေ.. ဒီတစ်ပွဲပြီးအောင် ဆက်ကစား...'
'No... ဒီတစ်ပွဲ ဒီတစ်ပွဲနဲ့ ပွဲတိုင်းရှုံးနေတာ မရှက်သေးဘူးလား၊ ခင်ဗျား ရှက်ကြောပြတ်တာ အသာထားဦး..ကျုပ်ကစားလာတဲ့ပွဲတိုင်း ခင်ဗျားလောက်စိတ်ကုန်ဖို့ကောင်းတဲ့ပါတနာ မတွေ့ဖူးသေးဘူး ဂါမဏိ.. ကျုပ်ရဲ့တန်ဖိုးရှိတဲ့အချိန်တွေကို ကော်ဖီတစ်ခွက်နဲ့လျော်ကြေးပြန်ပေး...'
သူ့စကားကြောင့် ဂါမဏိဆိုသည့် တရုတ်လူဝကြီးက အောင့်သက်သက်မျက်နှာပေးနှင့်ထရပ်သည်။
'ပညာရှင်အဆင့်နဲ့ပညာသင်အဆင့် ကွာဟချက်တော့ရှိမှာပေါ့ စက်ကွင်းရာ...ပါတနာကိုစိတ်မရှည်တဲ့ကစားသမားမျိုးလည်း မင်းတစ်ယောက်ပဲ ငါတွေ့ဖူးသေးတယ်..အသာရဖို့ အနာခံကစားတာ စစ်တုရင်ထုံးစံပဲမဟုတ်လား...ငါက အသာစီးရဖို့ အနာခံနေတာပါကွ...'
'စာသံပေသံတွေ ပါလာပြန်ပြီ...'
စက်က နှုတ်ခမ်းမဲ့ရင်း လက်ကာပြသည်။
ဂါမဏိက ဒီလိုနေရာမှာသာ တုံးတာ..ကော်ဖီဖျော်တဲ့နေရာမှာတော့ ဆရာကျလို့ မင်း ငါ့ဆိုင်ကိုပဲတကူးတက လာသောက်နေရတာမဟုတ်လား...'
ဂါမဏိက မြန်မာစကားရေလည်စွာပြောတတ်ပြီး စကားလည်းကြွယ်သည်။ စာပေကျမ်းဂန်နှံ့စပ်ကျွမ်းကျင်သူဖြစ်၍ သူလေ့လာလိုက်စားထားသမျှ ဗဟုသုတ အဖုံဖုံကို စက်နှင့် စကားစပ်မိတိုင်း ပြန်မျှဝေလေ့ရှိ၏။ စက်က ဂါမဏိစကားတိုင်းကို မညည်းမညူနားထောင်နိုင်သော်လည်း စစ်တုရင်ကစားပြီဆိုလျှင်တော့ ဂါမဏိက သူ နားရင်းထတီးချင်လောက်အောင် တုံးလေသည်။
![](https://img.wattpad.com/cover/339395458-288-k8468.jpg)
YOU ARE READING
☀️The Will Of The Heart🌻
Romanceဘုရားက ငါ့ကိုကောင်းချီးတစ်ခုပေးတယ်.. နေရဲ့စက်ကွင်းထဲမှာ နေကြာတွေ အဆုံးမဲ့ပွင့်စေ..တဲ့... ငါ့လက်တစ်ဖက်က သွေးစွန်းနေရင်တောင် ကျန်လက်တစ်ဖက်ထဲမှာ အလှပဆုံးနေကြာတစ်ပွင့် ခမ်းနားစွာပွင့်လန်းနေလိမ့်မယ်...🌻 နေစ...