🌻အခန်း(၁၂)🌻

22.9K 619 34
                                    

'အဖြူ...'

'အနက်...'

ဘူးထဲမှာ ခလောက်ဆန်နေသည့် မဲလိပ်တွေကို မျက်စိမှိတ်​ခန့်မှန်း၍ မဲဘူးဖွင့်ကြည့်လိုက်လျှင်...

'ဟာ...အနက်တဲ့လား..'

ပေါလောပေါ်နေသည့် အနက်ရောင် မဲလိပ်လေးကြောင့် နေ နှုတ်ခမ်းစူခြေဆောင့်တော့သည်။

'ကင်း..နင် မဲလိပ်လဲလိုက်တာမို့လား..'
ကင်းကိုလည်း မျက်ခုံးတွန့်လေးနှင့်မှုန်ကုပ်ကုပ်ကြည့်သည်။ ကင်းက ညစ်ကျယ်ကျယ်ပြုံး၍ ပဝါစကိုမြှောက်လိုက်ကာ..
'မဲလိပ်ချင်းလဲဖို့ဆို မဲဘူးကိုဖွင့်မှရမှာပေါ့ နေရာ...သူ့ဘာသာ အနက်ကျတာတော့မတတ်နိုင်ဘူး၊ နင် ခွေးရူးဖြစ်ပြီ..ဟိုဘက်လှည့်..'

နေ့ပခုံးလေးကို သူကိုယ်တိုင်ဆွဲလှည့်ကာ မျက်လုံးများကို ပဝါစည်းပေး၏။ နေက စူပုပ်ပုပ်မျက်နှာလေးနှင့် ပါးစပ်ကလည်း ဘာတွေပွစိပွစိပြောနေမှန်းမသိ။

'နှုတ်ခမ်းစူထားတာ ဝမ်းဘဲကျနေတာပဲ... တစ်ကနေ တစ်ဆယ်ထိရေထားနော်..အချိန်မပြည့်သေးဘဲ ပဝါဖြည်ရင် အရှုံး..'

ပဝါစည်းပေးပြီးသည်နှင့် ကင်းအသံက ဝေး၍ဝေး၍ သွားတော့သည်။

'တစ်...
နှစ်...
သုံး...
ဂဏန်းစဥ်လိုက်ရေနေရင်း အချိန်ပြည့်သွားတော့ ပဝါဖြည်၍ ကင်းကိုလိုက်ရှာသည်။ တူတူပုန်းတမ်းကစားတိုင်း နေ ကင်းကိုဘယ်တော့မှနိုင်ခဲ့သည်မရှိ၊ ဘင်ဂို၊အူဒို ဆော့လည်း ရှုံးသည်။ ကင်းက လူလည်ကျတတ်သလောက် ပါးနပ်သည်။ ကစားပြီဆိုလျှင် ဘယ်တုန်းကမှ အလျှော့မပေးတတ်ခဲ့တာ ကင်းအကျင့်ဖြစ်၏။
အခုလို တူတူပုန်းတမ်းဆော့ကြတိုင်း နေသာလျှင် လိုက်ရှာသူဖြစ်၍ ကင်းက နေ မခန့်မှန်းနိုင်သည့်နေရာတွေထိ ရောက်နေတတ်ပြန်သည်။
အိမ်ထဲမှာ၊ ခြံထဲမှာ၊ သစ်ပင်တွေပေါ်မှာ နေရာအနှံ့လိုက်ရှာသော်လည်း မတွေ့။ နေ လိုက်ရှာနေတာကိုလည်း ကင်း မြင်သိနေလိမ့်မည်။
'ဘယ်တွေထိ သွားပုန်းနေပြန်ပြီလဲကင်းရယ်..ငါ မရှာတတ်တဲ့နေရာတွေပဲ ရောက်နေတာထင်တယ်၊ အဲဒါကြောင့် နင်နဲ့မဆော့ချင်တာပဲ..'

နေ ဂါဝန်စလေးတဝဲဝဲနှင့် ပြေးလွှားရှာဖွေနေတာကို စိန်ပန်းပြာပင်၏သစ်ကိုင်းခွကြားထိုင်၍ လှမ်းကြည့်နေသူက ကင်း။ သူ့လက်ထဲမှာ မက်ဆီကန်နေကြာတွေကို နွယ်ကြိုးအသေးလေးနှင့်ရစ်ပတ်အလှဆင်နေကာ ပန်းခွေလေး ရသွားတော့ ပြုံးလိုက်၏။

ဒီလောက်ဆို နေလည်း မောရှာပြီထင်သည်။ သူ နေကြာပန်းခွေလေးကို တယုတယပိုက်၍ ပြန်ဆင်းဖို့ဟန်ပြင်စဥ် နေက သူရှိနေသည့် စိန်ပန်းပြာပင်အောက်သို့ရောက်လာသဖြင့် ကင်း သစ်ကိုင်းခွကြားမှာ ရပ်နေရပြန်သည်။
'ကင်းစုတ် ကင်းပဲ့.. ဘယ်တွေထိသွားပုန်းနေတာလဲမသိဘူး၊ တော်ပြီ မရှာတော့ဘူး..'

နေတစ်ယောက်တည်း ပွစိပွစိရေရွတ်ရင်း ဂါဝန်လေးကိုစုပုံကာ စိန်ပန်းပင်ရင်းမှာ ဒူးနှစ်ဖက်လက်ပိုက်၍ ထိုင်ချသည်။ မြက်ခင်းပေါ်က တုတ်ချောင်းယူ၍ မြေကြီးပေါ်မှာ ဘာစာတွေချရေးနေမှန်းမသိ။
ကင်း ထိုစာတွေကို အပင်ပေါ်မှ လှမ်းကြည့်ဖို့ အားယူလိုက်ရာ သူ နင်းတက်မိသည့်သစ်ကိုင်းက ဖျောင်းခနဲ ကျိုးသွား၏။ သစ်ကိုင်းကျိုးသံကြောင့် နေ အပင်ပေါ် မော့ကြည့်လာကာ စိန်ပန်းပြာတွေကြွေကျနေသည့်ကြားမှ ကင်းကို မြင်သွားသည်။

'ဟယ် ကင်း...နင်က ဒီအပင်ပေါ်မှာ..'

နေ ချက်ချင်း ထရပ်၍ တအံ့တသြ လက်ညှိုးထိုးနေလျှင် ကင်းက စိန်ပန်းပြာတွေ ဝေဆာနေသည့်သစ်ကိုင်းကိုလှုပ်ချသည်။ အပွင့်တွေ တဖွားဖွားကြွေကျလာတော့ နေ မျက်တောင်လေး ပုတ်ခတ်ပုတ်ခတ်နှင့် ဂါဝန်လေးကိုခါချ၏။

'ကင်းရယ်...ငါနင့်ကိုဘယ်လောက်ထိ လိုက်ရှာနေလဲ သိရဲ့လား..အဲဒီ့အပင်ပေါ်ကနေ ဆင်းခဲ့တော့လေ..'
နေက လက်ယပ်ခေါ်သည်။

'ဆင်းခဲ့မယ်...မျက်လုံးခဏမှိတ်ထား..'

'လုပ်ပြန်ပြီကင်းရယ်.. ဘယ်မှာထပ်ပုန်းဦးမလို့လဲ..ဒီတစ်ခါဆို ငါ လိုက်မရှာတော့ဘူးနော်...'

'ခဏလေးပါကွာ.. ထပ်မပုန်းတော့ပါဘူး..'
နေ မျက်လုံးလေးမှိတ်ထားလျှင် ကင်းက ပန်းခွေလေးကို လက်လျှို၍ အပင်ပေါ်မှဆင်းလာ၏။ မြေပေါ် ခြေချမိမှ လက်ထဲကပန်းခွေလေးကို နေ့ခေါင်းပေါ်တင်ပေးသည်။

'ကဲ...ရပြီ၊ မျက်လုံးဖွင့်တော့..'
နေ မျက်လုံးပွင့်လာကာ ခေါင်းပေါ်က အရာကို လက်နှင့်အသာစမ်းကြည့်သည်။

'ငါ့ခေါင်းပေါ် ဘာတင်လိုက်တာလဲ ကင်း...'

'ငါ ပြမယ် လာ..'

ကင်းက နေ့ကို မလှမ်းမကမ်းက ရေကန်ငယ်လေးဆီ ခေါ်သွားကာ ရေထဲကိုလက်ညှိုးထိုးပြသည်။ နေ ရေကန်ထဲ ငုံ့ကြည့်၍ မျက်လုံးလေးဝိုင်းနေကာ..

'ဟယ် နေကြာပန်းခွေလေး...'

'ငါလုပ်ထားတာ ကြိုက်ရဲ့လား...'

☀️The Will Of The Heart🌻Where stories live. Discover now