🌻အခန်း(၁၇)🌻

22.8K 710 79
                                    


'ရော့...ချက်ခ်လက်မှတ်...မင်းအတွက် ရာမရဲ့ကားရှိုးရွန်းမှာ ကားတစ်စီးလည်း စီစဥ်ထားပြီးသား..ဒီကပြန်ရင်သွားယူလိုက်၊ နောက်ဘာလိုသေးလဲ မင်းရဲ..'

မင်းရဲက သူကမ်းပေးသည့် အိတ်ကို တရိုတသေလှမ်းယူရင်း မျက်ရည်တွေဝေ့နေသည်။

'ကျေးဇူးပါပဲ Lord.. နောက်လည်း Lordလိုရင် အချိန်မရွေးပါပဲ..'

'အခုတော့ ကောင်းကောင်းအနားယူလိုက်ပါ၊ ရဲထွဋ် လွတ်ဖို့ ငါအာမခံတယ်...'

'ကျွန်တော်တို့က ကိုယ်တိုင် လုပ်ပေးခွင့်ရလို့ ကျေနပ်နေကြတာပါ Lord..Lord အစီအစဥ်တွေအောင်မြင်တဲ့အထိ ကျွန်တော်တို့Lordအမိန့်အတိုင်း တစ်သွေမတိမ်းလိုက်နာမှာပါ..'

မင်းရဲမျက်နှာမှာ သူ့ကို သစ္စာစောင့်သိကြောင်းယုံကြည်စေလိုသော အရိပ်များထင်ဟပ်နေ၏။

'အိုခေ... စကားမစပ် pomeranian ခွေးတစ်ကောင်လောက် တစ်ပတ်အတွင်း ရှာပေးစမ်းပါ၊ သေချာထရိန်းထားတာမျိုးလိုချင်တယ်...'

'ဟုတ်ကဲ့...ကျွန်တော်တစ်ပတ်အတွင်း ရအောင်ရှာပြီးလာပို့ပါ့မယ်Lord..'

မင်းရဲ သူ့ကိုနှုတ်ဆက်ပြီး ပြန်သွားလျှင် သူ ကားသော့ယူ၍ အပြင်ထွက်လာခဲ့သည်။

'မလာတာကြာပြီနော် ကိုစက်ကွင်း..'

အသောကလမ်းက တရုတ်ရိုးရာစားသောက်ဆိုင်သို့ ဝင်ခဲ့လျှင် သူ့အတွက် သီးသန့်အခန်းစီစဥ်ပေးနေကျ ၀ိတ်တာလေးက ဖော်ရွေစွာကြိုဆို၏။

'အင်း...မအားလို့လေ ..'

သူက ထို၀ိတ်တာလေး ကြိုတင်စီစဥ်ပေးထားသည့် အခန်းထဲမှာ စိမ်ပြေနပြေလက်ဖက်ရည်ကြမ်းသောက်ရင်း Chessထိုးနေသည်။
Chessထိုးရင်း ပြိုင်ဘက်၏ပျော့ကွက်ကို အေးဆေးစွာရှာဖွေရခြင်းလောက် စိတ်ဝင်စားဖို့ကောင်းတာမရှိနိုင်။

'ဒီပရောဂျက်အတွက် ကမ်းလှမ်းတာကို ကျွန်တော်တို့အရမ်းဝမ်းသာဂုဏ်ယူပါတယ်...'

'ကျွန်တော်တို့Apexကလည်း ရှေ့ဆက်ပြီး Royalနဲ့ယုံကြည်လက်တွဲသွားချင်ပါတယ် ..'

ဘေးအခန်းမှ စကားသံတို့ကို စားသောက်မပျက်နားစွင့်နေသည်။ သူ့ ipadထဲမှာလည်း ပုံရိပ်တွေက ကြည်လင်ပြတ်သားနေ၏။

'ဦးလင်း...ဒီဖိုင်ကိုသေချာသိမ်းထားပါ၊ ဒါ ပေါက်ကြားလို့မဖြစ်ဘူး... ပေါက်ကြားသွားရင် အကုန်cancelလုပ်ခံရလိမ့်မယ်၊ ကျွန်တော့်ဆီမှာ ထားတာထက် ဦးလင်းသိမ်းထားတာက ပိုပြီးလုံခြုံလိမ့်မယ်...'

'စိတ်ချပါ မောင်စျာန်၊ ဦးလင်း အိမ်ယူသွားလိုက်ပါ့မယ်..'

အခန်းထဲမှ ထွက်သွားကြသည့် ခြေသံတွေကိုကြားလိုက်ရပြီး သူ ipadကိုပိတ်လိုက်သည်။ ပြီးတော့ စစ်တုရင်ခုံပေါ်က နယ်ရုပ်ကလေးကိုရွှေ့လိုက်ရင်း မျက်နှာထက်မှာ ကျေနပ်ပြုံးတို့ ခိုတွဲနေခဲ့လျက် ...။
စျာန်ရဲတိုက်...မင်းကို ဒီ့ထက်ပိုပြီးခေါင်းပြေးလိမ့်မယ်ထင်ခဲ့တာ..။
သူ စိတ်ထဲမှ အားမလိုအားမရ ရေရွတ်မိစဥ် ဖုန်းမက်ဆေ့ချ် ဝင်လာသဖြင့် ဖွင့်ကြည့်လိုက်တော့ နေ့ဆီမှ...

'ပြန်မလာသေးဘူးလား... နင်မရှိတော့ ငါပျင်းတယ်' ဆိုပဲ။

အပျင်းပြေရအောင် သူ့ကိုပျော်တော်ဆက်များထင်နေသလားမသိ။ လူဆိုးမလေးက သူမက်ဆေ့ချ်ကြည့်နေဆဲမှာ ပြန် unsentလုပ်သွား၏။
သူ မက်ဆေ့ချ်ပြန်မပို့ဖြစ်တော့ဘဲ ဖုန်းနှင့်ipadကိုသိမ်း၍ ထရပ်သည်။ ထို့နောက် ၀ိတ်တာကိုခေါ်၍ ကျသင့်ငွေရှင်းပြီး နေ့ဆီ တိုက်ရိုက်ပြန်ခဲ့တော့သည်။

'သာသာ...နေရော..'

သူ အိမ်ရောက်ရောက်ချင်း နေ့ကိုတန်းမေးလျှင် ဒေါ်သာယာလွင်က စိန်တွေကိုအဏုကြည့်မှန်ဘီလူးနှင့်ကြည့်နေရာမှ မျက်နှာလှည့်လာသည်။

'ဟော...သား...အခုမှပဲ မျက်နှာမြင်ရတော့တယ်၊ မင်းညီမက သူ့အခန်းထဲမှာရှိတယ်...အပြင်ကိုတစ်ခါမှထွက်မလာဘူး...'

'သူလည်း နဂိုကမှ အိမ်တွင်းပုန်းဖြစ်နေတာ၊ အခု ခြေထောက်ထိထားတော့ ပိုဆိုးပြီထင်တယ်...'

'မသိပါဘူးသားရယ်... မင်း သွားပြီး အပြင်ခေါ်ထုတ်ပေးစမ်းပါဦး... မီးမီးကို တွဲပြီး လမ်းလျှောက်ကြည့်ဖို့ပြောတာကိုမရဘူး၊ သိပ် ခေါင်းမာတဲ့ကလေး...'

သာသာက ရယ်မောပြောဆို၍ သူ့အလုပ်သူ ဆက်လုပ်နေသည်။ သူ နေ့အခန်းထဲသို့ ဝင်လာခဲ့လျှင် နေ့အရိပ်အယောင်သော်မျှ မတွေ့ရပါ။
ထပ်ပြီး မျက်စိကစားလိုက်မှ နံရံ၏တစ်ဖက် ဝရန်တာလက်ရန်းပေါ်မှာ ထိုင်၍ လေညှင်းခံနေသည့်သူမကို မြင်လိုက်ရသည်။ နေက လေညှင်းခံရုံမကဘဲ လက်ထဲကဖုန်းနှင့် ဘယ်ဆီဓာတ်ပုံရိုက်နေမှန်းမသိ၊ ငြိမ်ငြိမ်မနေ။ သူမ အဲဒီ့ပေါ်ကို ဘယ်လိုရောက်သွားပါသနည်း။ မျက်စိလျင်သည့်သူက နေ့ခြေရင်းမှာ လဲနေသည့်တုတ်ကောက်ကိုတွေ့သွား၏။

'နေ့ .. နင် အဲဒီ့ပေါ်မှာ ဘာလုပ်နေတာလဲ..'

သူ စိုးရိမ်စွာလှမ်းအော်တော့ နေက သူ့ကို အံ့သြဟန်ဖြင့်လှည့်ကြည့်လာကာ...

'ကင်း..နင် ဘယ်တုန်းကရောက်နေတာလဲ...'

'အခုပဲ...'

စက်က သူမထိုင်နေသည့် ဝရန်တာဘက်သို့ ခြေလှမ်းကျဲများနှင့်ရောက်လာ၏။

'ခြေထောက်က ကောင်းသေးတာမဟုတ်ဘူး၊ ဘာဖြစ်လို့ မျောက်လို ဟိုတက်ဒီတက် လုပ်နေတာလဲကွာ..'

သူက ဓာတ်ပုံရိုက်မပြီးနိုင်သည့် နေ့ကိုယ်လေးကို ဝရန်တာထက်မှဆွဲပွေ့လိုက်ပြီး အခန်းထဲ တောက်လျှောက်ဝင်လာကာ သူမမွေ့ရာပေါ်မှာချပေး၏။

'ခြေထောက် အဆင်မပြေသေးဘဲ အဲဒီ့ပေါ် ဘယ်လိုတက်လိုက်တာလဲနေရာ..တစ်ယောက်တည်းရှိနေရင် ထင်သလို နေနေတော့တာပဲ...ပြုတ်ကျသွားရင် ဘယ်လိုလုပ်မလဲ..ဆေးရောလိမ်းပြီးပြီလား..'

'ဟင့်အင်း...အဲဒီ့ဆေးက ပူလို့...'

နေ ခေါင်းခါတော့ သူပဲ ဆေးသေတ္တာဆွဲယူလာကာ နေ့ရှေ့မှာ ခုံဆွဲထိုင်လိုက်သည်။

'နင် ကိုယ့်ကိုယ်ကိုယ်ဂရုစိုက်ရမယ်လေကွာ... သာသာက နင့်ဘေးမှာ အချိန်ပြည့်ရှိမနေနိုင်လို့ အထီးကျန်နေတယ်လို့မတွေးနဲ့၊ အထိုင်အထ အဆင်မပြေရင် မီးမီးကိုကူခိုင်းလို့ရတာပဲ...'

သူက နေ့ခြေကျင်းဝတ်ကိုဆွဲယူ၍ သူ့ပေါင်ပေါ်တင်လျက် ပတ်တီးဖြည်၊ဆေးလိမ်းပေးသည်။

'ငါ အထီးကျန်ရင်တောင် နေသားကျနေပါပြီကင်းရယ်... အဲဒါကြောင့် သာသာ့ကို အပူမကပ်ဘဲ ကိုယ့်ဘာသာ နေတတ်အောင်ကြိုးစားနေတယ်...'

စက် သူမကိုဆေးလူးပေးရင်း အပူမဟပ်အောင် လေနှင့်မှုတ်ပေးနေပြီးမှ သူမ လေသံကြောင့် မော့ကြည့်လာသည်။

'လေသံရော မျက်နှာရော အားရစရာမရှိပါလား...'

သူ မေးလိုက်မှ နေ ကိုယ့်မျက်နှာကိုယ်ပြန်လွှဲ၍ ပြင်ဆင်လိုက်ရရင်း...

'ဘာမှမဖြစ်ပါဘူး၊ ခြေထောက်နာနေလို့ဖြစ်မှာပေါ့...'

နေ ပြောလိုက်မှ သူမျက်နှာပျက်သွား၏။

'အတော် နာနေလား .. ညဘက်တွေရောအိပ်ပျော်ရဲ့လား.. ခြေထောက်ကိုက်တာမျိုးတွေရော ဖြစ်သေးလား ...'

သူက ခြေကျင်းဝတ်ကို ပတ်တီးအသစ်လဲ၍စည်းပေးပြီးမှ နဖူးစမ်းပါးစမ်းနှင့် စိုးရိမ်မကင်းစွာ မေးသည်။ နေ သူမေးတာကိုပြန်မဖြေဘဲ သူ့ကိုအတန်ကြာငေးနေခဲ့၏။

'နင် ငါ့ကို ဘာဖြစ်လို့အဲ့လောက်ဂရုစိုက်နေတာလဲ..'

လွှတ်ခနဲ မေးလိုက်ပြီးမှ ပါးစပ်ပိတ်၍ အကြည့်လွှဲမိသည်။ သူမ ဘာတွေမေးနေမိပါလိမ့်။ ကင်းက သူမကို အမြဲအရိပ်တကြည့်ကြည့်ဂရုစိုက်ပေးခဲ့သူပဲ။ ကိုယ့်အမေးကို သူဘယ်လိုတွေးထင်သွားပြီလဲ မသိ၊ သူ့ကိုမကြည့်ရဲတော့ဘဲ ထရပ်ဖို့ဟန်ပြင်လျှင်...

'ဟိတ်...ဘယ်လဲ..'

ခြေထောက်က ဒဏ်ရာကိုမေ့ကာ ထရပ်လိုက်သဖြင့် စက် စိုးရိမ်တကြီးဆွဲလိုက်သည့်အရှိန်ကြောင့် နေ သူ့ရင်ခွင်ထဲ ပစ်ကျသွား၏။ စက် သူ့ရင်ခွင်ထဲမှာ မော့မော့လေးရှိနေသည့်နေ့မျက်နှာလေးကို အပေါ်စီးမှ ငုံ့ကြည့်ရင်း ငေးခနဲဖြစ်သွားသည်။
မျက်တောင်ကော့များ ယှက်ဖြာ၍ စူးရဲစွာလှနေသည့် မျက်နက်ဝန်းတစ်စုံရယ်၊ စင်းချွန်နေသည့်နှာတံနှင့် ဆေးသားမကူဘဲ နီမြန်းသည့်နှုတ်ခမ်းလေးတွေ၊ မျက်နှာပေါ်က အစိတ်အပိုင်းများအားလုံးဟာ သူ့ပုံတူကို ယူ၍ မိတ္တူပွားထားသည့် ပန်းချီတစ်ချပ်ကဲ့သို့ သူနှင့်ချွပ်စွပ်တူလွန်းသည်မို့ နေ့ကိုကြည့်မိတိုင်း သူကိုယ်သူ မှန်ထဲ ပြန်မြင်နေရသလိုပဲဟု ပြောနေကျစကားတစ်ခွန်းကို အမှတ်ရသွားသည်။
သို့ပေမဲ့ ဒီတစ်ခါကြည့်မိခြင်းမှာ သတိလက်လွတ်မှင်သက်ငေးမောမိသည်အထိ ဖြစ်သွားခဲ့၏။ သူ့ဝဲဘက်ရင်အုံမှာ ထူးဆန်းစွာပင် တုန်ယင်လှိုက်ခါနေခဲ့ပြီး...

'ငါ ဘာလို့ဂရုစိုက်နေတာလဲဆိုတော့ နင်ဖြစ်နေလို့ပဲ နေ..'

နေ့အမေးကို တိုးသဲ့စွာပြန်ဖြေရင်း မူမမှန်ချင်သော ရင်ခုန်သံတို့ကြောင့် အသံမတုန်အောင် မနည်းထိန်းပြောနေရမှန်း သူကိုယ်တိုင် သတိပြုမိလိုက်၏။ နေက သူ့မျက်ဝန်းတွေကို ရှောင်ရှားလွှဲဖယ်ရင်း သူ့လည်ပင်းမှာ အရာထင်ကျန်နေဆဲ အနီကွက်ကြီးကိုမြင်သွားကာ...

'နင် အခုထိ ဒီအနာကမပျောက်သေးဘူးလား... ဘာဖြစ်လို့ဆေးမလိမ်းတာလဲ..'

သူမက ထိုနေရာကိုလက်နှင့်ခပ်ဖွဖွစမ်းရင်း မေးနေတော့ သူ့အသက်ရှူနှုန်းတွေ မြန်ဆန်လာကာ နှလုံးခုန်သံက ရင်ဘတ်ကိုပေါက်ထွက်တော့မတတ် ကျယ်လောင်လာ၏။ သူ့လည်ပင်းတွေ၊ပါးတွေကိုထိသပ်နေသည့် သူမလက်ကို ဖမ်းဆုပ်ထားရင်း...

'ဘာဖြစ်လို့ဆေးမလိမ်းမိလဲ ငါကိုယ်တိုင်မသိဘူး၊ သိပ်မနာလို့ဖြစ်မှာပေါ့... ဘာလဲ နင်က ထပ်ကိုက်ချင်သေးလို့လား ...'

'ဟင်..ဟင့်အင်း...'

သူမကို စူးစိုက်ကြည့်နေသည့်မျက်လုံးများကို သတိထားမိကာ နေရခက်လာသည်။ သူ့အကြည့်တွေကို ရှောင်၍ မျက်နှာလွှဲခေါင်းခါရင်း သူ့ရင်ခွင်ထဲမှ ရုန်းထွက်ဖို့ပြင်သည်။ စက်က ရုန်းထွက်ခွင့််မပေးဘဲ မျက်နှာငုံ့ကျလာသဖြင့် နေ လန့်ဖျပ်၍ မျက်လုံးမှိတ်လိုက်မိသည်။ သူ့နှုတ်ခမ်းတွေ သူမလည်တိုင်ဆီ မထိတထိကပ်လာပြီးမှ လွတ်သွားအံ့ဆဲဆဲ သတိတရားတို့ကို ချွန်းအုပ်၍ ခေါင်းပြန်မော့လာ၏။

'ဆောရီး ဆောရီး နေ... နင် နေမကောင်းတာ ငါမေ့သွားတယ်... '

နေ့အနားမှာ ဒီတိုင်း ကြာကြာဆက်ရှိနေလျှင် သူ ဒီ့ထက်ပိုပြီးအသိစိတ်လွတ်သွားတော့မည်။ ဘာလုပ်မိတော့မလဲ သူကိုယ်သူ သိနေ၍ နေ့ကို မွေ့ရာပေါ် ပြန်ချပေးကာ ထရပ်လိုက်၏။

'နေ... ငါ ရာမဆီ သွားစရာရှိသေးတယ်၊ ညနေကျမှတွေ့မယ်နော်..ဆေးသောက်ပြီးအိပ်လိုက်ဦး..'

နေ့မျက်နှာကိုတောင် စေ့စေ့မကြည့်ရဲတော့ပါဘဲ ကတိုက်ကရိုက်​နှုတ်ဆက်၍ ပြန်ထွက်လာခဲ့သည်။ ကားပေါ်ရောက်သည်အထိ နေ့မျက်နှာလေးကိုပဲ မြင်နေသည်။ သူမရဲ့မျက်လုံးတွေ၊ နှုတ်ခမ်းတွေ၊ ပြီးတော့ လည်တိုင်...။
သောက်ကျိုးနည်း။ သူ ဘာဖြစ်နေပါသလဲ။ စိမ်းသက်သည့်ရင်ခုန်သံတို့ကြောင့် နေမထိထိုင်မသာဖြစ်ကာ ကားကိုပင် မနည်းသတိထား၍ မောင်းနေရသည်။
ရာမ၏ကွန်ဒိုသို့ ရောက်ခဲ့လျှင် Chessထိုးနေသည့် ရာမနှင့်သင်္ဂိုရ် နှစ်ကောင်လုံးကို တွဲလျက်တွေ့လိုက်ရသည်။

'ဟား စက်...ခုမှပဲပေါ်လာတော့တယ်...'

ရာမက သူ့ကိုမြင်မြင်ချင်းမေး၍ စစ်တုရင်ခုံကို သိမ်းလိုက်၏။ စက် ပြန်မဖြေဘဲ ဆက်တီပေါ် ပစ်စလက်ခတ်ထိုင်ချ၍ သက်ပြင်းတွေချလိုက်၊ ပင့်သက်ရှိုက်လိုက်နှင့် ဂဏှာမငြိမ်။
ရာမ သူ့ဘေးမှာလာထိုင်ကာ ခေါင်းမော့ပင့်သက်ရှိုက်နေသည့် သူ့လည်ပင်းကိုလာထိတော့ စက် ကိုယ်ကြီးမတ်ခနဲ ဖြစ်သွားကာ ရာမလက်ကို ပုတ်ထုတ်ပစ်သည်။

'ဟ ဘာဖြစ်နေတာလဲ အလန့်တကြားနဲ့...'

ရာမက မူပျက်နေသည့်သူ့ကို ပြူးပြဲကြည့်သည်။

'အေးလေ..ငါတောင်လန့်တယ်.. လည်ပင်းထိမိတာကို ကင်းကိုက်ခံရတဲ့ပုံစံနဲ့...'

သင်္ဂိုရ်ကလည်း သူ့ပုံစံကို အထူးအဆန်းလိုကြည့်၍ ငေါ့သည်။

'ဒီကောင် မျက်နှာတွေနီရဲနေတာပဲ ကြည့်စမ်း သင်္ဂိုရ်... မထူးဆန်းလွန်းဘူးလား..'

ထိုနှစ်ကောင် အလိုက်ကမ်းဆိုးမသိတတ်စွာ သူ့မျက်နှာကိုအကဲခတ် ဝေဖန်နေသမျှ သူ ဘာမှပြန်မပြောနိုင်ဘဲ အတန်ကြာငြိမ်သက်နေပြီးမှ ..

'ငါ...ငါ သောက်ရမ်းရင်တွေခုန်နေတာ...ရင်ဘတ်ကြီးပေါက်ထွက်တော့မလိုပဲကွာ...'

'ဖြစ်ရမယ်...နောက်စော်အသစ်တွေ့နေလို့လား...'

'မင်းကလည်း ဒီကောင် ရည်းစားသာများတာ၊ ဘယ်တုန်းက ရင်ခုန်ဖူးလို့လဲ... တစ်ခုခု အံ့သြစရာတွေ့လာလို့မဟုတ်လား..'

သင်္ဂိုရ်နှင့်ရာမ ငြင်းခုံနေတော့ သူ ခေါင်းခါသည်။

'မဟုတ်ဘူး...နေ့ကြောင့်..'

'ဟမ်...ဘာ..'

ဒီတစ်ခါ နှစ်ယောက်လုံး သံပြိုင် ဟမ် ခနဲဖြစ်သွားကြသည်။

'ငါ ဒီလိုမျိုးတစ်ခါမှမဖြစ်ဖူးဘူး.. ငါနဲ့အရမ်းစိမ်းသက်တဲ့ဖီလင်ကြီးပဲ.. ရင်တွေခုန်ပြီး လုံးဝထိန်းမရတော့လို့ နေ့အနားမှာတောင် ကြာကြာနေလို့မရတော့ဘူး၊ အဲဒါကြောင့် မင်းတို့ဆီပြေးလာခဲ့တာပဲ၊ အခုလည်း ငါ့မျက်လုံးထဲ နေ့ကိုပဲမြင်နေတာ.. ငါ ဘာတွေဖြစ်နေမှန်းကိုမသိတော့ဘူး...'

သူ ဆံပင်တွေထဲ လက်ထိုးဖွ၍ပြောရင်း ဝါကျတွေလည်းရှေ့နောက်မညီတော့။ သင်္ဂိုရ်တို့ သူပြောသမျှ နားထောင်ရင်း ပါးစပ်အဟောင်းသားဖြစ်ကုန်ကြသည်။

'ဒီကောင် လည်ပင်းကိုက်ခံရပြီး လူဆိပ်တက်သွားတာ..'

ရာမက စက် ဘာဖြစ်နေသလဲ သဘောပေါက်သွားပြီမို့ ရယ်ချင်ပက်ကျိမျက်နှာနှင့် ပြုံးစိစိလုပ်နေသည်။

'ရည်းစားသာ များတာ...အတွေ့အကြုံက ဇီးရိုးတင်မက မိုင်းနပ်စ်ပါပြနေတော့ လည်ပင်းလေးကိုက်ခံရတာနဲ့ အချစ်နတ်ဖမ်းစားခံရပြီ..ဪ... နောက်ဆုံးတော့လည်း စက်ကွင်းရဲ့နှလုံးသား နေ့ဆီမှာပဲ ညွှတ်ကျသွားတာပါပဲလား..'

သင်္ဂိုရ်ကလည်း ပြုံးတုံ့တုံ့မျက်နှာနှင့် မှတ်ချက်ချလျှင် စက် ကိုယ့်လည်ပင်းကိုယ် ပြန်စမ်းမိ၏။ ဒီတစ်ခါတော့ သူ့ရင်ခုန်သံများ၏အဖြေကို သူကိုယ်တိုင် အဖြေရှာတွေ့ခဲ့ပြီမို့ သူ့မျက်နှာ တဖြည်းဖြည်းကြည်လင်လာခဲ့ပြီး...

'ငါ နေ့ကို ဒီ့ထက်ပိုပြီး မရိုးသားနိုင်တော့ဘူး..'

'အခုမှပဲ ကိုယ့်ကိုယ်ကိုယ်သိတော့တယ်... မင်း အရင်ကတည်းက နေမှနေ ဖြစ်နေတာ၊ သူငယ်ချင်းလိုပါ၊ မောင်နှမလိုပါဆိုပြီး ရည်းစားတွေထက်တောင် နေ့ကိုအကြင်နာတွေပိုနေတာ.. မင်း မသိစိတ်ကတော့ နေ့ကိုရှေးပဝေသဏီကတည်းက ချစ်နေတာ... သိပြီလား အခု ...'

သင်္ဂိုရ် အပြောကြောင့် စက် ကိုယ့်အဖြစ်ကိုယ် ပြန်တွေးရင်း ပြုံးမိသွားသည်။

'အချစ်'တဲ့။ ဘယ်လောက်တောင် လှလိုက်တဲ့စကားလုံးလေးလဲ။
မချစ်တတ်ခဲ့သော ရာဇဝင်မှာ အချစ်က ကိုယ့်အနီးဆုံးမှာရှိနေတာတောင် မသိခဲ့သည့်အဖြစ်ပါလား။ သို့ဆိုလျှင် သူ နေ့အတွက် လုပ်ပေးခဲ့သမျှ အရာရာဟာ သူ မမြင်နိုင်ခဲ့သည့် အချစ်ကြောင့်တဲ့လား။

'အခုတော့လည်း ပြုံးပြုံးကြီးဖြစ်နေပြီပေါ့၊ ဧကန္တ ကင်းလို့ ခေါ်သံလေးကိုများ ပြန်ကြားနေတာလား...'

စက်က မဖြေဘဲ ပြုံးနေတော့ ရာမက သူ့ဘေးမှာထိုင်၍ သူ့ပခုံးပေါ် လက်တင်လာကာ..

'နေ့ကိုချစ်တယ်လို့ဖွင့်ပြောပြီး friend zoneထဲက ရုန်းထွက်တော့မယ်မို့လား..'

'No...ငါ့မှာ လုပ်စရာတွေတစ်ပုံကြီးရှိသေးတယ်... ငါ့အစီအစဥ်တွေအားလုံးပြီးမှပေါ့..ချက်ချင်းကြီးဖွင့်ပြောရင် နေ လန့်သွားလိမ့်မယ်၊ ငါတွဲခဲ့တဲ့ ရည်းစားအရေအတွက်တောင် သူကသိနေတော့ ငါဖွင့်ပြောရင် မယုံဖို့ကများတယ်၊ ငါ စနောက်နေတယ်ပဲထင်သွားမှာ... ငါ သူ့ကိုချစ်နေတယ်ဆိုတာ ပါးစပ်က ဖွင့်မပြောလည်း နေသိလာမှာပါ.. နေက ငါ့အပြင် ဘယ်သူနဲ့နီးစပ်နိုင်မှာမို့လို့လဲ..'

'အဲဒါလည်း ဟုတ်သားပဲ... အခု ရည်းစားများခဲ့တာတွေ တွေးပြီးနောင်တရနေပြီမို့လား...'

'မရဘူး ... ငါ ဘယ်သူ့ကိုမှ မချစ်ခဲ့လို့ပဲ..ဘယ်သူ့ကိုမှသာယာခဲ့တာ လွန်ကြူးခဲ့တာမျိုးလည်းမရှိဘူး...ထိတွေ့ပွေ့ဖက်တာမျိုးတောင် မလုပ်ခဲ့တော့ ငါ့ဘက်က အဲ့ကိစ္စ ခေါင်းထဲသိပ်မထည့်ဘူး... ငါက နေ့ကို တစ်နေ့ကအထိ မိန်းမယူဖြစ်ရင်တောင် နင်ကြည်ဖြူတဲ့သူကိုပဲ ယူမှာလို့ အာချောင်ခဲ့သေးတာ...'

သူ့စကားကြောင့် ရာမက သူ့နဖူးသူပြန်ရိုက်၏။

'ကောင်းရောဟေ... ငါကတော့ နေ မင်းကို သူငယ်ချင်းအဆင့်ထက် ပိုလာနိုင်ဖွယ်မရှိဘူးလို့ပဲထင်တယ်၊ ဘာလို့လဲဆိုတော့ မင်းက အကျင့်မှမကောင်းတာ...'

သင်္ဂိုရ်က အားမနာလျှာမကျိုး ကဲ့ရဲ့နေသည်။ ရာမက လက်မထောင်ပြ၍ ထောက်ခံ၏။

စက်ကတော့ သူတို့ပြောစကားတွေကို စိုးစဥ်းမျှ ဂရုမစိုက်ခဲ့ဘဲ ..
'နေကြာဆိုတာ နေနဲ့ပျိုးတဲ့ပန်းလေ...နေရဲ့စက်ကွင်းက လွတ်တဲ့နေကြာ ဘယ်မှာရှိလို့လဲ... နေက ငါ့အပိုင်ပဲ..'

☀️The Will Of The Heart🌻Where stories live. Discover now