🌻အခန်း(၂၈)🌻

20.6K 668 70
                                    


'ဘာတွေလဲ..ဒါ ဘာတွေလဲ..'

'ထညက်လေ..မင်းတို့မစားဖူးဘူးမို့လား..'

ရာမက ဖန်ပုလင်းထဲမှ ထန်းလျက်တွေကို ကျောက်ကုန်သည် ကျောက်စစ်သကဲ့သို့ လှည့်ပတ်ကြည့်ရှုနေပြီး သင်္ဂိုရ်က တစ်လုံးယူစားသည်။

'ထညက်စစ်သားပဲ... မြို့က ထညက်တွေက သကြားအရောရော၊ သကာအရောရောနဲ့ စျေးကကြီးသေး..'

သင်္ဂိုရ် ဝါးနေတာမြင်မှ ရာမက တစ်လုံးမြည်းစမ်း စားကြည့်သည်။

'အင်း..စားကောင်းသားပဲဟ.. ထညက်နဲ့လုပ်​တဲ့မုန့်တွေကျ စားဖူးပြီး ထညက်ခဲကို မစားဖူးဘူး...'

'ဒါဆို ခေတ်နောက်ကျနေပြီ..'

'အံမာ... မင်းလည်း မနေ့ကမှ စားဖူးပြီးတော့..'

ရာမက ပြန်ဖဲ့လျှင် စက်က ထန်းလျက်ခဲငုံထားရင်း မျက်လုံးစွေကြည့်သည်။

'မင်းကို ရွာကလူတွေက မိုးကျရွှေကိုယ်လို့ မပြောလိုက်တာကံကောင်း..'

သင်္ဂိုရ်က စက်ကို မေးငေါ့၏။ ရာမက နှုတ်ခမ်းမဲ့၍..

'ပေါ်တင်တော့ ဘယ်ပြောလိမ့်မလဲ.. နောက်ကွယ်ကနေ အတင်းတုတ်ရင် တုတ်နေမှာပေါ့.. အခြေကြီးတဲ့ကောင်ဆိုပြီး..'

'ပြောမနေနဲ့ရာမ၊ စက်ကွင်းက ထညက်ဘယ်စားဖူးမလဲ..သူ ကြိုက်တာ နေကြာစေ့လေ..အမြဲဝါးမျို...'

သင်္ဂိုရ်စကားမဆုံးသေးခင် စက်က ထန်းလျက်ခဲကို သင်္ဂိုရ် ပါးစပ်ထဲပစ်ထည့်၍ နှုတ်ပိတ်လိုက်သဖြင့် သင်္ဂိုရ် ထန်းလျက်ခဲကြီး မချိမဆံ့ငုံရင်း အသံတိတ်သွားသည်။

'နေပါဦး... မင်းက ဘန်ကောက်ကနေ မကွေးကို ဘယ်လိုရောက်သွားတာတုံး..'

သင်္ဂိုရ်က ထန်းလျက်ငုံထားရင်း အမှတ်မရှိ ထပ်မေးပြန်သည်။ စက်က မဖြေဘဲ ဖုန်းကိုစားပွဲပေါ်တင်၍ ပက်လက်လှဲနေ၏။

'မင်းကလည်းကွာ... ဒီကောင့်ခြေလှမ်းတွေက အမြဲ နေရှိတဲ့အရပ်ပဲဦးတည်နေတာကို.. နေ့ကြောင့် ရောက်သွားတာပေါ့ဟ..'

ရာမဝင်ပြောလိုက်မှ သင်္ဂိုရ် ပြုံးမဲ့မဲ့ကြီးဖြစ်သွားကာ
'ဟုတ်သားပဲ..ငါမေ့လို့...'ဟု ဆိုလေ၏။ စက်က စီးကရက်ထုတ်၍ မီးညှိရှိုက်ဖွာရင်း...

'အဲဒီ့ဘက်မှာ နေကြာခင်းတွေမြင်ခဲ့တယ်၊ အတော်လှတယ်... ​မြစ်ဝှမ်းလွင်ပြင်မှာ ၅မိုင်လောက်ကျယ်မလားပဲ.. ပိုင်ရှင်တွေကို စျေးမေးရဦးမယ်..'

'ဘာလဲ..မင်းက နေကြာခင်းဝယ်ပြီး နေကြာစိုက်စားတော့မလို့လား...'

'maybe...သူက ဆီတောင်မှ နှမ်းဆီ၊ပဲဆီ မသုံးဘူး.. နေကြာဆီပဲသုံးတဲ့ကောင်...'

သင်္ဂိုရ်နှင့်ရာမ အပြန်အလှန်ပြောနေကြပေမဲ့ စက်က စီးကရက်သောက်မပျက်ချေ။

'မင်းက အညာဘက် ရောက်တုန်းရောက်ခိုက် အမှတ်တရပုံလေးဘာလေး မရိုက်ခဲ့ဘူးလား...'

'အဲဲဒီ့ထဲမှာလေ...'

စက်က စားပွဲပေါ်ကဖုန်းကို မျက်စပစ်ပြလျှင် ရာမက ဖုန်းယူကြည့်၏။

'ဒီကောင် အပိုပြောတာမဟုတ်ဘူးပဲ.. နေကြာခင်းက ဗျူးကောင်းလှချေလား...'

ရာမနှင့်သင်္ဂိုရ် Galleryထဲက ပုံတွေကြည့်ရင်း အံ့သြဘနန်း မှတ်ချက်ချသည်။

'နေကတော့ နေစက်ကွင်းရဲ့ပင်တိုင်မော်ဒယ်ပဲဟေ့... နေ့ပုံတွေချည်းပဲဟ.. ဒီပုံတော့ငါကြွေပြီ.. အနီးကပ်ရိုက်ထားတာ လှလိုက်တာ.. မျက်တောင်တွေကော့ပျံနေတာပဲ...နေက တကယ် ချစ်စရာကောင်းတဲ့အလှလေး...'

'တော်ရုံပဲ ကြည့်နော်သင်္ဂိုရ်...မဟုတ်ရင် အဲ့မျက်လုံးတွေဖောက်ထုတ်ပစ်မယ်..'

စက် စီးကရက်အငွေ့တွေမှုတ်ထုတ်ရင်း ကြိမ်းလိုက်ပေမဲ့ သင်္ဂိုရ်က ပခုံးတွန့်ကာ..

'လှလို့ လှတယ်ပြောတာလေ..'

မျက်ခုံးပင့်၍ မျက်နှာသေနှင့် စနောက်နေသေးသည်။ ရာမက ပုံတွေကြည့်ရင်း မျက်လုံးကြီးပြူးလျက်...

'ဒါက ဘာလဲ..'

'ဘာလဲဟ...'

ရာမနှင့်သင်္ဂိုရ် ခေါင်းချင်းဆိုင်သွားပြန်သည်။

'ဟ...'

သင်္ဂိုရ် ဟ ခနဲအသံထွက်ကာ စက်ကိုဝေ့ကြည့်လာ၏။ စက်က ဘာလဲ ဟူသည့်အကြည့်နှင့်မျက်ခုံးတွန့်လျှင် ရာမက ဖုန်းထောင်ပြသည်။ ရာမ ပြသည့်ပုံကိုမြင်တော့မှ စက် ပြုံးချင်နေသည့်မျက်နှာကို တည်ထားရင်း စီးကရက်သောက်မပျက် ပြန်လှဲနေဆဲ။

'မင်းတို့က အဲဒီ့အဆင့်ထိရောက်ကုန်ပြီလား...'

'No...ခိုးနမ်းထားတာ...'

'ဟမ်..'

နေ့ပါးတစ်ဖက်ကိုနမ်းနေပုံက ပီပြင်လွန်းသည်မို့ နှစ်ယောက်လုံး ပုံကိုကြည့်ရင်း ပါးစပ်ဟောင်းလောင်းဖြစ်နေကြသည်။

'နေကလည်း လည်မလိုနဲ့ ဒီနေရာကျ အ,တယ်နော်.. စက်ကွင်းကြီး လူလည်လုပ်သမျှ ခံနေရရှာတယ်..'

ရာမက ခပ်ငေါ့ငေါ့ပြော၍ ကျွတ်သပ်သည်။

'မင်းက နေ့ကိုဖွင့်မပြောသေးဘူးလား..'

သင်္ဂိုရ်အမေးကြောင့် သူ စီးကရက်ပြာခြွေလိုက်ပြီး ခေါင်းခါယမ်းသည်။

'မပြောသေးဘူး.. ငါလုပ်စရာတွေအများကြီးကျန်သေးတယ်၊ ငါ့သရုပ်မှန်ကိုပြဖို့တောင် အဆင်သင့်မဖြစ်သေးဘူး.. ငါ နေ့ကိုဖွင့်ပြောလိုက်တာနဲ့ နေ့ဆီက ခေါင်းညိတ်လက်ခံမှုကိုပဲ လိုချင်တယ်...'

'ဟို modelနဲ့လည်း တွဲနေတုန်းပဲမို့လား...'

'နေ့ ခံစားချက်အစစ်အမှန်ကိုသိရဖို့ အလှမာန်နဲ့ဆက်တွဲရဦးမှာပဲ ၊ နေက ငါ့ကိုအရမ်းနှမြောတာ.. မိန်းမမြန်မြန်ယူမှအေးမယ်လို့ပြောတာလည်း သူပဲ၊ တကယ်ယူလိုက်မှာနော်လို့ စ,ရင် မျက်ရည်ဝဲတာလည်း သူပဲ.. သူ ငါ့ကိုနှမြောတယ်ဆိုတာ ဘယ်လိုပုံစံမျိုးနဲ့နှမြောသလဲ သူကိုယ်တိုင်မသဲကွဲသေးသရွေ့ ငါ မာန့်ကိုဖြတ်ဖို့အစီအစဥ်မရှိဘူး..'

'ကြည့်လည်း လုပ်ဦး စက်.. မိန်းမချင်းလည်း crossဖြစ်ကုန်ဦးမယ်.. နေက ပြဿနာမဟုတ်ဘူး၊ အလှမာန်က မင်းကိုတကယ်လိုချင်နေတာ.. ငါတော့ သူ့ကိုနည်းနည်းလန့်တယ်..မင်း နေ့ကို သူနဲ့ထိပ်တိုက်မဆုံစေနဲ့...'

'အင်း...နေက သူ့ကိုခင်တွယ်နေတော့လည်း ခက်သားကွာ..'

သူ မာန့်မျက်လုံးတွေကို မနှစ်မြို့ခဲ့ပါ။ သူမ ရင်ထဲမှာ ဘယ်လိုသယံဇာတတွေ အုံဖွဲ့တည်ရှိနေမလဲဆိုတာလည်း ရိပ်မိနေသည်။ ထို့ကြောင့် သူ မာန့်ကို အဆက်အသွယ်မလုပ်ဘဲ ခပ်တန်းတန်း နေခဲ့တာ ကြာပြီ။

☀️The Will Of The Heart🌻Where stories live. Discover now