'မင်း ပိုကိုပိုတယ်ကွာ... နည်းနည်းလေးတိရုံဆို ညှပ်မနေနဲ့တော့.. ဒီတိုင်းထားလိုက်...'
သူက ဆံပင်ကို ဟိုလိုညှပ်ပါလား၊ ဒီလိုညှပ်ပါလားနှင့် မိုးတိုးမတ်တတ်ညွှန်ကြားနေသဖြင့် နေ့ကိုဆံပင်ညှပ်ပေးဖို့ဟန်ပြင်နေသည့်ရာမက စိတ်မရှည်တော့ဘဲ ကပ်ကြေးကို ဆောင့်အောင့်ပစ်ချသည်။
'ဘယ်ရမလဲ..မနက်ဖြန်ပဲ မင်္ဂလာပွဲရှိနေတဲ့ဟာ.. သင်္ခယာကိုမသွားခင် မြန်မြန်လုပ်ပေးကွာ..'
ထုံးစံအတိုင်း စက်နှင့် ရာမ အငြင်းအခုံဖြစ်နေကြပြီး နေနှင့်သင်္ဂိုရ်က ဘယ်သူ့ဘက်ကမှမပါဘဲ ပွဲကြည့်ပရိသတ်လုပ်နေကြသည်။
'မိတ်ကပ်ဆရာမ သူ့ဘာသာ ဆံပင်ပြင်ပေးပါလိမ့်မယ်ကွာ.. မင်းအတော်အရစ်ရှည်တဲ့ကောင်ပဲ.. နေ ထတော့..ညှပ်မနေနဲ့...'
နေ့လက်ကိုဆွဲထူ၍ ထိုင်ခုံပေါ်မှ ထစေသည်။ ထို့နောက် စက်ကိုထိုင်ခုံပေါ် ထိုင်ဖြစ်အောင် တွန်းပို့လိုက်ပြီး..
'မင်းညှပ်ရမှာမို့လို့ မင်းပဲထိုင်..'
'ငါမညှပ်ချင်ဘူး...'
သူငြင်းနေပေမဲ့ ရာမက သူ့ဆံပင်မှာစည်းထားသည့် သားရေကွင်းကို ဖြည်ချပြီးနေပြီ။ ထိုအခါ ဖြောင့်စင်းပျော့နွဲ့သည့်ဆံပင်တွေ သူ့ပခုံးကျော်ထိ ပြန့်ကျလာ၏။
'ကြည့်ဦး... သတို့သားရုပ်မပေါက်ဘဲ တာဇံရုပ်ပေါက်နေပြီ မင်း.. ဒီလောက်ပူအိုက်နေတဲ့ရာသီမှာ ဆံပင်ရှည်ကြီးနဲ့သတို့သားဝတ်စုံကြီးလည်း ဝတ်ရဦးမယ်.. မင်းအစား ငါတော့ချွေးပြန်နေပြီ..'
'ဟ.. သတို့သားဝတ်စုံက ဓာတ်ပုံရိုက်ပြီး ဧည့်သည်တွေနဲ့တွေ့ပြီးတဲ့အချိန်ထိပဲ ဝတ်မှာ.. သင်္ခယာမှာ အဲရ်ကွန်းတွေချည်း တပ်ခိုင်းပြီးပြီ...'
'ပြောမနေနဲ့ ရာမ.. အဲဒီ့ကောင်က ကျားလှောင်အိမ်ထဲတောင် အဲရ်ကွန်းတပ်ထားမယ့်ကောင်...'
သင်္ဂိုရ်စကားကြောင့် ရာမနှင့်နေ ပြိုင်တူရယ်မိကြသည်။ ရာမက သူ့ဆံပင်တွေကို မြန်ဆန်စွာ ညှပ်ချနေသဖြင့် သူ့မျက်နှာကြီးသုန်မှုန်နေ၏။
'နေရေ... နင့်လူမျက်နှာကြည့်ပြီး ငါတော့ လက်တွေတုန်နေပြီ.. ဆံပင်လေးညှပ်မိတာကို ဗုံးထကြဲတော့မယ့်ပုံစံနဲ့..'
'ဟုတ်သားပဲ ကင်းရယ်.. အပြောင်းအလဲလေးဖြစ်အောင် နည်းနည်းပဲညှပ်လိုက်ပါ၊ ပြီးရင် ဒီနှုတ်ခမ်းမွေးတွေ၊ မုတ်ဆိတ်မွေးတွေလည်း ရိတ်ရဦးမယ်လေ.. ငါ့သတို့သားလေးက မနက်ဖြန် ကြည့်အကောင်းဆုံးဖြစ်နေရမှာပေါ့..'
ဆံပင်ရှည်ပဲကြိုက်သည့် စက်ကြောင့် ဆံပင်စည်းဖြစ်ရုံလောက်ပဲညှပ်ပေး၍ နေ့ကိုလည်း သူ့လိုပုံစံမျိုးညှပ်ပေးလိုက်မှ ကိုယ်တော်က ကျေနပ်တော်မူလေသည်။
'အတော်ကလုန်းချင်နေတဲ့နှစ်ယောက်.. မွေးလာတဲ့ သားသမီးတွေကျရင်လည်း ကလုန်းတွေချည်း ထွက်လာလိမ့်မယ်...'
ရာမ သူတို့နှစ်ယောက်ကိုလက်မြှောက်လိုက်ဟန်ဖြင့် စိတ်ကုန်လက်ကုန်ပြောသည်။
'ငါတို့ဆံပင်ညှပ်ဆရာခေါ်ပြီး သင်္ခယာမှာပဲ ညှပ်ခိုင်းလို့ရတယ်.. ဒါပေမဲ့ ဒီနေ့ သင်္ခယာကိုမသွားခင် မင်းဆီ တကူးတကလာတာနော်...'
'ဪ...ကျွန်တော်မျိုးက ဆံပင်လည်းညှပ်ပေးရသေးတယ်.. ကျေးဇူးလည်းတင်ရဦးမယ်ပေါ့..'
'ပြောပြတာပါ သိဖို့..'
'မလိုဘူး ဂျောင်းတော့...'
ရာမက ပေါ်တင်နှင်ချ၍ စက်ကိုယ်ကြီးကို တံခါးအပြင်ဘက်ထိ တွန်းပို့သည်။ နေနှင့်သင်္ဂိုရ်က နောက်မှ ရယ်ကာမောကာ လိုက်ပါလာခဲ့ပြီး ကားနားမရောက်ခင် စက်နာမည်ခေါ်သံကြောင့် လေးယောက်လုံး လှည့်ကြည့်မိကြသည်။ ကောင်မလေးတစ်ယောက်က လက်ယပ်ခေါ်၍ နှုတ်ဆက်နေခြင်းဖြစ်၏။
'ကိုစက်... မတွေ့ရတာကြာပြီနော်...'
'ဪ.. မင်းက ဘယ်သူလဲ...'
သူ့exတွေထဲက တစ်ယောက်ဖြစ်မည်မှန်း သိပေမဲ့ နာမည်နှင့်လူ မတွဲမိတော့သဖြင့် နာမည်ပြန်မေးရသေး၏။
'ယူမီလေ... ကိုယ့်ရည်းစားဟောင်းကို မမှတ်မိတော့ဘူးပေါ့... အင်းပေါ့လေ.. ဒါက ယူ့စတိုင်လ်ပဲကိုး..'
ထိုသူမက နေ့ကိုပါ ဝေ့ကြည့်ပြီးမှ သူ့ကိုငေါ့သည်။
'ယူ့ဘေးမှာ သူငယ်ချင်းမလေးတစ်ယောက်ပဲ မပြောင်းမလဲရှိနေခဲ့တာနော်...'
'ဟွန်း.. အခု သူငယ်ချင်းမဟုတ်တော့ဘူး ယူမီ... ကိုယ့်မိန်းမဖြစ်နေပြီ.. မနက်ဖြန် weddingရှိတယ်.. ဆန္ဒရှိရင် လာခဲ့ပေါ့...ကိုယ်ဖိတ်တယ်နော်...'
သူက အပြုံးနှင့်ဆို၍ ဘောင်းဘီအိတ်ထဲက ရွှေရောင်ကတ်လေးကိုထုတ်ပေး၏။ ယူမီ မျက်နှာတစ်ချက်ပျက်သွားပေမဲ့ ချက်ချင်းးဟန်ဆောင်ပြုံး၍ ထိုကတ်ကိုယူလိုက်သည်။
'တို့ကိုခွင့်ပြုဦးနော်..'
သူမက အရင်နှုတ်ဆက်၍ ပြန်သွားမှ စက်တို့ ကားဆီလျှောက်ခဲ့ကြသည်။
'မင်း exတွေအကုန်ဖိတ်ရင်တောင် သင်္ခယာနယ်မြေတစ်ခုလုံး လူပြည့်နေလောက်တယ်..'
သင်္ဂိုရ်စကားကြောင့် ရယ်မိကြပြန်သည်။
'အဲဒါကြောင့် ဘယ်သူ့ကိုမှ ဘာမှမပြောတာ.. တို့နှစ်ယောက်လုံး ပွဲကြီးတွေလုပ်ရတာ သဘောမကျဘူး၊ လူရှုပ်တာမကြိုက်ဘူး.. မင်္ဂလာပွဲတောင်မှ ဒက်ဒီတို့ဆန္ဒကြောင့် လုပ်လိုက်ရတာ... သွားမယ်ငါ့ကောင်တို့.. မနက်ဖြန် နောက်မကျစေနဲ့နော်...'
နှစ်ယောက်လုံး ကားပေါ်တက်၍ ဝေါခနဲမောင်းထွက်လျှင် ရာမတို့ လက်ပြကျန်ရစ်ခဲ့ကြသည်။
'ကင်း...'
'ဆို...'
'ပျော်ရဲ့လား..'
နေက အပြုံးလေးနှင့်မေးသည်။
'အမှန်တိုင်းပြောရရင်တော့ လက်ထပ်ထားတာတောင် ခွဲအိပ်နေရသေးလို့ မကျေနပ်ဘူး...'
နေနှင့်သူ လက်ထပ်စာချုပ်မှာ လက်မှတ်ထိုးထားပေမဲ့ နေ့ကျန်းမာရေးကြောင့်ဟုဆိုကာ တစ်အိမ်စီခွဲနေရဆဲဖြစ်သည်။
'မနက်ဖြန်ကျရင်တော့ ခွဲမနေရလောက်တော့ပါဘူး ..'
'အဲဒါမှ ခွဲရင်လည်း ဆွဲခေါ်ဖို့ပဲရှိတော့တယ်.. နင့်သာသာက နောက်ဘဝလည်း အပျိုကြီးပဲဖြစ်မှာ.. သူပဲ လိုက်ချုပ်ချယ်နေတာ..'
'သာသာက လက်မထပ်ခင် တစ်ခုခုဖြစ်မှာစိုးလို့တဲ့...'
'အရေးထဲ သူက ဘာဖြစ်မှာစိုးနေတာလဲ..'
နေက ပြန်မဖြေဘဲ သူ့ပခုံးပေါ် ခေါင်းမှီလာ၏။ သာသာပြောသည့်စကားတွေ သူ့ကိုပြန်ပြောမိလျှင် ကိုယ်တော်က ငြူစူရွဲ့စောင်းတာတွေ လုပ်လာမှာ သေချာသလောက်ဖြစ်သည်။
'ကင်းနဲ့သမီးနဲ့ လက်မှတ်ထိုးပြီးသားဆိုပေမဲ့ လူသိရှင်ကြားလက်ထပ်ရသေးတာမဟုတ်ဘူး၊ အဲတော့ အတူနေလို့်မရသေးဘူး၊ သူ ရည်းစားတွေ မှိုလိုပွထအောင် ထားခဲ့တာ.. သမီးကိုလည်း အလွယ်လေးရခဲ့တယ်လို့ မြင်ကြလိမ့်မယ်.. သမီးတို့လက်မထပ်ခင် သူ့ဘက်က မစောင့်စည်းနိုင်ဘဲ တစ်ခုခုဖြစ်ခဲ့ရင် ပတ်ဝန်းကျင်က ပြောကြမှာပဲ၊ ဒါကြောင့် မင်္ဂလာပွဲမပြီးမချင်း အတူနေဖို့ သာသာခွင့်မပြုဘူး...'တဲ့။ ဒီစကားတွေ သူ့နားထဲ မရောက်အောင် မျိုသိပ်ဖုံးဖိခဲ့ရတာလည်း မလွယ်ပါ။
'မဟုတ်မှ လွဲရော... သာသာက ငါ့ကို စည်းမစောင့်တဲ့ကောင် ဘာညာပြောလိုက်တာတော့ မဟုတ်ပါဘူးနော်...'
'ဟင်...'
ဒါပဲတွေးနေတုန်း သူ ရုတ်တရက်မေးလိုက်သဖြင့် နေ ခေါင်းထောင်သွားသည်။ စက်က နေ့ဘက်တစ်ချက်လှည့်ကြည့်ပြီးမှ...
'တွေးမိတာပါ... အပျိုကြီး စိတ်ပူလောက်စရာ ဒါပဲရှိတာလေ ဟွန်း...'
'ကင်းကလည်း...'
'လက်မထပ်ခင်ကတည်းက ငါတို့ဆက်ဆံခဲ့တဲ့အကြိမ်အရေအတွက်သာ ပြောလိုက်ရင် သာသာ သွေးတိုးသွားဦးမယ်...'
'ကင်းနော်...'
'ဪ...သုံးကြိမ်ပဲရှိသေးတာလေ.. နည်းတယ်မဟုတ်ဘူးလား.. ဒီကြားထဲ ကျန်းမာရေးအကြောင်းပြပြီး နီးနီးကပ်ကပ်မနေရတာတောင်ကြာပြီ...'
'လူဆိုးကောင်... ဘာတွေလျှောက်ပြောနေတာလဲ..တော်ပြီနော်..'
နေက ထိုကိစ္စတွေပြောတိုင်း မျက်နှာပူရှက်ရွံ့တတ်သည့်အကျင့်က မပျောက်သေး။ ကင်းက တဟားဟားရယ်၍ နေ့လက်ကလေးကို သူ့လက်တစ်ဖက်နှင့်ဆုပ်ကိုင်ထားခဲ့သည်။
သူတို့သင်္ခယာသို့ရောက်ကြတော့ အခမ်းအနား၊ အပြင်အဆင်တွေ အပြီးသတ်နေပြီဖြစ်၏။ စက်၏ Sun Empireမှ အမှုထမ်းတွေလည်း ရောက်နေကြသည်မို့ လူစည်မှာကိုတော့ မပူရပါ။
'ဟော... သားတို့ပြန်လာပြီ.. သူငယ်ချင်းတွေရော မပါဘူးလား..'
'မပါဘူး ဒက်ဒီ.. သူတို့မနက်ဖြန်မှလာမှာ...'
'ဪ...အေးအေး..'
ဒက်ဒီ သူ့အလုပ်သူ ဆက်လုပ်နေသဖြင့် သူ နေ့လက်ကိုဆွဲ၍ အပေါ်ထပ်ထိတက်ခဲ့သည်။
'အခန်းထဲ တစ်ခါတည်းဝင်မယ်.. မဟုတ်ရင် သာသာက ရစ်နေဦးမယ်..'
သူက လှေကားထိပ်ရောက်မှ ခပ်ကျိတ်ကျိတ်ပြော၍ စင်္ကြန်လမ်းကျဥ်းမှ ပတ်သွားဖို့ဟန်ပြင်စဥ်...
'သားတို့တောင် လာကြပြီကိုး.. အတော်ပဲ သာသာ အခန်းစီစဥ်ထားပြီးပြီ...'
'ဗျာ...'
တမင်မတွေ့အောင်ရှောင်၍ ပတ်သွားဖို့ကြံကာမှ မာမီနှင့်သာသာ အခန်းထဲမှထွက်လာကြသဖြင့် စက်မျက်နှာကြီး မသိမသာညိုမှောင်သွား၏။
'သာသာက ဘယ်အခန်းစီစဥ်ထားတာလဲ... ကျွန်တော်နေတဲ့အခန်းလည်း အဆင်ပြေ...'
'အိုကွယ်... သမီးလေးက မနက်ဖြန် မိတ်ကပ်ပြင်ဖို့စောစောထရမယ်မို့လား..'
သူ့စကားမဆုံးလိုက်ပါဘဲ သာသာ့အသံကြားဖြတ်ဝင်လာ၏။
'အဲလောက် စောစောထပြီး ဘာလုပ်မှာလဲသာသာ.. အိပ်ရေးဝအောင်အိပ်မှ ကြည်မှာပေါ့...'
'သမီးက နာလန်ထတာမကြာသေးဘူးဆိုတော့ ညမှုညတာ ကရိကထများမှာစိုးလို့လေ.. မင်းလည်း စိတ်ကျဥ်းကျပ်နေမှာပေါ့..'
'ရတယ် သာသာ.. မကျဥ်းကျပ်ပါဘူး.. နေ့ကိုကျွန်တော်စောစောအိပ်ခိုင်းလိုက်ပါ့မယ်...'
သူ ဒီတစ်ခါတော့ ဘယ်လိုမှလမ်းကြောင်းလွှဲမခံပါ။
'ကဲပါ လွင်ရယ်.. ကလေးတွေ မနက်ဖြန်ပဲ လက်ထပ်တော့မယ့်ဥစ္စာ.. ထားလိုက်ပါ လာပါ..'
မာမီက သာသာ့ကို အလိုက်တသိခေါ်ထုတ်သွားမှ သူတို့နှစ်ယောက် အခန်းထဲဝင်လာခွင့်ရသည်။
'နင့်သာသာ တကယ်မလွယ်ကြောပဲ...'
စက် ဟူးခနဲ လေပူတစ်ချက်မှုတ်ထုတ်၍ တီရှပ်ချွတ်လိုက်၏။ နေက ဘေစင်နားက ရှိုးကစ်ထဲမှ မုတ်ဆိတ်ရိတ်စက်ယူလာသည်။
'နင့်နှုတ်ခမ်းမွေးတွေရိတ်ရအောင်... မဟုတ်ရင် လူရိုင်းပုံစံပေါက်နေပြီ...'
သူမဆန္ဒအတိုင်း ဘေစင်ရှေ့မှာ မျက်နှာသစ်၊ ခရင်မ်လူးလိုက်ပြီး ထိုင်ခုံမှာဝင်ထိုင်၏။ နေ မတ်တတ်အနေအထားနှင့် သူ့မုတ်ဆိတ်တွေ၊ ပါးသိုင်းမွေးတွေကို ညင်သာစွာရိတ်ပေးသည်။ စက်က နေ့ကိုပဲ အကြည့်မလွှဲတမ်းငေးနေပြီး နှုတ်ခမ်းများက ပြုံးယောင်သမ်းနေ၏။ နေ့မျက်တောင်ဖျားတွေ၊ နှုတ်ခမ်းလေးတွေကို မြင်တိုင်း ရင်ခုန်သံတွေက ရိုးအီသွားသည်မရှိချေ။
နေကလည်း သူ့မျက်နှာအစိတ်အပိုင်းတွေကို မကြာခဏငေးနေမိကာ လက်တွေပင်ချော်ကုန်တော့မတတ် ရင်ခုန်သံတွေ အလုံးအရင်းခုန်ပေါက်နေကြ၏။ ထူထဲသည့်မျက်တောင်တို့အောက်မှ စူးရဲသည့်မျက်နက်ဝန်းတွေက နေ့ကိုညှို့ငင်ဖြားယောင်းနေကြသည်။
'နေ..'
'ဟင်...'
သူ တိုးသဲ့သဲ့ခေါ်တော့ နေ မျက်ခုံးပင့်၍ ထူးမိ၏။
'နင့်ရင်ခုန်သံတွေကို ငါကြားနေရတယ်...'
သူ့စကားကြောင့် နေ မုတ်ဆိတ်ရိတ်နေသည့်လက်တွေ ရပ်တန့်သွား၏။ ရှက်ဝဲဝဲလေး မျက်လွှာချ၍ နှုတ်ခမ်းများကိုဖိပိတ်ပစ်သည်။ သူက ရှက်နေသည့်မျက်နှာလေးကိုပဲ မြတ်နိုးမဝစွာ စူးစိုက်ငေး၍..
'ငါ့နှလုံးခုန်သံကိုရော ကြားရဲ့လား..'
'ကြားတယ်...'
နေ မုတ်ဆိတ်တွေ ၊ နှုတ်ခမ်းမွေးတွေ ရိတ်သင်ပြီးစ မျက်နှာကို ရေနှင့်သစ်ချပေးရင်း ခေါင်းညိတ်သည်။ စက်က ပါးတွေ၊ မေးဖျားတွေကိုတစ်ချက်သပ်ပြီးမှ ထရပ်ကာ နံရံကပ်ဗီရိုဆီလျှောက်သွား၏။ ဗီရို၏ အောက်ထပ်အံဝှက်ထဲမှ စာချုပ်တစ်စောင်ကို နေ့ဆီယူလာကာ..
'နင့်မိဘတွေပိုင်တဲ့သင်္ခယာကုမ္ပဏီကို ငါ ဈာန်ရဲတိုက်ဆီက ပြန်သိမ်းယူခဲ့တဲ့စာချုပ်ပဲ.. အခု နင်ပိုင်သွားပြီ..'
နေက စာချုပ်ကိုတစ်ချက်ပဲလှန်ကြည့်၍ သူ့ဆီပြန်ပေးသည်။
'ငါ အဲဲဒီ့လုပ်ငန်းကိစ္စတွေ နားမလည်ဘူး၊ နင်ပဲသိမ်းထားလိုက်ပါ.. ငါပိုင်တဲ့ဟာလည်း နင့်အပိုင်ပဲလေ...'
'အဟွန်း...'
သူက နှုတ်ခမ်းတွန့်ပြုံး၍စာချုပ်ပြန်သိမ်းပြီးမှ နေ့မျက်နှာလေးကို ငုံ့နမ်းဖို့ဟန်ပြင်တော့ နေ မျက်နှာလွှဲရှောင်ရင်း..
'ရေသွားချိုးတော့လေ.. 'ဟုဆို၍ သူ့ကိုယ်ကြီးကို ရေချိုးခန်းဆီတွန်းပို့သည်။ သူ ရေချိုးပြီး ပြန်ထွက်လာမှ နေလည်း တဘက်ဆွဲယူ၍ ရေချိုးခန်းထဲဝင်ရသည်။ နေ ခေါင်းလျှော်၊ ရေချိုးရင်း အချိန်တွေကြာသွားကာ အခန်းထဲမှ ပြန်ထွက်လာသည်အထိ စက်က အဝတ်အစားမလဲရသေးဘဲ ဖုန်းပြောနေဆဲ။
နေ မှန်ရှေ့မှာ ဆံပင်ရေသုတ်နေစဥ် သူ နေ့အနားလျှောက်လာသည်။ နေ လှည့်ကြည့်တော့ အပေါ်ပိုင်းဗလာနှင့် တောင့်တင်းကျစ်လျစ်သည့် ရင်အုံပြန့်ပြန့်မှာ ကန့်လန့်ဖြတ်ချုပ်ရိုးကြောင်းကြီးကို မြင်လိုက်ရသည်။ ဒါကို အခုမှ သေချာစွာကြည့်မိခြင်းဖြစ်၏။ နေ့လက်တွေ ထိုချုပ်ရိုးကြောင်းတစ်လျှောက် ခပ်ဖွဖွထိသပ်လာကာ..
'ငါ့အတွက်နဲ့ ရခဲ့တဲ့ ဒီဒဏ်ရာ ဘယ်လောက်တောင် နာကျင်ခဲ့ရမလဲ..'
'No..ဒါက ဒဏ်ရာတစ်ခုမဟုတ်ဘူး.. ငါ နင့်ကိုဘယ်လောက်ထိချစ်သလဲဆိုတဲ့သက်သေ...'
'ငါ ယုံတယ်... ငါ ယုံပါတယ်ကင်းရယ်.. ငါ့အတွက်လည်း နင်က နှစ်ယောက်မရှိတဲ့လူပါ.. ငါက နင့်ကျောက်ကပ်တစ်ခြမ်းနဲ့ရှင်သန်နေရတဲ့အဖြစ်ကိုတွေးမိတိုင်း နင့်အချစ်၊ နင့်ပေးဆပ်မှုတွေအတွက် နာကျင်နေရတုန်းပဲ...'
'နာကျင်စရာမဟုတ်ဘူး... ငါ့သက်တမ်းတစ်ရာရှိရင်တောင် သက်တမ်းတစ်ဝက်ကို နင့်ရှင်သန်ခြင်းအတွက် ခွဲပေးချင်တဲ့ကောင်ပါ.. မျက်ရည်မကျနဲ့..မကျလိုက်နဲ့..'
သူက မျက်ရည်ကျခွင့်မပေးဘဲ မျက်တောင်ရှည်တွေကို ငုံ့နမ်းလိုက်ပြီးမှ နေ့ကိုမွေ့ရာပေါ်ထိုင်စေသည်။ နေ့ဆံပင်တွေကို နေ့ရင်ဘတ်မှာ လွှမ်းခြုံထားသည့်တဘက်နှင့် ရေခြောက်သည်အထိ သုတ်ပေး၏။ စိတ်ရှည်လက်ရှည် သုတ်ပေးပြီးနောက် သူ နေ့ဆံနွယ်တွေကိုဖယ်၍ လည်ကုပ်စပ်က နေစက်ဝန်းပုံစံတက်တူးလေးကို နှုတ်ခမ်းဖျားနှင့်ဖိကပ်နမ်းသည်။
နေ့ကိုယ်လေး တွန့်သွားကာ ထရပ်ဖို့ဟန်ပြင်ပေမဲ့ သူက လုံးဝန်းသော ပခုံးသားလေးတွေထိ အနမ်းတွေ တောက်လျှောက်ကျူးကျော်လာခဲ့ပြီး သူမကိုယ်လေးကို သူနှင့်မျက်နှာချင်းဆိုင်ဖြစ်အောင်ဆွဲလှည့်သည်။
နေ အသက်ရှူနှုန်းနှင့်ရင်ခုန်သံတွေ မြန်ဆန်လာကာ ရင်ဘတ်လေး နိမ့်ချည်မြင့်ချည်ဖြစ်နေသည်။ စက်က ရေစက်လေးတွေခိုတွဲနေဆဲ မျက်နှာလေးကို ညှို့ငင်စွာ စိုက်ကြည့်၍ သူမလည်တိုင်မှာ မျက်နှာဖိကပ်၍ နှုတ်ခမ်းဖျားတွေ၊ လျှာတွေနှင့် သပ်လျက်လာ၏။
'အ...အာ့ ကင်း..'
လည်ပင်းကို ဖိကိုက်ခံရသဖြင့် နေ့ထံမှ အသံလေးတိုးတိမ်စွာထွက်လာသည်။ သူ့ရင်ဘတ်ကို တွန်းထားရင်း..
'ကင်း... မဖြစ်ဘူးနော်...မနက်ဖြန် မင်္ဂလာပွဲရှိ...'
စကားမဆုံးလိုက်ဘဲ ဖိပိတ်ခြင်းခံလိုက်ရသည့်နှုတ်ခမ်းလွှာတို့သည် သူ တပ်မက်မေ့မူးစွာ ဆွဲငင်နေသည့်အတိုင်း အလိုအလျောက် စီးမျောလိုက်ပါမိခဲ့လျက် နေ သူနှင့်အတူ မွေ့ရာပေါ်ပြိုလဲကျသွားသည်။ ရင်လျားထားသည့်တဘက်လည်း ကွာကျသွားကာ နေ့ကိုယ်မှာ ဝတ်လစ်စလစ်ဖြစ်သွား၏။ သူက မျက်နှာချင်းခေတ္တ ခွာလိုက်ပြီး...
'တစ်ကြိမ်တည်းပါ နေ.. ကြည်ဖြူပေးမယ်မို့လား... ငါအရမ်းတောင့်တနေတာ...'
နေ မျက်လုံးများ ဖိပိတ်၍ သူ့ဆန္ဒအတိုင်း လက်ခံလိုက်ရတော့သည်။ သူက နေ့ကိုယ်ပေါ်မှာအုပ်မိုးလာကာ ရင်ဘတ်တွေ၊ လည်တိုင်တွေကို အရာတွေထင်သွားသည်အထိ ကိုက်ခဲငုံထွေးလာသည်။ နေလည်း သူ့လိုပဲ သူ့ရင်ဘတ်ကိုအမှတ်အသားတွေအပြန်အလှန်ပေးရင်း သူ့အနမ်းတွေကြား လူးလွန့်နေသည်။
သူ လှုပ်ရှားမှုတွေအတိုင်း မွေ့ရာကိုဖိဆုပ်၍ လိုက်ညည်းမိရင်း ခဏအတွင်းမှာပဲ တစ်သားတည်းဖြစ်သွားခဲ့သည်။ ခံစားချက်တွေဟာ လနှင့်ချီ၍ ဝေးကွာခဲ့၍များ အသစ်လိုဖြစ်နေသည်လား၊ မရိုးနိုင်အောင်ပဲ ပြုစားထားသလား မသိပါဘဲ ဝေဟင်ပေါ်လွင့်နေသကဲ့သို့ အထွတ်အထိပ်ရောက်နေသည်။ သူက သူမပြီးမချင်း အလျှော့မပေးတတ်သူပီပီ နေ့ညည်းသံတွေကိုလည်း ဥပေက္ခာပြု၍ သူ့စိတ်ကျေနပ်သည်အထိ ခရီးဆက်နေဆဲ။ သူပြောသည့် တစ်ကြိမ်ဟာ မနက်၁နာရီထိုးထိ ကြာသွားသည်မို့ နေ အသံတောင်မထွက်နိုင်တော့ဘဲ အိပ်မောကျသွားခဲ့သည်။
'ဟဲ့... ကလေးတွေ မနိုးသေးဘူးလား... မင်္ဂလာပွဲရှိတာကိုမေ့နေကြတာလား... ထကြတော့လေဟဲ့...'
မာမီ့နှိုးသံကြားမှ နေ လူးလွန့်၍ မျက်လုံးပွင့်လာသည်။ စက်က သူမကိုပွေ့ပိုက်၍ အိပ်ပျော်နေဆဲမို့ နေ သူ့ပါးပြင်ကို လှုပ်နှိုး၏။
'ကင်း..ကင်း ထတော့.. မင်္ဂလာပွဲရှိတယ်လေ... ဒုက္ခပါပဲ.. ငါမိတ်ကပ်ပြင်ရမှာ နောက်ကျတော့မယ်...'
နေ သူ့ကိုယ်ကြီးကိုတွန်းဖယ်၍ ခြေရင်းက တဘက်ကိုဆွဲယူပြီး ကိုယ်မှာ ပတ်လိုက်သည်။ ရေချိုးခန်းထဲ ပြေးဝင်၍ ရေချိုးအဝတ်အစားလဲပြီးသည်အထိ စက်က မနိုးသေး။
'ကင်းရေ... ထတော့လို့...'
နှိုးနေဆဲမှာ တံခါးခေါက်သံကြားလိုက်ရပြန်သည်။
'သားတို့ သမီးတို့ရေ...'
'လာပြီ မာမီ ..လာပြီ...'
နေ တံခါးပြေးဖွင့်တော့ ဒေါ်မြမိုးစက်က အပြင်မှာရပ်စောင့်နေ၏။
'သမီးလေး... မိတ်ကပ်ဆရာမ ရောက်နေပြီ.. သားရော မနိုးသေးဘူးလား...'
'မနိုးသေးဘူး မာမီ.. မာမီနှိုးလိုက်ပါဦး..'
နေ မိတ်ကပ်ပြင်သည့် အခန်းထဲသို့ အလောသုံးဆယ်ဝင်ခဲ့လျှင် မိတ်ကပ်ဆရာမနှင့်မီးမီးက စောင့်နေကြပြီဖြစ်လျက်..
'သတို့သမီးရယ်... စောင့်လိုက်ရပါကော...'
'sorryပါ.. နေ အိပ်ရာထနောက်ကျသွားလို့...'
မိတ်ကပ်ဆရာမက ရယ်ရင်း နေ့ကို မိတ်ကပ် စပြင်ပေးတော့သည်။
'ရှင့်သတို့သားနဲ့ရှင်လေးက အမြွှာတွေလို ရုပ်ချင်းချွပ်စွပ်ပဲဆို..'
'ဒါပေါ့... နေတို့က တစ်ချိန်တည်းအတူတူမွေးလာတာလေ...'
'ဒါဆိုဖွားဖက်တွေပေါ့.. အတော်ချစ်ကြမှာပဲနော်...'
'ချစ်တာပေါ့...'
ဆရာမမေးသမျှ ပြန်ဖြေနေသည့် နေ့မျက်နှာလေးက ပြုံးရွှင်နေ၏။ ဆရာမက စကားတပြောပြောနှင့်မိတ်ကပ်လိမ်းပေးရင်း သတို့သမီးဝတ်စုံဝတ်ပြီးသွားချိန်တွင် စက် အခန်းထဲဝင်လာသည်။ သူ့လက်ထဲမှာ ကတ္တီပါဘူးတစ်ဘူး ကိုင်ထား၏။
'ပြီးပြီလား နေ...'
သူက အဖြူရောင်အနောက်တိုင်းဝတ်စုံဝတ်ထားကာ ဆံပင်ရှည်တွေကို စုစည်းသိမ်းဖွဲ့ထားသဖြင့် သပ်ရပ်ခံ့ညားနေသည်။ နေ့နားထိ လျှောက်လာပြီး သတို့သမီးဝတ်စုံလေးနှင့်နေ့ကို ငေးခနဲဖြစ်သွား၏။
'ဟော..သတို့သားငေးနေရပြီ..'
ဆရာမက ပြုံးစစမျက်နှာနှင့်ပြော၍ နေ့လည်ပင်းကိုမိတ်ကပ်ထပ်ဖို့ပေးရင်း သူ့ဘက်လှည့်လာသည်။
'သတို့သားရေ.. ချစ်တာလည်း ချစ်ကြပေါ့နော်.. နည်းနည်းတော့လည်း လျှော့ဦး.. ဒီမှာ ရှင့်ကိုက်ရာတွေချည်း လိုက်ဖာထေးပေးနေရတယ်...'
ဆရာမစကားကြောင့် စက်နှင့်နေ မျက်နှာမထားတတ်အောင် နီရဲပူထူသွားကာ စက်က မျက်နှာကို လက်နှင့်တစ်ချက်သပ်၏။ နေက ရှက်ဝဲဝဲလေးမျက်လွှာချ၍ ခေါင်းမော့မလာတော့ချေ။ အားလုံးပြင်ဆင်ပြီးသွားတော့ ဆရာမနှင့်မီးမီးက ထွက်သွားကြပြီဖြစ်ကာ စက်နှင့်နေပဲ ကျန်ရစ်ခဲ့ကြသည်။ နေက သတို့သမီးအုပ်ဆောင်းမကြိုက်သူမို့ စက်က ကတ္တီပါဘူးထဲက စိန်သရဖူကို သူမဦးခေါင်းထက်မှာ တင်ပေး၍ လက်ဝတ်ရတနာတွေကို သူကိုယ်တိုင်ဆင်မြန်းပေးသည်။ ထို့နောက် မှန်ရှေ့မှာ နှစ်ယောက်ယှဥ်ရပ်လိုက်ကြပြီး...
'Sun Empireရဲ့ဘုရင်မအဖြစ် တင်မြှောက်လိုက်ပါပြီခင်ဗျာ...'
'ဟင့်အင်း.. ငါက နေစက်ကွင်းရဲ့သတို့သမီး..'
နေက အသုံးအနှုန်းပြင်ပြောလျှင် စက် ပြုံးစစကြည့်၍ သူမလက်ကိုဆွဲလျက် အခန်းထဲမှ ထွက်လာခဲ့သည်။ နေ့လက်ထဲမှာ နေကြာပန်းစည်းလေးကိုင်ထားခဲ့ပြီး...
'ဟော...သတို့သားနဲ့သတို့သမီး ထွက်လာကြပါပြီခင်ဗျာ... '
'Congratulation ပါ နေနှစ်ထပ်ကွမ်းအတွဲရေ...'
ရာမတို့ အော်ဟစ်ကြိုဆို၍ ဓာတ်ပုံတဖျပ်ဖျပ်ရိုက်ကြသည်။ မိဘတွေ ၊ သူငယ်ချင်းတွေ၊ Sun Empire၏ အမှုထမ်းတွေအားလုံး စုဝေးစုံညီနေကြပြီး အပြင်ဧည့်သည်ဆို၍ ရွှေတြိဂံဒေသမှ စက်၏ မိတ်ဆွေအချို့သာ လာရောက်ပွဲတက်ကြသည်။
လက်ထပ်ပွဲကို နေ့ဆန္ဒအတိုင်း နေကြာရိုင်းပင်တွေ အပြိုင်းအရိုင်းပေါက်နေသည့် သင်္ခယာနယ်မြေအတွင်း ကွင်းပြင်ကျယ်ကြီးထဲမှာ ဘာအခင်းအကျင်းမှမပါဘဲ ရိုးရှင်းစွာ ကျင်းပဖြစ်ခဲ့သည်။
သူငယ်ချင်းတွေ ၊ နှစ်ဖက်မိဘတွေနှင့်အတူ ဓာတ်ပုံရိုက်ကြပြီး အမှုထမ်းတွေ၊ ဧည့်သည်တွေကို လိုက်လံနှုတ်ဆက်ရင်း တောင်ကမူစွန်းဘေး ရေတံခွန်နားထိ ရောက်လာကြသည်။
'သင်္ခယာနယ်မြေက အမြဲလှဆဲပဲနော်...ဒီနေကြာပန်းလေးတွေရော...'
နေက နေကြာရိုင်းပင်တွေကို လက်နှင့်တို့ထိကစားရင်း ရွှင်မြူးစွာဆိုသည်။
'နေစက်ကွင်းက မျက်နှာမူလိုက်တဲ့အရပ်ဒေသတိုင်းမှာ နေကြာတွေကိုပဲမြင်ချင်တဲ့သူလေ ..'
သူက ကဗျာဆန်စွာပြော၍ တစ်ဖက်လှည့်လိုက်စဥ် သူတို့နှင့် မလှမ်းမကမ်းမှာ ကွေ့ဝိုက်လာသည့် အာဝမ်းဆိုင်ကယ်တစ်စီးကိုမြင်လိုက်ရသည်။ နေက ကန်ရေပြင်ကိုငေးရင်း သတိမထားမိချေ။
ဆိုင်ကယ်က ထိုနေရာမှာပဲရပ်သွားကာ ဟဲလ်မက်ချွတ်၍ ဆိုင်ကယ်ပေါ်မှဆင်းလာသူက တစ်ကိုယ်လုံးနက်စွေးနေအောင် ဝတ်ထားပြီး မျက်မှန်နက်လည်း တပ်ထားသေး၏။ ကျောပိုးအိတ်တစ်လုံးလွယ်ထားပြီး ခြေလှမ်းကျဲများနှင့်လျှောက်လာတော့ စက်မျက်နှာကြီးဝင်းပသွားကာ အပြေးတစ်ပိုင်း လှမ်းခဲ့သည်။
'နတ်စစ်သည် ...'
လှိုက်လှဲစွာခေါ်၍ ပွေ့ဖက်ဆီးကြို၏။
'ဖိတ်ထားတော့လည်း ရောက်အောင်လာရတာပေါ့.. မကွေးကနေ ဒီကိုလှည့်လာရလို့နောက်ကျသွားတာ sorry...'
'ကျွန်တော်က ခင်ဗျားကို မျှော်နေတာ.. ရောက်လာပေးလို့ တကယ်ဝမ်းသာတယ်ဗျာ...'
'ငါ့ဘဝမှာ ပထမဆုံးတက်ဖူးတဲ့ မင်္ဂလာပွဲပဲ..'
သူ နတ်စစ်သည်ကို ဖိတ်ရုံပဲဖိတ်ခဲ့ပြီး ကျင်းပမည့်နေရာနှင့်အချိန်ကို မပြောခဲ့ပေ။ ဒီလူကတော့ သူ့ကတိအတိုင်း တကယ်ရောက်လာခဲ့ပါ၏။ သူတို့နှစ်ယောက် နေ့ဆီလျှောက်ခဲ့ကြလျှင် နေက သူနှင့်အတူပါလာသည့်ဧည့်သည်ကို ခြေဆုံးခေါင်းဆုံး စူးစမ်းအကဲခတ်နေသည်။
'နေ ... သူ ဘယ်သူလဲ သိလား...'
စက်က မျက်စပစ်၍ မေးသည်။ နေက ရေခဲငွေ့ရိုက်ထားသကဲ့သို့အေးစက်စက်မျက်နှာနှင့် သူစိမ်းကို သေချာကြည့်၍..
'နတ်စစ်သည် ဆိုတဲ့လူလား...'
အံ့သြသံလွှမ်း၍ တိုးတိမ်စွာမေးလျှင် စက်က လက်မထောင်ပြ၏။ နတ်စစ်သည်က မျက်မှန်ချွတ်၍ မတည်မပြုံးမျက်နှာနှင့်ရှိနေဆဲ။ နေ ထိုလူကို အခုလိုတွေ့ရလိမ့်မည်ဟု မထင်ထားခဲ့။ ဒဏ္ဍာရီဆန်သည့် သမိုင်းကြောင်းများကို ကင်းထံမှ ကြားဖူးနားဝရှိနေခဲ့သည့်အပြင် ကင်းအသက်နှင့် သူမဘဝကိုလည်း ကယ်ခဲ့သူဖြစ်သေးသည်။ ထို့ကြောင့် မျက်ဝါးထင်ထင် မြင်လိုက်ရသည့် ဝမ်းသာစိတ်ကြောင့်...
'နေက အစ်ကို့အကြောင်းတွေကို ကင်းဆီကနေ ကြားဖူးနားဝရှိခဲ့တာကြာပြီ.. ကင်းကိုကူညီပေးခဲ့တာတွေအတွက်လည်း ဒီလိုလူချင်းတွေ့ပြီး ကျေးဇူးတင်စကားပြောချင်ခဲ့တာ...တွေ့ရတာ ဝမ်းသာပါတယ်အစ်ကို..'
နေ လှိုက်လှဲသောအသံဖြင့်ပြော၍ လက်ကမ်းပေးတော့ နတ်စစ်သည်က ပြန်လည်လက်ဆွဲနှုတ်ဆက်သည်။
'အခု တွေ့ရပြီဆိုတော့ ညီမဆန္ဒတွေ ပြည့်ဝသွားပြီထင်ပါတယ်...'
'ပြည့်ဝသွားပါပြီ အစ်ကို..'
' ညီမ ကံကောင်းပါတယ်၊ လက်ထပ်ပြီးတဲ့နောက် သာယာပျော်ရွှင်စရာကောင်းတဲ့နေ့ရက်တွေပဲ ပိုင်ဆိုင်ရတော့မှာ..'
'အစ်ကို့ဆုနဲ့ ပြည့်ပါရစေ..'
နေက ပြုံးမြမြလေး ခေါင်းညိတ်၏။ နတ်စစ်သည်က ဘာစကားမှထပ်မဆိုတော့ဘဲ ကျောပိုးအိတ်ထဲက ကင်မရာတစ်လုံးကိုထုတ်လိုက်သည်။
'ဘာလက်ဖွဲ့မှမပါပေမဲ့ အမှတ်တရဓာတ်ပုံတွေတော့ ရိုက်ပေးနိုင်ပါသေးတယ်.. '
စက်နှင့်နေ အပြုံးမျက်နှာများ ကိုယ်စီနှင့် နတ်စစ်သည်ညွှန်ကြားသည့်အတိုင်း ပို့စ်ပေးကြသည်။ ထိုသူက Professional photographer ပီသစွာ ဓာတ်ပုံတဖျပ်ဖျပ်ရိုက်ပေးရင်း...
'ကဲ... မင်္ဂလာဦးအနမ်းလေး ပေးတဲ့ပုံရိုက်ပြီးရင်တော့ တော်ပြီ.. ဒီကမူစွန်းပေါ်တက်ခဲ့လိုက်..မက်ဆီကန်နေကြာတွေနဲ့ပနံတင့်သွားအောင်...'
ကင်မရာမန်းစကားအတိုင်း စက်က နေ့ကို ကမူစွန်းပေါ် ပွေ့ခေါ်၍ မျက်နှာချင်းဆိုင်ရပ်သည်။ တစ်ယောက်ကိုတစ်ယောက် အပြန်အလှန်ကြည့်၍ နမ်းဖို့ဟန်ပြင်စဥ် နေ ရုတ်တရက် ဝေါ့ခနဲပျို့တက်သွား၏။ စက် မျက်ခုံးတွေမြင့်တက်သွားကာ..
'နေ... နေမကောင်းဘူးလား...'
'sorry... ငါ တမင်လုပ်တာမဟုတ်..'
စကားမဆုံးသေးဘဲ ပျို့တက်လာသဖြင့် နေ ပါးစပ်ကို လက်ဝါးနှင့်ဖိအုပ်လိုက်ရသည်။
'အန်ချင်နေတာလား..အဆင်ပြေရဲ့လား နေ... အထဲပြန်သွားမလား...'
'ဟင့်အင်း.. မသွားချင်ဘူး... ဒီမှာပဲနေမယ်... ခုံ..ခုံရွှေ့လာပေးပါ...'
နတ်စစ်သည်လည်း ကင်မရာပြန်သိမ်း၍ နေ့ကိုတွဲထိန်းလိုက်ရပြီး စက်က ဖိုက်ဘာခုံတစ်လုံးပြေးယူ၏။ နေက ရေကန်ဘေးမှာ တဝေါ့ဝေါ့ထိုးအန်နေကာ နတ်စစ်သည်ခမျာ နေ့နောက်ကျောကိုထုပေးနေရတော့သည်။ ရေကို လက်ခုပ်နှင့်ခပ်၍ အာလုတ်ကျင်းစေပြီးမှ စက်သယ်လာသည့်ခုံပေါ်မှာ ထိုင်ဖြစ်အောင် တွဲထူပေးသည်။
'သက်သာရဲ့လား... ဆရာဝန်ခေါ်လိုက်ရမလားနေ... အိပ်ရေးပျက်လို့များလား..'
သူ မုဆိုးဒူးထောက်အနေအထားနှင့် တတွတ်တွတ်မေးသည်။ နတ်စစ်သည်က နေ့လက်ကောက်ဝတ်သွေးခုန်နှုန်းတွေကိုစမ်းသပ်ကြည့်၍ ပြုံးယောင်ယောင်တစ်ချက်ဖြစ်သွားကာ..
'မင်း ကလေးအဖေဖြစ်တော့မယ် နေစက်ကွင်း...'
'ဗျာ...'
စက် ရုတ်တရက် ဗျာခနဲဖြစ်လျက် နားကြားများလွဲသလားဟူသည့်ပုံစံနှင့် နတ်စစ်သည်ကိုတစ်လှည့် နေ့ကိုတစ်လှည့် ဝေ့ကြည့်သည်။
'သူ့ကျောက်ကပ်တွေပျက်စီးသွားပေမဲ့ သွေးသားကတော့ ကံကောင်းထောက်မစွာနဲ့ ရှင်သန်ကျန်ရစ်ခဲ့တယ်.. '
'ခင်ဗျား တကယ်ပြောနေတာနော်... နေ့... သူပြောသလို ဟုတ်ရဲ့လား..'
ကြားနေရပေမဲ့ မယုံရဲသေးဘဲ နေ့ကိုထပ်မေးသည်။ နေ့မျက်နှာလေး ရှက်ရိပ်လွှမ်း၍ နီရဲနေတာမြင်မှ သူ့မျက်နှာကြီး နေဆယ်စင်းတစ်ပြိုင်တည်း လင်းသကဲ့သို့တောက်ပသွားသည်။ သူ ချစ်မြတ်နိုးရပါသော မိန်းမလှသည် သူ့ရင်သွေးကို လွယ်ထားရပြီဆိုသော စကားကြောင့် ရိုးတွင်းခြင်ဆီထိ လှိုင်းအလျင်ကဲ့သို့ ပီတိတွေစိမ့်ဝင်လျက်...
နေ့လက်ကလေးကိုတုန်ယင်စွာ ဆုပ်ကိုင်လာကာ..
'ကျေးဇူးပဲ နေရာ... ငါ့ရင်သွေးလေးကို မြင်ရတော့မယ် ...'
ဝမ်းသာလုံးဆို့နေသည့် အက်ကွဲသံဖြင့်ပြောရင်း နေ့လက်တွေကို သူ့ပါးပြင်နှင့်ထိကပ်ထားမိသည်။ နတ်စစ်သည်က ထိုပုံရိပ်လေးကို ကင်မရာနှင့် ဖျပ်ခနဲရိုက်လိုက်ပြီးနောက်..
'ဓာတ်ပုံတွေကို လူကြုံနဲ့ပို့ခိုင်းလိုက်ပါ့မယ်.. မင်းနဲ့ငါ့ရေစက်က ဒီလောက်ပဲနေစက်ကွင်း.. '
'ခင်ဗျားပြန်တော့မလို့လား...'
'အင်း..ငါသွားစရာရှိသေးတယ်.. တိုက်တိုက်ဆိုင်ဆိုင် ဒီနေ့က သူဆုံးတာ လေးလပြည့်တဲ့နေ့လေ...'
ကျောပိုးအိတ်လွယ်လျက် ဆိုင်ကယ်ပေါ်တက်၍ မောင်းထွက်သွားသည့်ကျောပြင်ကိုကြည့်ရင်း ဝမ်းသာစိတ်များကြားမှ ရင်နင့်သွားရပြန်သည်။ သို့သော် နေ့မျက်နှာလေး ပြုံးပျော်နေတာမြင်မှ သူလည်း အပြုံးတွေပြန်လည်ပွင့်လန်းလာကာ..
'ဒီနေ့က ငါ့ဘဝရဲ့ ပြီးပြည့်စုံလွန်းတဲ့နေ့တစ်နေ့ပဲ... ငါ့မှာ ချစ်ရတဲ့မိန်းမနဲ့ ရင်သွေးလေးလည်း ရှိနေပြီ.. မိသားစုဘဝလေးပိုင်ဆိုင်ရတော့မယ်...သိပ်ချစ်တယ် နေ...'
'ငါရောပဲ...နင့်ကို အရမ်းချစ်တယ်.. အရမ်းလည်းပျော်တယ်...'
နေက သူ့နဖူးပြင်ကိုငုံ့နမ်း၏။ သူ နေ့လက်ကလေးတွေကို မလွှတ်တမ်းဆုပ်ထားခဲ့ပြီး ရင်ထဲမှာ ကြည်နူးခြင်းတသိမ့်သိမ့်ဖြင့်..
ရှေ့ဆက်၍ ဒီလို သာယာလှပသောနေ့ရက်များဖြင့်သာ ဖြတ်သန်းကုန်ဆုံးရပါစေ...။
YOU ARE READING
☀️The Will Of The Heart🌻
Romanceဘုရားက ငါ့ကိုကောင်းချီးတစ်ခုပေးတယ်.. နေရဲ့စက်ကွင်းထဲမှာ နေကြာတွေ အဆုံးမဲ့ပွင့်စေ..တဲ့... ငါ့လက်တစ်ဖက်က သွေးစွန်းနေရင်တောင် ကျန်လက်တစ်ဖက်ထဲမှာ အလှပဆုံးနေကြာတစ်ပွင့် ခမ်းနားစွာပွင့်လန်းနေလိမ့်မယ်...🌻 နေစ...