ဒီနေ့ သာသာက ခရီးထွက်သွားသဖြင့် သာသာ့ပိုးထည်ဆိုင်မှာ ဝင်ထိုင်ပေးဖို့က နေ့တာဝန်ဖြစ်သွားခဲ့သည်။ တူဝရီးနှစ်ယောက်တည်းသာရှိခဲ့သည့် အသိုက်အမြုံလေးထဲမှာ သာသာက သူ့အလုပ်ကို ပို၍ဦးစားပေးတတ်သည်မှလွဲလျှင် နေ့အတွက်တော့ တာဝန်ကျေသည့် အဒေါ်တစ်ယောက်ဖြစ်၏။
မိဘတွေဆုံးသွားတော့ လုပ်ငန်းများအားလုံးဒေဝါလီခံလိုက်ရပြီး သာသာတစ်ယောက်သာ ပိုးထည်ဆိုင်လေး တစ်ပိုင်တစ်နိုင် ကုပ်ခြစ်စုဆောင်း ဖွင့်ခဲ့ရပြီး နေ့ကိုလည်း မပူမပင် မကြောင့်မကြ ကျွေးမွေးစောင့်ရှောက်ထားခဲ့ပါ၏။
အခုလည်း သာသာက ဆိုင်ကို သွားကြည့်ပေးပါဦးဆို၍သာ လာခဲ့ရသည်။ တစ်ခါမှ ဆိုင်မထိုင်ဖူးတော့ အူကြောင်ကြောင် ပျင်းခြောက်ခြောက်နိုင်လှ၏။
မန်နေဂျာအစ်မက နေ ကြောင်တောင်တောင်ဖြစ်နေတာကို နားလည်စွာပြုံး၍ ...'ညီမလေးက ဒီဆိုင်ကိုလာလေ့မရှိတော့ အသားမကျတာပါ၊ အေးဆေးထိုင်နေနော်..'
'မဟုတ်တာ.. နေ နားမလည်တာရှိရင် အစ်မကပြန်ရှင်းပြပေးပေါ့.. အဲဒါဆို နေလည်း ကူလို့ရတယ်လေ.. နေ ကွန်ပျူတာနဲ့စာရင်းအင်းပိုင်း နားလည်ပါတယ်...'
'အေးပါ ညီမလေးရေ..အန်တီသာ့မှာ တူမရှိတယ်လို့သာ သိတာ.. လူကိုခုမှပဲမြင်ဖူးတော့တယ်... အရပ်ကြီးကလည်း ရှည်လိုက်တာ... မော့ကြည့်နေရတယ် ..'
ဝန်ထမ်းကောင်မလေးတွေကလည်း နေ့ကို ဖော်ရွှေကြသည်။ နေ ကိုယ်ကျွမ်းကျင်သည့်အပိုင်းကိုကူဖို့ အတွင်းဘက် ကောင်တာစားပွဲမှာဝင်ထိုင်သည်။
'အမရပူရ အထည်တွေက အစီး၂၀နော် အစ်မ..'
ချိတ်အဆင် ဆန်းဆန်းပြားပြားတွေ အသစ်ရောက်လာတော့ တင်ကြချကြနှင့် ကောင်မလေးတွေကို ကူညီပေးသည်။ကောင်တာမှာ ထိုင်ရာမထ စာရင်းတွေလုပ်ရင်း အချိန်တွေဘယ်လိုကုန်သွားမှန်းမသိလိုက်ဘဲ နေ့လယ်စာစားချိန်ရောက်မှ နားရတော့သည်။
'မမလေး ..ထမင်းစားတော့မလား .. ပြင်လိုက်ရမလား...'
ကောင်မလေးတွေက လိုလေသေးမရှိ လုပ်ကိုင်ပေးကြသည်မို့ နေ သိပ်မပင်ပန်းလိုက်ပါ။
VOCÊ ESTÁ LENDO
☀️The Will Of The Heart🌻
Romanceဘုရားက ငါ့ကိုကောင်းချီးတစ်ခုပေးတယ်.. နေရဲ့စက်ကွင်းထဲမှာ နေကြာတွေ အဆုံးမဲ့ပွင့်စေ..တဲ့... ငါ့လက်တစ်ဖက်က သွေးစွန်းနေရင်တောင် ကျန်လက်တစ်ဖက်ထဲမှာ အလှပဆုံးနေကြာတစ်ပွင့် ခမ်းနားစွာပွင့်လန်းနေလိမ့်မယ်...🌻 နေစ...