'Royal Groupက ဒေါ်လာသုံးဆယ်မီလီယံပါတဲ့ခင်ဗျာ... ဈေးပိုပေးမယ့်သူ ရှိပါသလား...'ဟိုတယ်အသစ်ဆောက်ဖို့ ဧကသုံးရာမြေကွက်လေလံပွဲမှာ ခရိုနီ၊လောပန်တွေ ၊ စီးပွားရေးလုပ်ငန်းရှင်တွေ စုဝေးရောက်ရှိနေကြကာ မြေကွက်ကို အပြိုင်အဆိုင် ဈေးပိုပေး၍ လေလံဆွဲကြသည်။ ငါး မီလီယံဒေါ်လာမှ အစပြုခဲ့သည့်လေလံပွဲက Royal Group၏ အမြင့်ဆုံးဈေး သုံးဆယ်မီလီယံထိ ရောက်လာသဖြင့် အသံတွေ ထပ်မကြားရတော့ဘဲ ဖြုံသွားကြသည်။
'ဈေးပိုပေးမယ့်သူ ရှိပါသေးသလား ခင်ဗျာ...'
မေးသံ ထပ်ထွက်လာသော်လည်း ပြန်ဖြေသံထွက်မလာသေး။
'ပိုပေးမယ့်သူ မရှိဘူးဆိုရင် အချိန်စေ့ခါနီးပြီမို့ လေလံပိတ်ပါတော့မယ်..'
ဒိုင်၏ အော်သဲကြောင့် ဈာန်ရဲ လက်ပိုက်၍ ခပ်မိန့်မိန့်ပြုံးသည်။ မြေကွက်သည် မိနစ်ပိုင်းအတွင်း အမြင့်ဆုံးဈေးဖြင့် လေလံအောင်တော့မည်။
'ဘော့စ်... ဘယ်လောက်နဲ့လဲ..'
သူ့ဘေး တစ်ခုံကျော်မှ လူတစ်ယောက်က နားကြပ်တပ်၍ တီးတိုးဈေးမေးနေသည်ကို ကြားလိုက်ရသည်။ ဈာန်ရဲ ထိုသူကို မသိမသာ စူးစိုက်ကြည့်နေမိ၏။
'ကဲ...နောက်ဆုံးအကြိမ်...'
'ငါးဆယ် ...'
ဒိုင်၏ကြေညာချက်မဆုံးသေးခင် စောစောကလူက လက်ငါးချောင်းထောင်ပြလျှင် အားလုံး မျက်လုံးပြူးသွားကြသည်။ ဈာန်ရဲကိုယ်တိုင် ကိုယ်လုံးကြီးကြွတက်လာသည်အထိ ခါးမတ်သွားသည်။
'Sun Empireက ငါးဆယ်မီလီယံ..'
ထိုလူက ထပ်ပြောလျှင် တုံးခေါက်ဖို့ဟန်ပြင်နေသည့် ဒိုင်ပင် တုံးကိုင်ထားရင်း ကြောင်ကြည့်နေပြီးမှ..
'Sun Empireက ငါးဆယ်မီလီယံပါတဲ့ခင်ဗျာ .. ဈေးပိုပေးမယ့်သူ ရှိပါသေးသလား...'
ဈာန်ရဲ ထိုသူကို မယုံနိုင်သလိုကြည့်ရင်း စောစောက ထီမထင်အပြုံးတွေ ပျောက်ကွယ်ကုန်သည်။ သူ ကြောင်ကြည့်နေစဉ် ဒိုင်၏တုံးခေါက်သံနှင့်အတူ Sun Empireက လေလံပွဲနိုင်သွားကြောင်း ကြေညာသည်။ လက်ခုပ်သံတွေ၊ဂုဏ်ပြုသံတွေနှင့်ပွဲသိမ်းလိုက်ပြီး ကိုယ်စီ ခန်းမထဲကထွက်လာကြ၏။
တကျိကျိမြည်နေသည့် ဈာန်ရဲ၏အံကြိတ်သံကိုတော့ ဘယ်သူမှ ကြားနိုင်လိမ့်မည်မဟုတ်။ လေလံနိုင်သွားသူက သူ့ရှေ့မှ ဖြတ်လျှောက်လာကာ စကားပြောမပျက်ချေ။
'Boss... ကျွန်တော် mailပို့ထားတယ်..'
'အေး တွေ့တယ်...မင်းတော်တယ် ခရာ...'
စက် ipadထဲက video fileတစ်ခုကိုကြည့်၍ ထရပ်လိုက်သည်။ လိုချင်တာ ရသွားသူတို့ထုံးစံအတိုင်း ခပ်ဝံ့ဝံ့ပြုံး၍ သူကြည့်ပြီးသည့် video fileကို forwardလုပ်ကာ တခြားaccountတစ်ခုသို့shareလိုက်လျှင် ထိုaccountမှ video call ဝင်လာသဖြင့် သူ မီးစိမ်းနှိပ်လိုက်ပြီး...
'ဟဲလို...'
'လုပ်ချင်တာလုပ်ရရင် ပျော်နေတာပဲငါ့သား ..'
ဖခင်ကြီး၏ ငေါ့တော့တော့စကားကြောင့် စက် ကော်ဖီတစ်ငုံသောက်လိုက်ပြီးမှ ခေါင်းညိတ်ပြ၏။
'ကျွန်တော့်လုပ်နိုင်စွမ်းကို ဒက်ဒီ ကန့်သတ်မပစ်ဖို့ပဲလိုတာ...'
'ငါ ကန့်သတ်လိုက်လို့ရော ရမှာတဲ့လား...မင်းလုပ်ချင်ရာလုပ်ခဲ့တာချည်းပဲလေ..'
မနူးညံ့တတ်ခဲ့သည့်ဒက်ဒီက စကားလုံးနုနုရွရွတွေလည်း ဘယ်တုန်းကမှ မသုံးတတ်ခဲ့ဘဲ...
'မင်းကို တရားစွဲဖို့ကိစ္စတွေရော ဘယ်လိုပြီးသွားလဲ... Royalက ဘဏ်စနစ်တစ်ခုလုံးဟက်ခံရတယ်ဆို... အဲဒါမင်းလက်ချက်လား...'
'ဒက်ဒီက ပြီးပြီးသားကိစ္စတွေ ပြန်မေးတဲ့အကျင့် ခုထိမပျောက်သေးပါလား..'
'ဟား သား... မင်း တကယ် မြွေပွေးကောင်ပဲ... မင်းလုပ်ထားတာတွေ အရမ်းအန္တရာယ်များတယ်နော်..'
screenမှာပေါ်နေသည့် ဉီးနေသိင်္ခ မျက်နှာက စိုးရိမ်ပူပန်မှုများနှင့် အတော်လည်း အံ့သြနေပုံပင်။ စက်က ဟက်ခနဲတစ်ချက်ရယ်လျက်...
'ဒက်ဒီနဲ့ အဲဒီ့expression မလိုက်ဖက်ပါဘူး၊ ပုံမှန်နေစမ်းပါဒက်ဒီရ... ကျွန်တော်က အေးဆေး...'
'ခွေးသူတောင်းစားလေး...ငါ အိုဗာလုပ်ပြနေတယ်ထင်လို့လား...'
'ကျွန်တော်မပြောရသေးပါဘူး ..ဒက်ဒီပဲပြောနေတာ...'
'မင်းကတော့ကွာ...'
ဒက်ဒီက screenမှာ အံကြိတ်၍ လက်သီးဆုပ်ပြနေ၏။ စက်က မတည်မပြုံးမျက်နှာနှင့် ရှိနေဆဲ။
'မင်း ငါ့ဆီလိုက်လာဖို့စိတ်ကူးမရှိဘူးလား ...'
'မရှိဘူး...'
'အေး ဖအေကို အဲ့လိုသိတတ်တာ ကောင်းပါတယ်...'
'သိပြီးသားအဖြေကို ထပ်ခါထပ်ခါမမေးပါနဲ့... ဒက်ဒီ့ဆီကို မာမီလိုက်လာနေကျပဲ... ကျွန်တော့်ကို သတိရတယ်ဆိုရင် အဲဒီ့မှာနေလိုက်ဖို့ အစကတည်းကစိတ်မကူးခဲ့သင့်ဘူး ..'
'မေးမိတာ မှားပါတယ်ငါ့သားရယ်... ဒါနဲ့ ပန်းကလေးရော အဆင်ပြေရဲ့လား..'
ပန်းကလေးဆိုတာ နေ့ကို နှစ်ဖက်မိသားစု ချစ်စနိုးခေါ်ကြသည့် နာမည်ဖြစ်၏။
'နေ့ဘေးမှာ ကျွန်တော်တစ်ယောက်လုံးရှိနေတာပဲ ၊ ကျွန်တော် ဒက်ဒီ့ဆီ လိုက်မလာရတဲ့အကြောင်းရင်းက နေ့ကြောင့်လည်းပါတယ်.. ဒါပဲမို့လား ဒက်ဒီ... ကျွန်တော်အပြင်သွားမလို့...'
သူ end callနှိပ်လိုက်ပြီးမှ နေ့ကိုသတိရသွား၏။ သတိရစိတ်နှင့် ဖုန်းဆက်မိသည်။ သူဖုန်းဆက်တိုင်း ဘယ်တော့မှ ကိုင်သည်မရှိ၊ ပြန်ခေါ်သည်မရှိသော နေက ဒီတစ်ခါလည်းဖုန်းမကိုင်ပါ။
'တောက်! ဘာလို့ဖုန်းမကိုင်တာလဲကွာ...'
မက်ဆေ့ခ်ျတွေ ပို့သော်လည်း ပြန်စာမလာသဖြင့် သူ အတော်တင်းနေပြီ။ နေ သူ့ကိုစိတ်ကောက်နေသည်လား။ မိုးကုတ်ကိုသွားမည့်အကြောင်း သူမကိုမပြောမိခဲ့ပေ။ ခါတိုင်း သူခရီးထွက်တိုင်း ဘယ်နေရာပဲသွားပါစေ သူမကို ခေါ်နေကျ။ အခု အလုပ်ကိစ္စတွေကြောင့် ခရီးပန်းမှာစိုး၍သာ အသိမပေးဘဲ ထွက်ခဲ့ခြင်းဖြစ်၏။
သူမ စိတ်ကောက်နေလျှင် ချော့လို့ရသေးသည်။ ပြန်စာမလာသည့်သူကို ဘယ်လိုချော့ရမလဲ။
သူ ဖုန်းထောင်ကြည့်၍ မျက်မှောင်ကုပ်နေဆဲမှာပဲ မာန့်ဆီက ဖုန်းဝင်လာသည်။
'ဟဲလို..'
'ကိုစက်လား.. ယူ ဘယ်မှာလဲ...မာန် မိုးကုတ်ရောက်နေတယ်သိလား..'
'ဟင် ဟုတ်လား..'
'ယူလည်း အဲဒီ့မှာပဲမို့လား.. အားရင် မာန့်ဆီလာခဲ့ပါလား..Ruby Hotelမှာ...'
စက် တစ်ချက်တွေသွားပြီးမှ မာန် ရှိနေသည့် ဟိုတယ်သို့ ချက်ချင်းလိုက်လာခဲ့သည်။
ဟိုတယ်ရှေ့ရောက်ပြီဖြစ်ကြောင်း ဖုန်းဆက်ပြောတော့ မာန်က သူစောင့်နေသည့် နေရာသို့ လာတွေ့သည်။
'ကိုစက်ကို တွေ့ရတာအရမ်းဝမ်းသာတာပဲ၊ မာန် ရှုတင်တစ်ခုရှိလို့ ဒီကိုရောက်နေတာ..'
'မာန်က ဒီမှာဘယ်လောက်ကြာမှာလဲ...'
မာန်က အဖြူရောင်ဂါဝန်ရှည်ကြီးကိုဝတ်ထားကာ ဘယ်အချိန်ကြည့်ကြည့် ဆွဲဆောင်မှုရှိစွာ လှနေသည်။ စက်က မာန့်အလှတရားတွေကို အနီးကပ်ရှုစားနေရင်း ဆိုင်ကယ်ဘော်ဒီမှာ ခပ်နွဲ့နွဲ့လက်ပိုက်မှီရပ်၍မေး၏။
'မာန် သုံးရက်လောက်ကြာဉီးမယ်ထင်တယ်... ကိုစက်ကရော ..'
'ကိုယ်က ဒီအပတ်ထဲဖြစ်ဖြစ်မှာ...'
'ယူအားရင် မာန့်ရှုတင်ကိုလာခဲ့ဉီးလေ...'
'လာမှာပေါ့..'
သူ့အပြောကြောင့် မာန် ကျေနပ်သွားသည့် အပြုံးလေးတစ်ပွင့်နှင့် သူ့ကိုညှို့ရီရီကြည့်နေတော့ စက် နှုတ်ခမ်းတွန့်ရုံပြုံးသည်။
'မင်းသွားချင်တဲ့နေရာရှိရင်လည်း ပြောထားလေ၊ ကိုယ် လိုက်ပို့ပေးမယ်...'
'တကယ်လား...စောစောက ပြောရောပေါ့.. မာန်ဗိုက်ဆာနေတာ...တစ်ခုခုသွားစားကြမလား...'
'အိုခေ..'
စက်က သူမ ဘာပြောပြော ခေါင်းညိတ်လက်ခံပြီးသားဖြစ်လျက် ...
'ရှင့်ဆိုင်ကယ်ကြီးတော့ မာန် မစီးရဲဘူး... မာန့်ကားနဲ့သွားမယ်..'
မာန်က သူမကားကိုထုတ်လာတော့ သူ့ဆိုင်ကယ်ကို ဟိုတယ်ပါကင်မှာပဲ အပ်ထားခဲ့လိုက်သည်။ စက်က ကားမောင်းသူနေရာမှာဝင်ထိုင်၍ မြို့အပြင်ဘက် ကတ္တရာလမ်းဘေး တစ်နေရာက နာမည်ကြီး စားသောက်ဆိုင်တစ်ခုသို့ ခေါ်လာခဲ့၏။
ဆိုင်က လူအနည်းငယ်ပဲရှိကာ အတော်အတန်တိတ်ဆိတ်ငြိမ်သက်နေ၏။ စက်က ဆိုင်၏အပြင်ဘက် စားပွဲမှာ နေရာယူ၍ ထိုင်ကာ မာန်က သူ့အကြိုက်မေး၍ စားစရာတွေမှာနေ၏။
'ဒီနားက လေကောင်းလေသန့်ရသားပဲနော်.. နေကြာခင်းကြီးနဲ့ဆိုတော့ မျက်စိပသာဒဖြစ်နေရောပဲ..နေကြာ့ကိုတောင်သတိရသွားပြီ..'
မာန် စကားစလိုက်ပေမဲ့ စက်က နေကြာခင်းတွေဘက်ကိုပဲငေးနေပြီး ဘာမှပြန်မဖြေပါ။ သူ့မျက်စိရှေ့က နေကြာခင်းက အပင်ငယ်လေးတွေ လေယူရာတိမ်းလျက် အပြိုင်အဆိုင်ယိမ်းနွဲ့နေကြသည်။
.'ငါကလေ... အသက်တွေကြီးလာရင် အေးအေးဆေးဆေးအနားယူဖို့ နေကြာခင်းလေးတစ်ခင်းဝယ်မယ်...အိမ်ငယ်ငယ်လေးဆောက်ပြီး အေးအေးချမ်းချမ်းလေးနေသွားချင်တာ..'
နေကြာပင်တွေကိုမြင်တိုင်း နေပြောလေ့ရှိသည့် စကားကိုအမှတ်ရသွားမိသည်။ ဘယ်လောက်တောင်စိတ်ကူးယဉ်ဆန်လိုက်တဲ့ ကောင်မလေးလဲ။
တွေးရင်း အဆက်အသွယ်လုပ်ဖော်မရသူကိုမြင်ယောင်မိတော့ မသိမသာနှုတ်ခမ်းမဲ့သွား၏။
'ကိုစက်...ဘာတွေစဉ်းစားနေတာလဲ စားမယ်လေ..'
မာန့်အသံကြားမှ သူ့အတွေးတွေကိုပြန်ရုပ်သိမ်းလိုက်ရသည်။ သူတို့နှစ်ယောက်ကို ဆိုင်ထဲက လူတွေ အာရုံစိုက်နေကြတာကိုသတိထားမိသွား၏။
'မင်းနဲ့အခုလို အတူရှိရတာ အတော်လူကြည့်ခံရတယ်နော် မာန်..'
သူ့စကားကြောင့် မာန်က တခစ်ခစ်ရယ်သည်။ သူ့ပန်းကန်ထဲ ဟင်းတွေထည့်ပေးနေရင်း..
'ဘာဖြစ်လို့လဲ..တစ်ဖက်သားရဲ့အာရုံတွေကိုလွှမ်းမိုးဖမ်းစားနိုင်တာပဲလေ.. ကိုစက်က လူကြည့်ခံရတာမကြိုက်လို့လား..'
'မကြိုက်ဘူး...မလွတ်လပ်ဘူးလို့ခံစားရလို့ ..'
'ရှင်က ပေါ်ပြူလာဖြစ်တဲ့လူပဲကိုစက်ရဲ့.. ရှင့်လိုလူက လူကြည့်ခံရတာမကြိုက်ဘူးဆိုတာ ယုံချင်စရာမရှိပါဘူး ..'
'တကယ်ပြောတာ...ကိုယ်ရည်းစားထားလည်း လူသိ၊ ပြတ်ပြီဆိုလည်းလူသိ..ကိုယ့်ပါစင်နယ်လ်တွေလည်းလူသိ၊ ယုတ်စွအဆုံး တွိုင်းလက်ဝင်တာကအစ လူသိနေတာကြီးကို မနှစ်မြို့ဘူး၊ သူတို့ရဲ့စိတ်အာရုံကို လွှမ်းမိုးဖမ်းစားနိုင်တာမဟုတ်ဘဲ စောင့်ကြည့်ခံနေရတယ်လို့ခံစားရတယ်...'
'ခစ် ခစ်... ရှင့်ညီမလည်း အဲ့လိုပြောတယ်၊ ရှင်တို့မောင်နှမ မာန့်လို celebrityတစ်ယောက်ရှေ့မှာတော့ အဲ့လိုမပြောသင့်ဘူးနော်..'
'ဪ...မပြောသင့်ဘူးလား..'
စက်က ပြန်မေးနေပြီးမှ ထမင်းလည်းဟုတ်တိပတ်တိမစားဖြစ်ဘဲ လက်စသတ်ကာ...
'လူကြည့်ခံရတာကိုမကြိုက်တာပါ၊ သိပ်ဂရုမစိုက်တတ်ဘူး..'
'ရှင်ကလည်း ရှင့်ညီမလေသံအတိုင်းပဲနော်.. baeနဲ့တောင် ညက စကားပြောဖြစ်သေးတယ်.. သူက ရန်ကုန်မှာကျန်ခဲ့တာလား...'
'အင်း ဟုတ်တယ်၊ သူပင်ပန်းမှာစိုးလို့လေ .. သူက ခရီးပန်းတတ်လို့ ...'
'သူကလည်းပြောတယ်... ခရီးအကြာကြီးထွက်ရင် ကိုယ့်ဒေသမဟုတ်လို့ မနေတတ်ဘူးတဲ့...'
'ကိုယ်လည်းအတူတူပဲ၊ အခုတောင် အလုပ်နဲ့မို့လာရတာ..'
'ရှင်တို့နှစ်ယောက်က အမြွှာတွေလို့ကိုမပြောရဘူး၊ အမြဲဆိုက်တူဂိုက်တူ တိုက်ပ်တူပဲနော်..'
မာန်က စကားပြောနေရင်း အကြည့်တွေ သူ့ထံမှမခွာနိုင်။ ပခုံးထိရှည်သည့် ဆံပင်တွေ လေတိုက်တိုင်းလွင့်နေသည့်ကြားမှ သူ့မျက်နှာထက်က အချိုးအစားပြေပြစ်တင့်တယ်ခြင်းများက ထူးခြားပေါ်လွင်နေသည်။ သူ့ဟန်ပန်တွေကို သတိလက်လွတ်ငေးနေမိလျက် သူမျက်လုံးဝင့်ကြည့်လာတော့မှ အကြည့်ပြန်လွှဲရသည်။
'နေနဲ့စကားပြောဖြစ်တယ်ပေါ့ မာန်က .'
'အင်း chattingထိုင်ဖြစ်ကြပါတယ် ၊ ဒီမနက်တောင် သူနဲ့ဖုန်းပြောဖြစ်သေးတယ် ..'
သူများနှင့်တော့ ဖုန်းပြောဖြစ်ပြီး သူ့ကိုတော့ စာမပြန်၊ဖုန်းမဆက်တာ နေဘာအချိုးချိုးနေတာလဲ။ စက် ဒေါသတွေ ပြန်ရုန်းကြွလာပြန်သည်။
'ကိုစက်ညီမက အနေအေးတယ်နော်... Rsတွေရောရှိလား..'
KAMU SEDANG MEMBACA
☀️The Will Of The Heart🌻
Romansaဘုရားက ငါ့ကိုကောင်းချီးတစ်ခုပေးတယ်.. နေရဲ့စက်ကွင်းထဲမှာ နေကြာတွေ အဆုံးမဲ့ပွင့်စေ..တဲ့... ငါ့လက်တစ်ဖက်က သွေးစွန်းနေရင်တောင် ကျန်လက်တစ်ဖက်ထဲမှာ အလှပဆုံးနေကြာတစ်ပွင့် ခမ်းနားစွာပွင့်လန်းနေလိမ့်မယ်...🌻 နေစ...