🌻အခန်း(၄၆)🌻

27.1K 629 42
                                    


Timeline in 2026,February

'ဟေး....သားအဖတွေ..ထကြတော့လေ... ဘယ်အချိန်ရှိနေပြီလဲ..'

ခန်းဆီးစ ဆွဲလှပ်၍ ခပ်ကျယ်ကျယ်နှိုးသော်လည်း မွေ့ရာပေါ်မှာ ကွေးကောင်းနေဆဲ သုံးယောက်ကတော့ တုတ်တုတ်မျှမလှုပ်ကြချေ။ Mirrorတစ်ကောင်သာ အခန်းထောင့် ခွေးအိမ်လေးထဲမှ ခေါင်းထောင်ကြည့်ပြီး ပြန်ဝပ်နေ၏။ နေ ပြတင်းပေါက်တွေဖွင့်၍ လိုက်ကာစတွေ ဆွဲတင်သည်။ အခန်းထဲမှာ ရှုပ်ပွနေသည့်ကစားစရာပစ္စည်းများကို သူ့နေရာနှင့်သူပြန်သိမ်း၍ နေရာတကျစီရီပြီးသည်အထိ ကာလနဂါးသားအဖတွေက မနိုးသေး။

'အေး... ဆက်အိပ်နေကြနော်.. အဝတ်လျှော်ပြီးလို့မှ မထသေးရင်တော့ အဆိုးမဆိုနဲ့..'

နေက မွေ့ရာနားထိလျှောက်၍ ကြိမ်းမောင်းပြီးနောက် အဝတ်ခြင်းကြီးပိုက်၍ အခန်းထဲမှထွက်သွား၏။ သူမ​ ထွက်သွားမှ စောင်ခေါင်းမြီးခြုံထားသည့်သုံးယောက်လုံး ခေါင်းပြူလာကာ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်၍ ပြုံးစိစိဖြစ်လျက် ပြိုင်တူမျက်စပစ်မိကြသည်။

'Good morning my treasures...'

သူက သားနှင့်သမီး၏ ပါးလေးတွေကိုနမ်းမွှေး၍ နှုတ်ဆက်သည်။

'Good morning ဖေဖေ...'

မောင်နှမနှစ်ယောက်လုံး သံပြိုင်အော်၍ သူ့ပါးတစ်ဖက်စီကိုပြန်နမ်းကြသည်။ သားနှင့်သူက စောင်တွေခေါက်သိမ်း၍ ခေါင်းအုံးတွေစီနေပြီး သမီးငယ်လေးက ငုတ်တုတ်ထိုင်နေဆဲ။

'ကဲ လာ.. မေမေ့ဆီအာဘွားသွားပေးကြစို့...'

သူက သမီးကိုပွေ့ချီ၍ သားကိုလက်ဆွဲခေါ်လာကာ ရေအိမ်ထဲဝင်ခဲ့သည်။ Mirrorက သူတို့နိုးကတည်းက အမြီးနှံ့နေပြီး သင်္ခယာ့နောက်မှ ပါလာ၏။

'မေမေရေ....Morning...'

သားကြီးက ​အဝတ်လှန်းနေသည့်နေ့ကို ပြေးဖက်၍ နှုတ်ဆက်လျှင် နေ သား၏ပါးတစ်ဖက်ကိုငုံ့နမ်းလိုက်ပြီးမှ...

'မျက်နှာသစ်ပြီးရင် မနက်စာ စားမယ်နော်...'

ဟု ပြောလိုက်စဥ် စက်က သမီးကိုပွေ့၍ ဝင်လာသည်။ နေက သမီးလေးကိုလည်း မနက်ခင်းအနမ်းတစ်ပွင့်ခြွေ၏။

'Morning အချစ်...'

သူက နေ့နဖူးကိုရွှတ်ခနဲနမ်းတော့ နေ ပြန်နမ်းဖို့ဟန်ပြင်ပြီးမှ မျက်စောင်းထိုးခါးထောက်၍..

'မနေ့က နံရံကိုဆေးသုတ်ခိုင်းထားတာ ပြီးအောင်မသုတ်ဘူးနော်.. မနမ်းဘူး သွား.. မျက်နှာသစ်.. ပြီးရင် ကိုယ့်အလုပ်ကိုယ်ပြီးအောင်လုပ်...'

'ဟား.. မနေ့က နင့်သား ဘားတန်းလုပ်ခိုင်းနေလို့မိုးချုပ်သွားတာလေ.. ဘယ်လိုလုပ် အချိန်ရှိတော့မှာလဲ..'

'ပြောလိုက်ရင် ဆင်ခြေချည်းပဲနော် ဟွန်း..'

နေ သူ့ခါးကြောကိုဆွဲဆိတ်၍ အပြင်ဘက်ပြန်ထွက်သွားလျှင် သူ အီလည်လည်မျက်နှာကြီးနှင့်ကျန်ရစ်ခဲ့သည်။ Mirrorကိုပွတ်သပ်နေသည့် သားက သူ့ကိုကြည့်၍ ပြုံးတုံ့တုံ့လုပ်နေ၏။

'ဘာပြုံးတာလဲ မင်းက.. မင်းကြောင့် ဒီအဖေ အာဘွားမရတော့ဘူး..'

'သားကြောင့်လို့အပြစ်တင်မယ့်အစား မေမေခိုင်းတာလုပ်ပေးလိုက်..ဒါဆို အာဘွားနှစ်ခါရလိမ့်မယ်..'

'အံမာ... အဖေကိုဆရာပြန်လုပ်နေတယ်..'

သားကြီး နေသင်္ခယာက စကားတတ်သလောက် လူရည်လည်သူမို့ စကားနိုင်လုတိုင်း အဖေဖြစ်သည့်သူပဲ လက်မြှောက်အရှုံးပေးလိုက်ရသည်သာဖြစ်လျက် သမီးငယ်လေး နေအဇဋာက တခစ်ခစ်ရယ်နေသည်။ သူက သမီးကို အရင်မျက်နှာသစ်ပေးရပြီး သင်္ခယာက ခြေလက်ဆေးကြော မျက်နှာသစ်၊ သွားတိုက်နေပြီ။

'ဖေ့...'

ဝေ့....'

'ဘယာကြော်စားချင်တယ်...'

သမီးက သူ့ကို မနက်ခင်းမှာ စတင်ပူဆာတော့သည်။

'ဘယာကြော်စားချင်ရင် မီးမီးကိုကြော်ခိုင်းလိုက်မယ်လေ... နော်..'

'ဟင့်အင်း.. အခုစားချင်တာ... ဟိုးနားကဆိုင်မှာ သွားစားမှာ...'

မပီကလာ ပီကလာနှင့်နှုတ်ခမ်းလေးထော်၍ ပြောနေသဖြင့် သူ ခေါင်းညိတ်လိုက်ရကာ..

'အေးပါ အေးပါ ဖေ့သမီးရယ်.. ဖေဖေလိုက်ပို့ပေးမယ်နော်..သား..ညီမလေးကို ခဏခေါ်ဦး.. ဖေဖေမျက်နှာသစ်လိုက်ဦးမယ်...'

နေသင်္ခယာက သူ့ညီမကိုပွေ့၍ ရပ်စောင့်နေသည်။ စက် သွားတိုက်၊ မျက်နှာသစ်ပြီးနောက် သားသမီးနှစ်ယောက်ကို ခေါ်၍ အခန်းထဲဝင်သည်။ သမီးငယ်ကောင်းမှုကြောင့် ဒီနေ့လည်း နေ သူ့ကို ရွှေစိတ်တော် ငြိုငြင်တော့မည်။ မတတ်နိုင်။ သမီးက လိုချင်တာမရလျှင် ဒီအဖေနား ကပ်လိမ့်မည်မဟုတ်။ သူ အဝတ်အစားလဲ၍ ဆွယ်တာတစ်ထည်ထပ်ဝတ်လိုက်သည်။ ဆံပင်တွေစည်းနှောင်ပြီးမှ သမီးကိုပြင်ဆင်ပေးရ၏။ သားက သူ့ဘာသာသူ ပြင်ဆင်ပြီးနေပြီဖြစ်ကာ အဖေလိုပဲ ဆံပင်တွေစည်း၍ ဟူဒီအင်္ကျီခေါင်းစွပ် ကြိုး ဆွဲချလိုက်လျှင်...

'အမလေး...'

သင်္ခယာ့လည်ပင်းမှာ ရစ်ပတ်နေသည့်မြွေက ခေါင်းထောင်လာသဖြင့် အခန်းထဲဝင်လာသည့် နေ လန့်ဖျပ်အော်သည်။

'ဟာ..sorry sorryမေမေ.. သား မေမေဝင်လာတာမသိလိုက်လို့...'

သင်္ခယာက မြွေတွေကို လည်ပင်းနောက်ပြန်ပို့၍ ပျာပျာသလဲတောင်းပန်သည်။ စက်လည်း ရင်ဘတ်ဖိ ဘုရားတနေသည့် နေ့ကို ပြေးတွဲလိုက်ရကာ..

'အဆင်ပြေရဲ့လား နေ.. ရရဲ့လား.. ရေသောက်ဦးမလား...'

'မသောက်ဘူး သွား...'

နေက သူ့ရင်ဘတ်ကိုတွန်း၍...

'သားကို မြွေတွေနဲ့ပေးမဆော့ပါနဲ့ဆိုတာ ပြောပေါင်းလည်း မနည်းတော့ဘူး.. အတတ်ကောင်းတွေသင်ပေးနေတယ် ဟုတ်လား... ကဲ ကဲ..'

သူ့ကျောပြင်ကို တဗျန်းဗျန်းရိုက်ပုတ်နေသဖြင့် စက် ပုဆိုးမကျွတ်အောင်ထိန်း၍ ရှောင်လိုက်ရရင်း....

'မိန်းမကလည်းကွာ... ဘယ်ပညာမဆိုတတ်ထားတော့ သူများထက်တစ်ပန်းသာတာပေါ့.. သားနော်.. မင်းမဆင်ခြင်လို့ မင်းအမေဆော်နေပြီ...'

စက်က သင်္ခယာ့ကိုပါ အံကြိတ်ကြိမ်း၍ နေ့လက်တွေကိုဆွဲချုပ်ပစ်သည်။

'ကဲပါ..စိတ်လျှော့ပါမိန်းမရယ်.. သားကို သေချာသတိပေးဆုံးမလိုက်ပါ့မယ်.. လာ သမီးလေး... ဖေဖေ့ဆီလာခဲ့..'

သူက သမီးကိုပွေ့လိုက်ပြီး သားကိုပါ အထာနှင့်မျက်ရိပ်ပြသည်။

'Let 's go my son..'

'ဟဲ့ နင်တို့ ဒါက ဘယ်ကိုလဲ..'

'ဟိုဘက်ရွာသွားမလို့မိန်းမရေ...သမီးက အကြော်စားချင်တယ်ပူဆာနေလို့...'

'နေဦးလေ... ဟင်းတွေအများကြီးရှိနေတာကို... ကင်း..ဟဲ့...'

နေ တားချိန်မရလောက်အောင် ခြေလှမ်းမြန်သည့်သားအဖတွေက ဆိုင်ကယ်ပေါ်တက်၍ မောင်းထွက်သွားကြပြီဖြစ်၏။ နေ ဒီတိုင်း ရပ်ကျန်ခဲ့ရလျက် ဟင်းခနဲ သက်ပြင်းချသည်။ ကင်းတစ်ယောက်ဟာ သားနှင့်သမီးကို အလိုလိုက်လွန်းလို့ခက်သည်။ သားသမီးကိုချစ်သလောက် နေ့အပေါ်မှာလည်း ဝတ္တရားမပျက်ကွက်ခဲ့ပါ။ နေ့ဆန္ဒအတိုင်း အညာဒေသ၊ ကမ်းရင်ရွာနှင့် ခပ်လှမ်းလှမ်းမှာ ဧကရာချီကျယ်ဝန်းသည့် ကမ်းနံဘေးနေကြာစိုက်ခင်းတွေကို အပိုင်ဝယ်ပေးခဲ့ပြီး ထိုအရပ်ဒေသမှာပဲ အခြေချနေထိုင်ခဲ့ကြသည်။ ဒီကို စပြောင်းခဲ့စဥ်က အညာနှင့်ဘယ်လိုမှ အသားမကျခဲ့သူသည် အခုတော့ဖြင့် ရွာနီးချုပ်စပ်က ရွာသားတချို့နှင့်ပါ ရင်းနှီးနေခဲ့ပြီဖြစ်၏။
သို့သော် သားကို သင်ပြဆုံးမပုံသွင်းပေးသည့်အခါတိုင်းမှာ Sun Empire၏ သခင်တစ်ပါးအဖြစ် သူ့မျက်နှာဖုံးကို ခွာချပစ်တတ်သည့်အကျင့်က မပျောက်သေး။ ဇာတ်မြှုပ်နေခဲ့သော်လည်း မာန်မာနတွေ လျော့ကျမသွားခဲ့ဘဲ သားဆီကိုပါ ဓာတ်ကူးလာမည့်အရေးကိုတော့ ရင်မောမိသည်။ နေကတော့ နေစက်ကွင်း ဘယ်လိုပုံစံပဲဖြစ်နေနေ ချစ်ခဲ့ချစ်ဆဲ ချစ်နေမြဲသာဖြစ်သည်။

'ဝိုး..ဟိုး ဟိုး.. သားအဖတွေ ဒီနေ့နောက်ကျပါလား...'

ဘယာကြော်ရောင်းသည့်ဆိုင်ရှင်က သူတို့ဆိုင်ကယ်လေးမောင်းဝင်လာတာမြင်တော့ အကြော်တွေတရှဲရှဲကြော်နေရာမှ နှုတ်ဆက်သည်။

'ဟုတ်တယ်ကိုပေါက်ရေ.. ဒီနေ့အိပ်ရာထနောက်ကျသွားလို့...'

သားအဖသုံးယောက်က ဆံပင်ပုံစံကအစ ဆင်တူဖြစ်နေသည်မို့ သူတို့ရွာထဲလာတိုင်း လူငေးခံရတာလည်း မဆန်းတော့ပါ။

'ထုံးစံအတိုင်း ဘယာကြော်ပဲလား..'

'သုံးပွဲအစ်ကို.. တစ်ပွဲက အိမ်ရှင်မဖို့ ပါဆယ်...'

သူက စားပွဲထိုးလေး လာချပေးသည့် ဘယာကြော်တစ်ပွဲကိုသားရှေ့တွန်းပို့လိုက်ပြီးမှ တစ်ပွဲကို သူနှင့်သမီး အတူစားသည်။ သမီးက ဒီဘယာကြော်ကို အတော်စွဲလမ်းနေသည်။ အိမ်က မီးမီးလက်ရာကိုတောင် သိပ်မကြိုက်ချင်။

'ဖေ့...အချဥ်...အချဥ်...'

အဇဋာလေးက အချဥ်ရည်ခွက်ကို မေးငေါ့ပြသည်။

'အချဥ်က ငရုတ်သီးစပ်တယ်လေ ဖေ့သမီးရ.. ဒီတိုင်းစားလည်း ကောင်းပါတယ်..'

'No No.. အချဥ်ရည်စားမယ်..'

သမီးက အချဥ်ရည်ပဲတောင်းနေသဖြင့် သူ မငြင်းသာတော့ဘဲ နည်းနည်းစီ တို့ကျွေးရတော့သည်။ သင်္ခယာက ဘယာကြော်တစ်ပွဲကုန်၍ လက်စသတ်နေပြီ။

'သား... ထပ်စားဦးမလား...'

'တော်ပြီဖေဖေ...'

သားက ဝသည်ဖြစ်စေ ၊ မဝသည်ဖြစ်စေ သူ့အတွက်သီးသန့်ထည့်ပေးသည့်ပန်းကန်ထဲကပဲ ကုန်အောင်စားတတ်ပြီး ထပ်ယူလေ့မရှိ။ သူ ကျသင့်ငွေရှင်းပြီး ပါဆယ်ဆွဲ၍ ဆိုင်ထဲမှထွက်ဖို့ဟန်ပြင်စဥ် ဆူညံသံတွေကြားလိုက်ရသည်။

'သားအဖတွေ ပြန်မယ်ဆို တောင်ဘက်လမ်းက ပတ်ပြန်ကြနော်.. စိုးသိန်းတို့အဖွဲ့ မိုးမလင်းသေးဘူး မူးပြီးသတ်နေပြီ...'

ဆိုင်ရှင်ကိုပေါက်က သတိပေးသော်လည်း စက်တို့က ဂရုမစိုက်ဘဲ ဆိုင်ကယ်ကိုလာလမ်းအတိုင်းပြန်ကွေ့၏။ လမ်းမှာ မူးနေသည့်လူသုံးယောက်က ခုနစ်အိမ်ကြား၊ ရှစ်အိမ်ကြား အော်ဟစ်ဆဲဆို၍ ဒယီးဒယိုင်လျှောက်လာကြသည်။ သူ ဆိုင်ကယ်ဟွန်းတီးပေမဲ့ လမ်းဖယ်မပေးကြဘဲ..

'ဘယ်က ကန်းမသားတွေ ဆိုင်ကယ်ဟွန်းတီးနေတာလဲကွ...ဟေ.. ငါတို့ကို လာစိန်ခေါ်တာလား.. '

ဆိုင်ကယ်ကို လက်ဆန့်တား၍ ညစ်ညမ်းစွာဆဲရေးတိုင်းထွာနေသဖြင့် စက် မျက်လုံးတွေစူးရဲသွား၏။ သားနှင့်သမီးကို ဒီလိုဆဲဆိုသံတွေမကြားစေချင်။ သူ့ရင်ခွင်ထဲမှ အဇဋာလေးက စိတ်ရှုပ်ဟန်ဖြင့် ရှုံ့မဲ့နေကာ သင်္ခယာကတော့ စိတ်ဆတ်သူမို့ လက်တပြင်ပြင်ဖြစ်နေပြီ။ သူ နောက်ပြန်ငဲ့ကြည့်လိုက်သည်နှင့်တစ်ပြိုင်နက် အထာနပ်စွာ ခေါင်းညိတ်ပြ၍ လက်နှစ်ဖက်လုံးဆန့်ထုတ်လိုက်သည်။ ထိုအခါ အနက်ရောင်မြွေနှစ်ကောင်က သင်္ခယာ့လက်ပေါ်မှတစ်ဆင့် အမူးသမားသုံးယောက်ဆီ လျှောခနဲဝင်သွား၏။

'ဟာ.. ဟေ့ကောင် စိုးသိန်း.. မြွေတွေဟ...'

မြွေနှစ်ကောင် သူတို့ကိုယ်ပေါ်ရစ်ခွေတက်လာသဖြင့် မျက်လုံးပြူးမျက်ဆန်ပြူးဖြစ်လျက် အလန့်တကြား အော်ဟစ်၍ ဆတ်စလူးခါနေကြသည်။

'အလိုလေး... ငါတို့ကိုယ်ပေါ်တက်လာကြပြီ.. လုပ်ကြပါဦး..'

မြွေတွေကိုခါချရင်း ပွက်လောရိုက်လျက် တွန့်လိမ်ခုန်ရှောင်၍ ပြေးလာကြလျှင် သင်္ခယာက ပြေးလာသူကို ခြေတစ်ဖက်ထိုးခံ၏။ ထိုလူ ခြေနှင့်ခလုတ်တိုက်၍ ဟပ်ထိုးမှောက်လဲသွားကာ သဲတွေ၊ ဖုန်တွေ ပါးစပ်ထဲဝင်ကုန်သည်။ ထိုလူ့လည်ပင်းမှ မြွေက သင်္ခယာ့လက်ထဲ ပြန်ရောက်သွားခဲ့ပြီး ကျန်သည့်နှစ်ယောက်လည်း တစ်ချိုးတည်းခြေကုန်သုတ် လစ်ပြေးတော့သည်။ သင်္ခယာက မြွေနှစ်ကောင်ကို ပြန်သိမ်း၍ နှုတ်ခမ်းတွန့်ပြုံးသည်။

'ဖေဖေပြောတဲ့ တတ်သည့်ပညာ မနေသာ ဆိုတာ ဒါပဲကိုး...'

'အဟွန်း..ငါ့သား သဘောပေါက်သွားပြီပဲ..'

'မေမေကတော့ သဘောကျမှာမဟုတ်ပေမဲ့ သားကတော့ကြိုက်တယ်...'

'ကြိုက်ရင်လည်း လျှိုထား.. မင်းအမေလန့်အောင် ထပ်မလုပ်နဲ့တော့ ...'

'မေမေက နေကြာပန်းပေးလိုက်ရင် စိတ်ကောက်ပြေသွားမှာပါ...'

'လည်လိုက်တဲ့ကောင်..'

စက် ကိုယ့်သားစကားကို သဘောကျမဆုံး တပြုံးပြုံးဖြစ်နေသည်။

'နေကြာပန်းတွေ.. နေကြာပန်းတွေ ဖေဖေရေ.. မေမေကြိုက်တဲ့ပန်းတွေ...'

နေအဇဋာက နေကြာခင်းကြီးထဲမှ ဆိုင်ကယ်ဖြတ်မောင်းသွားတိုင်း အသံစာစာလေးနှင့် ထုံးစံမပျက်အော်သည်။ နေသင်္ခယာက နေကြာပန်းတစ်ပွင့်ကို ဆိုင်ကယ်ပေါ်မှ လက်လှမ်းချိုး၍ လက်ထဲ ကိုင်လာခဲ့၏။

'သားတို့ပြန်ရောက်ပါပြီ မေမေ..'

'သမီးတို့ပြန်ရောက်ပါပြီ မေမေ..'

သားနှင့်သမီးအသံကြားသည်နှင့် နေ အိမ်ထဲမှပြေးထွက်လာသည်။ Mirrorက သူမနောက်မှ ကပ်ပါလာ၏။

'မေမေ့.. ဒီနေ့ ဘယာကြော်သုံးခုစားခဲ့တယ်၊ လမ်းမှာ အမူးသမားတွေနဲ့တွေ့...'

အဇဋာလေးက လမ်းမှာဖြစ်ပျက်ခဲ့သမျှ အကုန်ပြန်ပြောပြတတ်သည့်အကျင့်ကြောင့် သင်္ခယာ မျက်လုံးပြူးသွားကာ အဇဋာ့ပါးစပ်လေးကို လက်ဝါးနှင့်ကပျာကယာဖိအုပ်၏။

'ညီမလေး... ညီမလေးကလည်း.. ကိုကိုပြောတာမေ့နေပြီလား.. ဒီနေ့ ကိုကိုပုံဆွဲပေးမယ်ဆိုတာလေ...'

အမူးသမားတွေနှင့်တွေ့၍ မြွေနှစ်ကောင်ထုတ်ပြခဲ့သည့်အကြောင်းပါ ပေါ်သွားမှာစိုးကာ သင်္ခယာ စကားလမ်းကြောင်းလွှဲ၍ ညီမလေးကိုပွေ့သည်။

'မေမေ... ဒီမှာ မေမေ့အတွက် နေကြာပန်း...'

မအေလက်ထဲကို ပန်းကမ်းပေး၍ အဖေကိုပါ တွန်းပို့လိုက်ပြီး..

'ဖေဖေ... မေမေ စိတ်ကောက်ပြေရင် ကတိတည်နော်...'

လက်မနှင့်လက်သန်းထောင်ပြကာ မျက်စိတစ်ဖက်ပါမှိတ်ပြသွားသေးသည်။

'Mirrorရေ... Come on..Come on...'

Mirrorကိုပါ ခေါ်၍ မောင်နှမနှစ်ယောက်လုံး အိမ်ထဲပြေးဝင်သွားကြမှ စက် နေ့အနားတိုးကပ်လာကာ..

'မိန်းမ... ဒီမှာ ဘယာကြော်ဝယ်လာတယ်...'

သူက ဘယာကြော်ထုပ်ကို မြှောက်ပြသည်။

'အံမယ်... နင်က ဘယာကြော်ဝယ်လာရုံနဲ့ အလျှော့ပေးမယ်ထင်နေတယ်ပေါ့... မရဘူး ကိုကင်း...'

နေက ဆံပင်တွေဝဲခါသွားသည်အထိ ချာခနဲလှည့်ထွက်သည်။ စက်က မီးဖိုခန်းမှထွက်လာသည့်မီးမီးကို ဘယာကြော်ထုပ်ပစ်ပေး၍ နေ့နောက်မှ အမီလိုက်လာသည်။

'မသွားရဘူး.. မင်းက အလျှော့ပေးလေ ရောင့်တက်လေပဲ.. ချစ်လို့အလိုလိုက်ထားတာကို သားရှေ့မှာတောင် ငြိုငြင်ပြနေတယ်၊ ဒီကောင်က အရင်တုန်းကအကျင့်တွေအားလုံး ချိုးနှိမ်ထားခဲ့တာ.. ပြန်ပေါ်လာအောင် မဆွနဲ့...'

​နေ့ခါးလေးကိုသိမ်းဖက်၍ မျက်နှာလေးကို ပိုက်စိပ်တိုက်နမ်းသည်။ လည်တိုင်တွေ၊ ရင်ဘတ်တွေထိပါ ကျူးကျော်လာကာ သွားနှင့်ပါ ကိုက်လာသဖြင့် နေ သူ့မျက်နှာကို တွန်းထိုးရှောင်လွှဲသော်လည်း မရ။

'ကင်း..အာ့.. အိမ်ရှေ့ခန်းကြီးမှာ မလုပ်နဲ့နော်... အဲလို ဇွတ်တရွတ်... အမေ့...'

သူက နမ်းနေရာမှ ရုတ်တရက် ပွေ့ချီလိုက်သဖြင့် နေ လန့်သွားသည်။ စက်က သူမကို ပြတင်းပေါက် ဘောင်ပေါ်ပွေ့တင်၍ အနမ်းတွေ မေ့မေ့မူးမူးခြွေနေစဥ် ဖောင်းခနဲမြည်သံကြောင့် နှစ်ယောက်လုံး အလန့်တကြား လူချင်းခွာမိကြသည်။

'ဟေ့...ဘာသံလဲကွ..'

ကလေးတွေအခန်းဆီမှ ထွက်လာသည့်အသံမို့ လှမ်းအော်မေးနေဆဲမှာ နေက သူ့ရင်ဘတ်ကိုဆောင့်တွန်း၍ ပြေးထွက်သွား၏။ စက် ဟာခနဲဖြစ်ကာ မချင့်မရဲကျန်ရစ်ခဲ့စဥ် သားတော်မောင်၏ အသံက အောင်မြင်စွာ ဖောက်ထွက်လာလေသည်။

'သား ပူဖောင်းမှုတ်တာ အားများသွားလို့ ဖေဖေ..'

'ဟာ... ဒီကောင်လေး...'

သူ ဘယ်သူ့ကိုရိုးမယ်ဖွဲ့ရမှန်းမသိတော့ဘဲ ရေချိုးခန်းထဲဝင်ကာ အင်္ကျီတွေ၊ ပုဆိုးတွေချွတ်၍ အဝတ်တန်းပေါ်က ဂျင်းဘောင်းဘီတစ်ထည် လဲဝတ်လိုက်၏။ ထို့နောက် စတိုခန်းထဲက အိမ်သုတ်ဆေးပုံးတွေ၊ ဘူးတွေဆွဲ၍ အိမ်အနောက်ဘက်သို့ထွက်လာခဲ့သည်။ တစ်ထပ်တိုက်လေးနှင့်သာ ကျယ်ကျယ်ဝန်းဝန်းနေချင်ပါသည်ဟု ပူဆာခဲ့သည့်နေ့ကြောင့် အိမ်ပုံစံကို ကိုယ်တိုင်ရေးဆွဲ၍ ကမ်းဘေးသောင်ပြင် မြေတိုက်စားမှုနည်းသည့်နေရာမှာ ခြောက်လအတွင်း အပြီးဆောက်ပေးခဲ့သည်။ အိမ်ပြီးစီးသည့်နေ့မှာပဲ သားကြီးနေသင်္ခယာနှင့်သုံးနှစ်တိတိကွာသည့် သမီးငယ်လေးကို မွေးဖွားခဲ့သည်။ မွေးနေ့၊ မွေးလ၊ မွေးချိန်တူသည့် မိသားစုလေးကို ပိုင်ဆိုင်ထားရသည့် သူ့အတွက်တော့ နေ့ရက်တိုင်းက ပျော်ရွှင်ချမ်းမြေ့ဖွယ်အတိဖြစ်သည်။

သူတို့အိမ်လေးက ကွန်ကရစ်ဖောင်ဒေးရှင်းအဆင့်ဆင့်ခံထားကာ အတွင်းဒီကရေးရှင်းအစ အနုစိတ် ဖွဲ့စည်းထားပုံကြောင့် ကဗျာဆန်သည်။ မြစ်ကမ်း​ဘေးနှင့်နီးပြီး နေကြာခင်းတွေကိုလည်း မရိတ်သိမ်းခင်ကာလအထိ လှမ်းမြင်ရသည်မို့ နေကတော့ စိတ်ကူးအိပ်မက်တွေ ထပ်တူကျ၍ အကြိုက်တွေ့ခဲ့၏။ နေ့အတွက်ပဲ အရာရာဖြည့်ဆည်းပေးချင်ခဲ့သည့် ဒီကောင်ကို ထိုအမျိုးသမီးလေးကတော့ နမ်းတာလေးတောင် ငြိုငြင်နေပြီ။
ငြမ်းစင်ပေါ်တက်၍ ဆေးသုတ်ရင်း မအီမလည်မျက်နှာနှင့် တွေးချင်ရာ တွေးနေဆဲမှာ သူ့ထံပစ်ဝင်လာသည့်တစ်စုံတစ်ရာကြောင့် လက်လွှဲ၍ ဖမ်းလိုက်တော့ စုတ်တံတစ်ချောင်းဖြစ်နေသည်။ ထိုစုတ်တံ၏ လားရာအရပ်သို့ကြည့်လိုက်လျှင် သင်္ခယာက သူ့လိုပဲ အပေါ်ပိုင်းဗလာနှင့် ဘောင်းဘီတိုဝတ်ထားပြီး ငြမ်းစင်ဆီ ခပ်သွက်သွက်လျှောက်လာသည်။

'ဖေဖေ .. မေမေ့အကြောင်းချည်းတွေးမနေနဲ့.. ဆေးတွေမညီဘဲခြောက်ကုန်ရင် ထပ်စိတ်ကောက်နေဦးမယ်...'

'သိရင်လည်း ကူပြီးချော့ပေးလေ... ဖအေကိုတစ်ခါလေးများ သိတတ်စမ်းပါဦး...'

'ဟား ဟား ဟား..'

သင်္ခယာက ငြမ်းစင်ပေါ်ထိတက်လာကာ ကလေးနှင့်မလိုက်ဖက်စွာ ခေါင်းမော့ရယ်သည်။

☀️The Will Of The Heart🌻Where stories live. Discover now