End

1.1K 53 6
                                    

ဇာတ်သိမ်းပိုင်း

“မောင့်ဘေးလာ၊ ထမင်းစားရအောင်”
ထမင်းစားခန်းထဲဝင်လာသော စည်သူ့အား ထက်အောင်ပြည့်သည် လှမ်းဆွဲခေါ်သည်။
“ဟင်းတွေကအများကြီးပဲ”
“အင်း”
“ဝယ်လာတာမဟုတ်လား။ မှန်းစမ်း....အာ မောင်ကြော်တဲ့ကြက်ဥကြော်လောက်တောင် မကောင်းဘူး”
အရွက်ကြော်တစ်ခွက်အားမြည်းစမ်းရင်းပြောသည်။
“အချစ်၊ တိုးတိုးပြောပါကွာ၊ မောင်ရှင်းပြမယ်”
“ဘာကိုလဲ မကောင်းလို့မကောင်းဘူးပြောတာကို ၊ ငါအပိုပြောတာမဟုတ်ဘူးနော်။ မောင်ကြော်တဲ့ကြက်ဥကြော်က ဒီထက်ပိုကောင်းတယ်”
ထက်အောင်ပြည့်သည် မျက်စိမျက်နှာများပျက်နေသည်။ သေတော့မှာပဲ။ မျက်နှာရိပ် မျက်နှာကဲလည်းနားလည်မည့်ပုံမပေါ်သော ယောက်ျားဖြစ်သူကြောင့် အတော်အကြပ်ရိုက်နေသည်။
“အချစ် တိုးတိုးပြောလို့”
“အမလေး ငါအကုန်ကြားတယ်၊ လင်ရမှ လင်မျက်နှာတစ်ကမ္ဘာဖြစ်နေတာမြင်လို့မကောင်းဘူး”
အသံကြားသောအခါ စည်သူမောင်၏ ဆံပင်များထောင်သွားသည်။
“အမေ၊ အမေချက်တာလား။ ထင်သားပဲ ဆိုင်ကလက်ရာနဲ့မတူဘူးလို့”
“စည်သူမောင်”
“ဗျာ အမေ”
“နောက်နေ့ကစပြီး နင့်လင်ကြော်တဲ့ကြက်ဥကြော်ပဲစား၊ ကြက်ဥကြော်နဲ့ပဲ တန်တဲ့ကောင်”
“အမေကလည်းပဲ သားကအမေချက်တာမှန်းမသိလို့ပါ။”
“တစ်သက်လုံးစားလာတဲ့ ငါ့လက်ရာကိုမေ့ပြီး မနေ့တစ်နေ့ကမှယူတဲ့ လင်ရဲ့ ကြက်ဥကြော်ကျမမေ့ဘူးပေါ့၊ ငါ့မှာတော့ အစားအသောက်ပျက်နေမှာစိုးလို့ အစောကြီးလာပြီးချက်ပြုတ်လိုက်ရတာ၊ အသီးအနှံတွေဆို ရေခဲသေတ္တာထဲအပြည့်ထည့်ပေးထားတာ၊ သားဖြစ်သူကတော့ စုံလုံးကန်း”
“အမေရယ်၊ အမေထင်သလိုမဟုတ်ရပါဘူး။”
“တော် တော်၊ ငါတို့ညနေ တောင်ကြီးကအမျိုးတွေဆီသွားမှာ၊ မင်းညီမရော၊ အဲဒါအိမ်ကို ပစ်မထားနဲ့ဦး။ ခြံထဲလည်းသွား၊ မနက်ဖြန် အလုပ်သမားတွေ တစ်ပတ်စာငွေရှင်းရမှာ”
ခြံဟုပြောလိုက်သောအခါ စည်သူမောင့်၏ မျက်နှာလေးညှိုးသွားသည်။
“မောင် မောင် သွားလိုက်ပါ့လား”
“မောင်က မောင့်ခြံထဲသွားရမယ်လေ၊ မောင့်ခြံလည်း မနက်ဖြန် ငွေရှင်းရမှာ”
“ဒါဆို ငါတကယ်ကြီးသွားရတော့မှာပေါ့။ မသွားချင်ပါဘူးဆိုကွာ”
“ဟဲ့ မသွားချင်လို့ရမလား။ ဘယ့်နှယ် တစ်ခါတစ်လေပဲ သွားရတာကို ငြီးငြူနေလိုက်တာ မြင်မကောင်းဘူး”
“ဟုတ်ပြီဗျာ ၊ သွားလိုက်မယ်”
“ပြီးတာပဲ ငါသွားပြီ၊ တည့်တည့်မတ်မတ်နေကြ”
“ဟုတ်”
အမေဖြစ်သူထွက်သွားချိန်တွင် စည်သူမောင်သည် ထက်အောင်ပြည့်အားအပူကပ်ရတော့သည်။
“မောင်၊ မောင် သွားလိုက်နော်”
“မောင်လည်းတကယ်မအားတာလေ မချစ်ရဲ့။ မနက်ဖြန်တော့ အချစ်ပဲသွားလိုက်နော်။ နောက်နေ့တွေ မောင် အဖော်လိုက်ခဲ့မယ်”
“ငါ ခြံအလုပ်တွေနားမလည်ဘူးမောင် ငါဘာမှမသိဘူး၊ တော်ကြာ ငါ့အတွက်နဲ့ အလုပ်သမားတွေ အလုပ်ပိုမှာစိုးတယ်”
“ဟုတ်ပြီ မောင်လိုက်ခဲ့မယ်၊ စိတ်မပူနဲ့နော်။”
“အင်း၊ မောင့်ကိုချစ်လိုက်တာ မောင်ကငါ့အတွက် အမြဲအဆင်သင့်ရှိတယ်၊ ကျေးဇူးတင်တယ်မောင်”
“လိုလို့လား၊ အချစ်နဲ့မောင့်ကြားမှာ ကျေးဇူးမှမလိုတာ။ ငါက အချစ်အတွက် မွေးဖွားလာတာလို့မှတ်”
ထက်အောင်ပြည့်၏ စကားကြောင့် စည်သူမောင်၏မျက်နှာလေးသည် ဝင်းလာ၏။
“အဲလိုမွေးဖွားလာပေးလို့ကို ပိုပြီးကျေးဇူးတင်တာ။ ငါမောင့်ကို ကျေးဇူးတင်တယ်ဆိုတာ မောင့်အချစ်တွေက ငါ့အပေါ်မှာ အများကြီးရှိပေးလို့ ကျေးဇူးတင်တာ။ငါကျေးဇူးတင်တယ်ဆိုတာ အလကားမဟုတ်ဘူး”
ထက်အောင်ပြည့်သည် သူ့ယောက်ျားဖြစ်သူကိုကြည့်ကာ ပြုံးလိုက်၏။ သူ့အမျိုးသားကောင်းလေးသည် သူ့အချစ်အား အကြွင်းမရှိယုံကြည်တယ်ဆိုတာသိလိုက်ချိန်ဖြစ်တည်လာသောခံစားချက်သည် ခံစား၍ကောင်း၏။
............
..................
စည်သူမောင်သည် ခြံထဲတွင် အလုပ်သမားများအား ပိုက်ဆံရှင်းပေးနေသည်။  အားလုံးသည်လည်း စည်သူမောင်ရောက်လာသောကြောင့် အံ့ဩနေကြသည်။
“ပင်ပန်းနေပြီလား”
“မောင် ဘယ်လိုရောက်လာတာလဲ၊ ပြောတော့ အလုပ်သမားတွေကို ပိုက်ဆံရှင်းရမှာဆို”
“အင်းလေ၊ အချစ်ကိုစိတ်မချလို့အမြန်ပေးပြီး အမြန်ရောက်ချလာတာ။ မောလိုက်တာကွာ”
“အဟက်၊ ခဏနော် ငါပြီးရင် မောင့်ကို ရေတိုက်မယ်”
ထက်အောင်ပြည့်သည် ကိုယ်တိုက်ခပ်သောက်လို့ရသောရေအား မခပ်မိပြန်ပါ။ စည်သူမောင်၏ ဘေးတွင်ဝင်ထိုင်နေလိုက်သည်။
သိပ်မကြာပါ စည်သူမောင်သည် ထက်အောင်ပြည့်အတွက် ရေတစ်ခွက်ခပ်ယူကာ ကမ်းပေး၏။
“ရော့”
“ရေချင်းတူတူတောင် အချစ်ခပ်ပေးတဲ့ရေက ပိုအေးနေတာမျိုး”
“ဒီကောင်တော့ သောက်နေရင်းကို  ချုပ်တော့တာပဲ၊ သောက်မှာသာသောက်ပါမောင်ရာ”
“ဒါနဲ့ မနေ့က အချစ်ပြောတယ်လေ”
“အင်း ဘာပြောလိုက်တာတုန်း”
“မောင်နဲ့ ဘုရားသွားချင်တယ်ဆို၊ ကျောက်စိမ်းဘုရားလား”
“အင်း”
“ညနေကျ မောင်လိုက်ပို့မယ်နော်။ ကျောက်စိမ်းဘုရားက ညနေခင်းသွားမှအဆင်ပြေမှာ၊ နေ့လည်ဆို ပူတယ်”
“တကယ်လိုက်ပို့မှာလား”
“အင်း”
“ဆိုင်ကယ်နဲ့နော်”
“ညနေဆိုတော့ ကားနဲ့.....”
“ဟာကွာ... ညနေမို့ ဆိုင်ကယ်စီးချင်တာလေ။လိုက်မပို့ချင်နေနော် ထက်အောင်ပြည့် ငါက ဟိုကောင်တွေကိုခေါ်ပြီး လစ်မှာ”
“ဟုတ်ပြီ ဟုတ်ပြီ၊ မောင်လိုက်ပို့မယ်။”
“ပြီးရော”
ထက်အောင်ပြည့်သည် ဂျစ်နေသော စည်သူမောင်အားကြည့်ကာ ပြုံးလိုက်သည်။ ထို့နောက်တွင် သူ့ဆံပင်လေးများအား ဖွလိုက်သည်။
“မဆိုးနဲ့တော့ အချစ်ရာ”
“ဘယ်သူကဆိုးတာလဲ”
“အချစ်ပေါ့၊ အချစ်မဆိုးလို့ မောင်ကဆိုးရမှာလား”
“ငါက ဆိုးလို့တောင် မဝသေးတာကို မင်းက ညိုငြင်ပြီလား။ ငါက ချစ်လို့ပါက”
“အား... မောင့်ကို ခြွေပြန်ပြီ။ မောင်ကလေ အချစ်မခြွေခင်ကတည်းက ကြွေနေတဲ့ကောင်နော် အချစ်တွေပိုအောင်မလုပ်နဲ့”
“စိတ်မကောင်းလိုက်တာမောင်ရာ ငါကလေ မွေးကတည်းက အချစ်တွေနဲ့မွေးလာတော့ မတတ်နိုင်ဘူးပေါ့”
“ဟုတ်ပါပြီဗျာ၊ မောင့် အချစ်လေးက အချစ်တွေနဲ့မွေးလာပြီး မောင့်အချစ်တွေနဲ့ ရှေ့ဆက်ရမယ့် ကောင်လေးပါဗျာ”
“သိရင်ပြီးတာပဲ”
စည်သူမောင်သည် ပြောရင်းဆိုရင်းပင် ထက်အောင်ပြည့်၏ အိတ်ကတ်ထဲမှ ငါးထောင်တန်တစ်ရွက်အားဆွဲထုတ်လိုက်သည်။
“လက်ကဘာလုပ်တာလဲ”
“ငါးထောင်တန်လေးလှလို့”
“ဟွန်း စည်သူ စည်သူ ခင်ဗျားလေးက ခင်ဗျားရဲ့ ယောက်ျားကို သိပ်ကို လျော့တွက်လွန်းတယ်၊ မနက်က ယူသွားတဲ့ ၂သောင်းကရော။ လစ်သွားတာတွေအားလုံးသိတယ်နော်”
“မောင်ကလည်းကွာ ငါက ငါ့ယောက်ျားဆီက ယူတာပါ၊ မောင့်ဆီက မယူလို့ ဘယ်သူ့ဆီက ယူရမှာလဲပြော”
“အပြောလေးတွေ ကောင်းနေလို့ သက်သာတယ်မှတ်ပါ”
“ငါက မင်းယောက်ျားပဲလေ၊ မင်းကျေနပ်အောင်ပြောတတ်တာအပြစ်လား”
“အပြစ်ပေါ့၊ အချစ်ကချစ်စရာကောင်းအောင်လုပ်နေတော့ မောင်က နည်းနည်းမှမဆူရက်ဘူးလေ”
“ဆူတော့ဆူပါတယ်”
“မဆူပါဘူးဗျာ၊ မဆူရပါဘူး”
“ပြောတာပါပဲ”
“တကယ်ပါ၊ တကယ်လေ မောင်ဆူလို့လား”
ခါးကိုအတင်းဖက်ကာ ပြောနေတာမို့ စည်သူမောင်သည် မနေတတ်စွာရယ်တော့သည်။
“ဟား... တော်ပြီမောင် ငါတို့အိမ်ပြန်ကြရအောင်နော်။ ငါရေချိုးချင်ပြီ”
“အမိန့်အတိုင်းပါဗျာ”
................
..........................
ဆိုင်ကယ်တစ်စီးသည် မြစ်ငယ်မြို့အားဖြတ်၍ ကျောက်စိမ်းဘူရားကိုသွားသောလမ်းပေါ်တွင်ပြေးနေသည်။
လေတဖြူးဖြူးတိုက်ခတ်နေသော အချိန်ဖြစ်၍ သွားလာ၍အဆင်ပြေသော ညနေခင်းဖြစ်သည်။
စည်သူမောင်သည် ထက်အောင်ပြည့်၏ခါးအားဖက်ထားကာ ပုခုံးပေါ်တွင်မေးလေးတင်ထားသည်။
“မောင်”
“ဗျာ”
“ငါ့ကို ဘယ်တုန်းက စချစ်တာလဲ”
“စပြီးမြင်ဖူးကတည်းကပဲ”
“ဟ မဟုတ်တာ”
“ဟုတ်တယ်လေ၊ မောင်နဲ့ အချစ်နဲ့က မွေးကတည်းကဆော့ဖော်ဆော့ဖက်လေ။ အဲဒီကတည်းက ချစ်တာ၊ ချစ်တာကို နားမလည်သေးပေမယ့် ဆော့တဲ့အချိန်တွေ အချစ်ရောက်မလာရင် မောင်က မျှော်တယ်လေ။ အဲဒါ အချစ်ပဲပေါ့။ နောက်ပြီး အချစ်ဖျားတဲ့အခါ မောင်က မုန့်တွေနဲ့ လာပြီးမေးလိုက်ရမှ နေသာ ထိုင်သာရှိတယ်၊ ဒါလည်း အချစ်ပဲလေ။ မောင်က အချစ်ကိုလေ၊ အချစ်ဆိုတာကို နားမလည်ခင်ကတည်းကချစ်တာ။ သိပြီလား”
စည်သူမောင်သည် ထက်အောင်ပြည့်၏ ခါးအား ပိုတိုး၍ဖက်လိုက်သည်။
ညနေခင်းသည် အချစ်၏အငွေ့အသက်များဖြင့် ပြည့်နက်နေသည်။

You've reached the end of published parts.

⏰ Last updated: May 06, 2023 ⏰

Add this story to your Library to get notified about new parts!

မကြားချင်ယောင်ဆောင်သော ကြယ် (မကြားချင်ယောင်ဆောင်သော ကြယ်)CompletedWhere stories live. Discover now