အခန်း၁၁
"ဒါကဘယ်လဲ"
ထက်အောင်ပြည့်သည် ပြာယာခက်နေသော ညီမဖြစ်သူအား ကြည့်ကာ ပြော၏။ သပ်သပ်ရပ်ရပ်ပြင်ဆင်ထားသည့် အပြင် ဘေးအိမ်ဘက်သွားတော့မည့်အရိပ်အရောင်တွေ့တာမို့ ခြံတံခါးမှစောင့်ကာ မေးလိုက်၏။
"စက်မှုဘက် ခနသွားမှာ"
"ဘယ်သူနဲ့လဲ၊ ဘာသွားလုပ်မှာလဲ"
"ကိုကြီးစည်သူနဲ့ အပြင်သွားမလို့၊ အမ်း...ဆိုင်တစ်ဆိုင်ဆိုင်မှာ တစ်ခုခုစားမယ်လေ"
ထက်အောင်ပြည့်သည် သက်ပြင်းကိုချ၏။ ထို့နောက်တွင် တစ်ဖက်ကအိမ်အားလှမ်းကြည့်သည်။ စည်သူသည် ပုဆိုးနဲ့ဖြစ်သော်လည်း အပြင်သွားမည့်ပုံစံဖြစ်၏။ သူ့ဆိုင်ကယ်ကို ထုတ်ကာ အိမ်ရှေ့ရပ်ထားတာတွေ့တာကြောင့် လိုက်ပို့မည့်ပုံပေါ်၏။ တစ်ဆက်တည်းမှာပင် ကားထိုးသည့်ဂိုဒေါင်တွင် ကားနှစ်စီးလုံးကိုတွေ့ရတာကြောင့် စည်သူ့အားပို၍ပင် ဒေါသထွက်မိပြန်၏။
ဟို မူဆယ်တက်တဲ့ ကားကတော့ထားပါတော့၊ အိမ်စီးကားရှိနေပါရက်နဲ့ ဘာ့ကြောင့်များဆိုင်ကယ်နဲ့ လိုက်ပို့ပါသနည်း။ အရင်ကထက်ပိုပြီးနီးစပ်အောင် ဆိုင်ကယ်နဲ့သွားတဲ့ သဘောသာဆို စည်သူသည် ခံစားချက်ကို ငဲ့မကြည့်ဘဲ လက်ထပ်ဖို့ကိုပင်တွေးထားသည့် သဘောရှိ၏။ ဒါမှမဟုတ် အနေနီးပါက ချစ်သွားမှာ ဟုတွေးထားသည့် သဘောပင်။
"သူကလိုက်ပို့မယ်တဲ့လား၊ နင်ကအတင်းလိုက်ပို့ခိုင်းတာလား"
"မဟုတ်ပါဘူး၊ ညီမလေးကို မြတ်ကလာပြောတာ ၊ ကိုကြီးစည်သူက အပြင်သွားဖို့ ပြောခိုင်းလို့တဲ့"
"ဘာ။ စည်သူက ပြောခိုင်းတာ ဟုတ်လား"
"ဟုတ်တယ်လေ၊ ကိုကြီးရဲ့ ဘာလို့လဲ၊ တစ်ခုခုမှာစရာရှိလို့လား"
"အေး၊ စည်သူ့ကိုပြောလိုက် ဓားတစ်ချောင်းဝယ်ခဲ့လို့"
အေးချမ်းပြည့် သည် မျက်နှာကို မဲ့လိုက်၏။
"ကိုကြီးကလည်း ဓားတွေအိမ်မှာတစ်ပုံကြီး၊ ဘာလုပ်ဖို့တုန်း"
"ငါပြောသလိုသာပြောလိုက်ပါ၊ ဘာလုပ်ဖို့လဲဆိုတာ သူသိတယ်"
ညီမဖြစ်သူအား ဟိန်းဟောက်လိုက်၏။ ထို့နောက်တွင် တစ်ဖက်ခြံရှိ ဆိုင်ကယ်အား အမြင်ကပ်စွာကြည့်မိပြန်သည်။
YOU ARE READING
မကြားချင်ယောင်ဆောင်သော ကြယ် (မကြားချင်ယောင်ဆောင်သော ကြယ်)Completed