အချပ်ပို (၅၆)

2K 54 36
                                    

"အောက် အီး...အီး...အွတ်!!"

အိပ်ကောင်း‌နေတုန်း ခေါင်းရင်းတွင် သံရှည်စွဲကာ ကျယ်လောင်စွာ လာတွန်သော ကြက်ဖကို ဈာန်ဘုန်းနိုင် သတ်စားချင်လှပြီ။ မနက်စောစောစီးစီး ကျက်သရေ မရှိ။ အင်း...ဟု တစ်ချက်ညည်းပြီး စိတ်ရှုပ်စွာ ခေါင်းကုတ်ကာ စောင်ကို ခေါင်းမြီး ခြုံလိုက်၏။

"နောင်ကြီး ထတော့"

ကိုယ့်စောင်ကို လွှားခနဲ ဆွဲဖယ်ကာ ပြတ်သားစွာ နှိုးသောသူကြောင့် ဈာန်ဘုန်းနိုင် ပိုစိတ်ရှုပ်သဖြင့် မျက်နှာစူကာ တစ်ဖက်လှည့်သည်။

"အပျင်းကြီး မနေနဲ့၊ သွားစရာ လာစရာရှိတယ်"

နူးနူးညံ့ညံ့ မနှိုးဘဲ ခွန်းဒါရီက ပြတ်သားသော စကားတွေကိုသာ ဆိုသည့်အပြင် ဈာန်ဘုန်းနိုင်အား အကြမ်းပတမ်း ဆွဲကာ ထထိုင်စေသည်။ ဈာန်ဘုန်းနိုင်မှာ ခွန်းဒါရီ၏ ဆွဲခေါ်ရာနောက် အရုပ်လေးလို ဝှစ်ခနဲ ပါလာ၏။ ငေါက်ခနဲ ထထိုင်ရပေမဲ့ မျက်လုံးက သေချာမဖွင့်သေး။ အိပ်ချင်မူးတူး ဖြစ်နေတုန်းပင်။

အဖြူရောင် ပိုးသားညဝတ်အင်္ကျီနှင့် ဈာန်ဘုန်းနိုင်၏ ပုံစံက သည်လိုပင်။ အနည်းငယ် ရှည်စပြုသော ဆံပင်တွေက ဓါတ်လိုက်မှုကြောင့် ထိုးထောင်နေသည်။ ဖြောင့်တန်းသော မျက်ခုံးနှစ်တန်းက စုကျုံ့နေပြီး နှာခေါင်း ချွန်အောက်က ခပ်ရဲရဲ နှုတ်ခမ်းပါးသည် စူထော်နေသည်။ မျက်နှာနုနုထက်တွင် သွားရည် စီးကြောင်းနှင့်အတူ တစောင်းအိပ်သောကြောင့် စောင်အရာများ။

"ကဲ စူပုပ်မနေနဲ့၊ မျက်နှာသစ်ပြီး ပြင်ဆင်တော့၊ ဒီနေ့ သွားစရာရှိတယ်လေ နောင်ကြီးရဲ့"

ဈာန်ဘုန်းနိုင်၏ မျက်ဝတ်နှင့် သွားရည်စီးကြောင်းကို မရွံမရှာ သုတ်ပေးရင်း ခွန်းဒါရီက လေသံပျော့ကာ ဆိုလေသည်။ ဈာန်ဘုန်းနိုင်သည် ကလေးဆိုးလို ခေါင်းခါသည်။ ထို့နောက် လက်ပြတ် စွပ်ကျယ်သာ ဝတ်ထားသဖြင့် ပေါ်နေသော ခွန်းဒါရီ၏ မို့မောက်သော ရင်အုပ်ကျယ်ပေါ်တွင် ခေါင်းမှီချ၏။

"ငါးမိနစ်ပဲလေနော်၊ မောင်ကြီး နော်"

ကြောင်လေးကို တိုးဝှေ့ပွတ်သပ်ကာ ချွဲနေမိသည်။ အရမ်း အိပ်ချင်သေးလို့ပါ။

ဗိုလ်ကြီးနှင့် သူ့ကတော်တို့၏ တော်လှန်ရေးမှတ်တမ်း (U/Z)Where stories live. Discover now