သူ့စကားကို ဈာန်ဘုန်းနိုင် တကားကား အော်ရယ်တော့ ခွန်းဒါရီသည် 'နောင်ကြီး မယုံမှာ သိသားပဲ' ဟု ဆိုကာ စိတ်ဆိုးဆိုးနှင့် ထသွားလေသည်။ ဈာန်ဘုန်းနိုင် ရယ်ကြော မပြတ်သေးပေမဲ့ စိတ်ကောက်သွားသော သူအား လိုက်ချော့ရတော့မည်။
"ဘယ်သွားမလို့လဲ၊ ကိုယ်လည်း လိုက်သွားမယ်"
"မလိုက်နဲ့!"
"Lol! Lol! လိုက်မှာပဲ၊ ဘာဖြစ်လဲ"
လျှာထုတ် ပြောင်ပြနေသော ဈာန်ဘုန်းနိုင်ကို ခွန်းဒါရီက မနိုင်ဟန် ခေါင်းခါပြလာသည်။
"ကျုပ် ခေါင်းရှုပ်နေလို့ ချွေးသွားထုတ်မှာ၊ နောင်ကြီး ဘာလိုက်လုပ်မို့လဲ"
"လိုက်ကြည့်မှာ၊ အချစ်ဆေး ခပ်ခံရတဲ့သူက ဘယ်လို ပြောင်းလဲသွားတတ်လဲ ကြည့်ချင်လို့ ခစ် ခစ်"
အမြင်ကပ်စရာကောင်းသည့် လေသံနှင့် ဈာန်ဘုန်းနိုင် ပါးစပ်အုပ် ရယ်ပြသည်။ ခွန်းဒါရီက မျက်မှောင်ကို တအား ကြုတ်ပစ်ကာ-
"နောင်ကြီး မပြောင်နဲ့နော်"
"ပြောင်တော့ ဘာဖြစ်လဲ"
ခွန်းဒါရီက ခါးထောက်လာသည်။
"ဒါဆို ကျုပ် စိတ်ဆိုးမိလိမ့်မယ်"
"ဪ ဟော်၊ ဒါလေးတောင် စိတ်ဆိုးတယ်ပေါ့"
"နောင်ကြီးအတွက်က ဒါလေး ဖြစ်ပေမဲ့ ကျုပ်အတွက် ဒါကြီးလေ၊ နောင်ကြီး ကျုပ် စကားကိုမယုံဘူး၊ ကျုပ် စိတ်ဆိုးတယ်"
သူ့သိုင်းကြိုးဖိနပ်ကို အလွယ်စွပ်ကာ ဝှစ်ခနဲ ထွက်ပြေး သွားလေ၏။
"ဟိတ်! ခွန်းဒါရီ!"
ကလေးဆိုးလို စိတ်ကောက်သွားသောသူက လှည့်ပင် မကြည့်တော့။ ဤသည်လည်း ခွန်းဒါရီက သဘောကျ စရာလေးပင်။ နောက်ကျောကို သဘောကျ အပြုံးလေးနှင့် လိုက်ကြည့်ရာ လေ့ကျင့်ရေးခန်းကို ဦးတည်သွားသည်ကို တွေ့ရ၏။
ဈာန်ဘုန်းနိုင်လည်း အိမ်စီး ပြောင်းဖူးညှပ်ဖိနပ်ကို စီးကာ ပြေးထွက်သွားသော ခွန်းဒါရီနောက် လိုက်နေတော့သည်။ မလိုက်ခင်တော့ သူ ချွေးသုတ်ဖို့ တဘက်ကို အိမ်ထဲတစ်ချက် ပြေးဝင်ယူပါသေးသည်။ အပြုံးနှင့် ပြေးလိုက်သွားရင်း ချယ်ရီသင်း သီချင်း၏ "အချစ်ဟာ လိုက်လို့ပြေးတာလား၊ ဪ ပြေးလို့လိုက်တာလား" ဆိုသော သီချင်းစာသားကို အော်ဆိုနေမိ၏။
YOU ARE READING
ဗိုလ်ကြီးနှင့် သူ့ကတော်တို့၏ တော်လှန်ရေးမှတ်တမ်း (U/Z)
Romanceတောင်တန်းကြီး တည်သရွေ့ရဲ့ အချပ်ပိုလေးတွေပါ။