နေ့ရက်တွေကို ပုံမှန်အတိုင်း ဖြတ်သန်းရာမှ သီတင်းကျွတ် လပြည့်နေ့မှာ ဈာန်ဘုန်းနိုင်တို့သည် အလျင်တစ်ခေါက်က သွားခဲ့ဖူးသည့် တောင်ပေါ် ဘုရားလေးဆီကို ဘုရားသွားဖူးသည်။ ဤအတွက် ခွန်းဒါရီက လိုက်ပို့ပေးပါသည်။ မြတ်စွာ ဘုရားကို ကန်တော့ပြီး ပန်းကပ်ရာ ခွန်းဒါရီလည်း လိုက်ကပ်၏။ ဤကိစ္စနဲ့ ပတ်သက်ပြီး ဈာန်ဘုန်းနိုင် မေးခဲ့ဖူးသည်။
"မောင်ကြီးက ကန်တော့လို့ရတယ်လား"
"နောင်ကြီးနဲ့ ပတ်သက်တာ မှန်သမျှကို ကျုပ် ကြည်ဖြူတယ်"
ထိုစကားကို ပြန်တွေးကြည့်တော့ ဖိနပ်စီးရင်း ဈာန်ဘုန်းနိုင် အလိုလို ပြုံးနေမိ၏။ ဈာန်ဘုန်းနိုင်လို တိုက်ပုံဝတ်စုံနှင့် ခန့်ညားနေသည့် အမျိုးသားကြီးက တကယ် ချစ်မဝလေး။ သူ ပြောသည့် စကားတိုင်းက ကြွေစရာ သိပ်ကောင်းတာ။
အပြန်လမ်း ကားပေါ်တွင် ဈာန်ဘုန်းနိုင်သည် သူ့လက်ကို ဆုပ်ကိုင်ထားရာမှ မလွှတ်တော့။ တောင်ပေါ်စခန်းကို ပြန်ရောက်သောအခါ ရဲဘော်တို့က စုဝေးနေကြသည်။ ဈာန်ဘုန်းနိုင်တို့ ပြန်လာသည်ကို မြင်တော့ ရဲဘော်ခေါင်းဆောင် ဝမ်းသာအယ်လဲ အပြေးလာကြိုကြ၏။
"ဗိုလ်ကြီးတို့ကို စောင့်နေတာ၊ ကျေးဇူးပြု၍ လိုက်လာပါခင်ဗျ"
သူတို့ခေါ်ရာ အစည်းအဝေးခန်းထဲကို လိုက်သွားတော့ တစ်တပ်လုံးက ရဲဘော်တို့၏ အကြည့်များသည် ပြုံခနဲ။ အားလုံးက အောက်ချထိုင်နေကြခြင်း။ ထို့ပြင် အရှေ့ဆုံးတွင်လည်း ထိုင်ခုံနှစ်လုံးကို ပြင်ထားပေး၏။
"ထိုင်ကြပါခင်ဗျ"
ကန်တော့မလို့လား။
မထင်မှတ်ထားသည်မို့ အင်တင်တင် ဖြစ်သွားရသည်။
"ကိုယ်က ရပါတယ်၊ မင်းတို့ ဗိုလ်ကြီးကိုပဲ ကန်တော့ကြပါ"
"နိုး နိုး၊ တကယ်ဆို ဗိုလ်ကြီးကတော်က အသက် ပိုကြီးတယ်လေ"
ဈာန်ဘုန်းနိုင်မှာ ရင်ထဲ ဆစ်ခနဲ ထိသွားသဖြင့် မျက်လုံးလှန်မိမတတ်။
ကိုယ့်အသက်ကြီးကို လာပြောကြပြန်ပြီ။ သတိမပေးလည်း ရပါတယ်ဟ။ အမှန်တရားက ခါးတယ်ဆိုတာ ဒါမျိုးလား။
YOU ARE READING
ဗိုလ်ကြီးနှင့် သူ့ကတော်တို့၏ တော်လှန်ရေးမှတ်တမ်း (U/Z)
Romanceတောင်တန်းကြီး တည်သရွေ့ရဲ့ အချပ်ပိုလေးတွေပါ။