မိုးသည်းထန်စွာ ရွာနေသည်။ ဈာန်ဘုန်းနိုင်တို့ လိုက်ပါလာသော တပ်ကားကြီးမှာ မြေနီရွှံ့လမ်းထဲ ဘီးကျွံသွားသဖြင့် ရဲဘော်တို့နှင့်အတူ ဆင်းတွန်းရ၏။
"ဝမ်း! တူး! သရီး!!"
ယောက်ျားကြီးများသည် တိုင်ပင်ခေါ်ရင်း ကားကို ပြိုင်တူတွန်းကြသည်။ ကားမောင်းသူသည် လီဗာကိုတင်ရာ ကျွံနေသော ကားဘီးက မြည်ဟိန်းသော စက်သံအလိုက် အားပါးတရ လည်လာသည်။ ရွှံ့တွေသာယက်ထွက်လာရာ ကားဘီးတွန်းသော ဈာန်ဘုန်းနိုင်တို့မှာ ရွှံ့လူသားဖြစ်သွားရ၏။ ပင်ပန်းသည့်ကြားက ပေတာလူးနေသော သူတို့တွေသည် အချင်းချင်းကြည့်ရင်း တကားကား အော်ရယ်ကြသည်။ သို့သော် မိုးရေက ဆေးကြောသဖြင့် ရွှံ့သည်မကြာရှည်။
ဈာန်ဘုန်းနိုင်လည်း ရယ်နေရင်း လွန်ခဲ့သောနှစ်များက မိုးရာသီအချိန် ခွန်းဒါရီနှင့် ရွှံ့တွေဆော့ကြရသည်ကို သတိရသွား၏။
ပြန်လာရင် ဆော့ဖို့ခေါ်ရအုံးမယ်။
ပြိုင်တူအားကြောင့် သိပ်မကြာလိုက်ဘဲ ကားကြီးသည် နောက်ဆုံးတော့ ရွှေ့သွားလေပြီ။ ရဲဘော်တို့နှင့်အတူ ကားပေါ်ပြေးတက်ပြီး ဦးတည်ရာကား ပြည်နယ်ကြီး၏ တောင်ပိုင်းသို့။ ခရီးပြန်ဆက်ချိန်မှာ ဈာန်ဘုန်းနိုင်သည် ခိုက်ခိုက်တုန်အောင် ချမ်းနေပြီ။ နေ့လယ်စာမစားရတော့ ဗိုက်လည်းဆာသား။ အချိန်ကိုကြည့်တော့ မွန်းလွှဲလေးနာရီတဲ့။ မိုးသည် သည်းဆဲ။
ရောက်တော့မှာပါ။ အားတင်းထား ဈာန်ဘုန်းနိုင်။
ကိုယ့်ကိုယ်ကိုယ် အားပေးရင်း-
"လူယုတ်မာတွေက မြို့ပြထဲကို ထပ်ဝင်လာပြန်ပြီ"
ရဲဘော်တို့၏ စကားဝိုင်းပင်။ အစပိုင်းက ပေါ့ပေါ့ပါးပါးသာ ပြောနေကြပေမဲ့ ယခုဆိုလာသော စကားကြောင့် ဈာန်ဘုန်းနိုင် မျက်ဝန်းကိုမှိတ်ကာ နားစွင့်လိုက်သည်။
"ငါတို့ ခဲယမ်းတွေ မလောက်လို့သာပေါ့၊ မဟုတ်လို့က တွေ့ချင်သေးတယ် ခဝေးကောင်တွေကို"
အပြင်ပန်းတွင် တည်ငြိမ်ပေမဲ့ အတွေးကား လူးလွန့်နေလေပြီ။
YOU ARE READING
ဗိုလ်ကြီးနှင့် သူ့ကတော်တို့၏ တော်လှန်ရေးမှတ်တမ်း (U/Z)
Romanceတောင်တန်းကြီး တည်သရွေ့ရဲ့ အချပ်ပိုလေးတွေပါ။