"မောင်ကြီး!"
ဈာန်ဘုန်းနိုင် အော်ခေါ်ရင်း ထွက်သွားသည့်လူနောက် ပြေးလိုက်သွားသည်။ သို့သော် သိသည့်အတိုင်း ခွန်းဒါရီလေးက အလွန်မြန်ရာ တက္ကစီတစ်စီး တားကာ ထိုကားထဲတောင် ရောက်သွားလေပြီ။ ဈာန်ဘုန်းနိုင် အချိန်မဆွဲတော့ဘဲ ဆင်ဝင်အောက်က ကားကို ထုတ်၍ ထိုတက္ကစီနောက် အမြန်လိုက်၏။ ကားသော့က ဘောင်းဘီအိတ်ကပ်ထဲ အမြဲရှိလို့သာ တော်သေး။
ရှေ့က တက္ကစီကားသည် ရှုပ်နေသော ကားကြား ဝင်သွားသည်။ မီးပွိုင့်ရောက်သော် မီးနီသဖြင့် ရပ်စောင့်ရသည်။ ဈာန်ဘုန်းနိုင်တို့ကြား ငါးစီးတောင် ခြားသေးသဖြင့် လည်တမော့မော့နှင့် စောင့်ကြည့်နေရ၏။ မီးပြန်စိမ်းသွားသော် ထိုတက္ကစီလည်း ဘယ်ကွေ့ရာ လည်တဆန့်ဆန့်ဖြင့် လိုက်ကြည့်ပြီး ကိုယ်လည်း ဘယ်ကွေ့လိုက်သည်။ ထိုအခါ သတိမထားမိခင် ကားနောက်သည် ဆောင့်တွန်းခံရသဖြင့် ခန္ဓာကိုယ်သည် ယိုင်နဲ့သွားကာ စတီယာတိုင်ပေါ်သို့ ဒိန်းခနဲ။
"အာ ခေါင်းမူးလိုက်တာ"
ခေါင်းပေါ်မှ ပူနွေးသော အရည်ပျစ်ပျစ်တွေ ကျလာသည်ဟု ဈာန်ဘုန်းနိုင် ခံစားရသဖြင့် ထိကိုင်ကြည့်ရန် ပြင်ပေမဲ့ လေးလံလာသော မျက်ခွံနှင့်အတူ လက်သည်လည်း ဘုတ်ခနဲ ပြုတ်ကျသွားသည်။ စကားပြောသံ သဲ့သဲ့လေးနှင့် ဟွန်းတီးသံတို့သည် တဝီဝီ မြည်သွားသည်။ မကြာလိုက်။ ကမ္ဘာကြီးသည် မှောင်အတိ ကျသွား၏။
အိပ်ပျော်သည်မှာ မည်မျှပင် ကြာသွားလည်း မသိ။ သတိပြန်ဝင်လာသည်နှင့် လက်ချောင်းလေးကို စတင် လှုပ်ကြည့်သည်။
"နောင်ကြီး..."
ကြားရသော ခွန်းဒါရီ၏ အသံသည် ပုလင်းထဲက အော်ပြောရသည့် အသံမျိုး။ အများကြီး မတွေးနိုင်သေးဘဲ မျက်လုံးကို ကြိုးစားဖွင့်၏။ ဝိုးတဝါး အကြည့်ကြားကား အနက်ရောင် လည်ဟိုက် လည်ရှည် တီရှပ်နှင့် သမင်ရောင် စတိုင်ပန့် ဘောင်းဘီရှည်ကို ဝတ်ထားသည့် ပုံရိပ်အား တွေ့ရသည်။ ထိုလူသည် ခေါင်းတုံးပေါက်စကေကို ပြန်ညှပ်ထား၏။ တယ်လန်းနေပါလားဟု တွေးမိကာ ပြုံးပြုံးလေးနှင့် ဆက်ကြည့်သည်။
YOU ARE READING
ဗိုလ်ကြီးနှင့် သူ့ကတော်တို့၏ တော်လှန်ရေးမှတ်တမ်း (U/Z)
Romanceတောင်တန်းကြီး တည်သရွေ့ရဲ့ အချပ်ပိုလေးတွေပါ။