အဟွတ်! ဟွတ်! ဟွတ်!
ဆက်တိုက်ထွက်ပေါ်လာသော ချောင်းဆိုးသံကြောင့် ခွန်းဒါရီ၏ မျက်နှာမှာ ကွက်ခနဲ။
"နားနေပါလို့ ကျုပ် ပြောသားပဲ"
နှုတ်ခမ်းထောင့်က ရေစက်ကို လက်ခုံနဲ့ သုတ်ပြီး ဈာန်ဘုန်းနိုင် ခေါင်းခါပြသည်။ ထို့နောက် မတ်စ်ကိုပြန်တပ်၊ လက်ထဲက ရေဘူးကို မြှောက်ပြလျက်-
"ကိုယ် သီးသွားရုံပဲ"
"ဂရုစိုက်"
ပခုံးကို တစ်ချက်ပုတ်၍ ခွန်းဒါရီက သန့်ရှင်းရေး ဆက်လုပ်၏။ သူလည်း မတ်စ်နှင့်ပါပင်။
ယခု ဈာန်ဘုန်းနိုင်တို့သည် ခူးပရာကို ပြန်ရောက်ပြီး နှစ်ပတ်အကြာ အနားယူပြီးမှ ပိတ်ရက်တွင် ခွန်းဒါရီက သူ့စာအုပ်စင်ကို ရှင်းချင်သည်ဟု ဆိုလာရာ ထိုင်ကြည့်မနေနိုင်သဖြင့် ပါဝင်ကူညီပေးခြင်း။ စာအုပ်စင်ကို ရှင်းရင်းနှင့် အသစ်ဝယ်လာသော စာအုပ်စင်ကို တပ်ဆင်မည်။ အပြင်ထုတ်ထားသော စာအုပ်စင်ကို ဈာန်ဘုန်းနိုင်က အမျိုးအစား ခွဲပေးရသည်။
"နေရာလည်း မရှိတော့ဘူး"
ခါးနှစ်ဖက်ထောက်လျက် နေရာကို လိုက်ရှာပါသော ခွန်းဒါရီ။
သူ့စကားအတိုင်း ဝေ့ကြည့်သော် အဟုတ်ပင်။ အိပ်ရာခန်းထဲတွင် နှစ်ယောက်အိပ် ခုတင်ကြီးနှင့် ဈာန်ဘုန်းနိုင်တို့၏ အဝတ်ဗီဒိုနှင့်ပင် ပြည့်နေပြီ။ ဒါတောင် ဈာန်ဘုန်းနိုင်၏ ရုပ်တုကြီးကို ဂိုထောင်ထဲ သွားထားလို့။ မဟုတ်လျှင် ခြေဆန့်စရာ နေရာပင် ရှိမည်မဟုတ်။
"အိမ်အသစ် ဆောက်ရင် ကောင်းမလား နောင်ကြီး"
အိမ်အသစ်....
ခွန်းဒါရီသာ ဆန္ဒရှိလျှင် သည်နေရာမှာ ခေတ်မီပြီး သန့်ရှင်းလှပသော အိမ်အသစ်ရဖို့က မခက်ခဲ။ သို့သော် အသစ်ပြောင်းနေဖို့က ဈာန်ဘုန်းနိုင် ဆန္ဒမရှိပါ။ အဓိကက ပြန်စရာမရှိသော သူတွေကို အားနာသည်။
ပြီးတော့ ပုဂ္ဂိုလ်ရေးအရ ဆိုရလျှင် ယခုလို သစ်ရနံ့၊ စာအုပ်ရနံ့နှင့် ရင်းရင်းနှီးနှီး နေရသည်ကိုက သဘောကျမိသည်။ အထူးသဖြင့် အတူတူ နေလာခဲ့သော စခန်းတစ်ဖြစ်လည်း အိမ်ဟောင်းလေး၊ အမှတ်တရတွေနှင့် ပြည့်နေသော အိမ်ဟောင်းလေးကို ချန်ထားရမှာ ဈာန်ဘုန်းနိုင် မလိုလား။ နေရာဟောင်းကို တွယ်တာသည်ဟုပဲဆိုဆို ဈာန်ဘုန်းနိုင် မပြောင်းချင်ပါ။
YOU ARE READING
ဗိုလ်ကြီးနှင့် သူ့ကတော်တို့၏ တော်လှန်ရေးမှတ်တမ်း (U/Z)
Romanceတောင်တန်းကြီး တည်သရွေ့ရဲ့ အချပ်ပိုလေးတွေပါ။