ခွန်းဒါရီ ဖျားနေသည်မှာ သုံးရက်ဆက်တိုက်ရှိလေပြီ။ ဈာန်ဘုန်းနိုင်သည် သူ့အနားတွင်သာ ပြုစုပေးနေရ၏။ စခန်းက ဆေးပေးခန်းမှစ၍ အပြင်က ဆရာဝန်တွေကိုပင့်၊ ဆရာဝန်တွေဆီ သွားပြကြည့်သော်လည်း ရောဂါလက္ခဏာ မတွေ့ရဘူးဟုဆိုကြကာ အဖျားကျဆေးတွေသာ ပေးသွားသည်။
သူ့ဖျားပုံကလည်း ထူးဆန်း၏။ ဈာန်ဘုန်းနိုင်ကို ဒုက္ခမပေး။ ခေါင်းကိုက်သည်ဟုသာဆိုကာ နေ့ခင်းဘက်တွင် တစ်နေကုန်နီးပါး အိပ်သည်။ ညမှာဆို နိုးနေပြီး အိမ်သာမကြာခဏသွားကာ သူ မလုပ်လိုက်ရသော အလုပ်တွေကို လက်ပ်တော့ပ်တစ်လုံးနှင့် ထိုင်လုပ်နေသည်။
"မောင်ကြီး အိပ်တော့လေ"
"ကျုပ် တစ်နေကုန် အိပ်ထားပြီ၊ နောင်ကြီးပဲအိပ်"
ညဘက်ကြီး အလုပ်ထိုင်လုပ်နေသောသူကို ဘယ်သူက ထားရက်မလဲလေ။ ဈာန်ဘုန်းနိုင်မှာ သူ့ဘေးနား ထိုင်စောင့်ကြည့်နေပြီး ကြာလာတော့လည်း အိပ်ပျော်သွားသည်ပင်။
နိုးလာတော့ မနက်ပင်ရောက်နှင့်ပြီး လူက အိပ်ရာပေါ်မှာ ပြန်ရောက်နေတတ်၏။ ယနေ့လည်း ထိုနည်းတူဖြစ်ပြီး နိုးထသည်နှင့် မြင်ရသည်က အိပ်ပျော်နေသည့် ခွန်းဒါရီ။အိပ်နေသောသူ၏ မျက်နှာကို စိတ်မကောင်းစွာ ကြည့်မိရင်း ဖွဖွလေး ထိတွေ့မိ၏။
"ဟင်း နှုတ်ခမ်းမွှေးတွေနဲ့ ပါးတွေ ချောင်ကျနေပြီ၊ မျက်ကွင်းတွေလဲ ဟောက်ပက်နေတာပဲ"
ဤသို့ မူမမှန်သော စရိုက်အပြင် နောက်တစ်ခုက ခွန်းဒါရီ အစာမစားခြင်း။ သူ့အတွက် ထမင်းချက်ပေးရာ အိပဲ့ပဲ့နှင့်သာစားပေမဲ့ ဆန်ပြုတ်ဆို လှည့်တောင်မကြည့်။ ပြီးလျှင် တအား လူလည်ကျသည်။ ဆေးသောက်ကြည့်ပေမဲ့ နှစ်ရက်အတွင်း မသက်သာလာဘူးဟုဆိုကာ ဆေးတွေကို ဆက်မသောက်တော့။
"ဒီနေ့တော့ ငါးဆန်ပြုတ် ချက်ပေးမှပါ"
သူ့ပါးပြင်ကို တစ်ချက်နမ်းပြီး ပြင်ဆင်စရာရှိတာ ပြင်တော့သည်။ လုံလောက်သော အချိန်တစ်ခု အကြာမှာ အငွေ့တထောင်းထောင်းဖြင့် မွှေးကြိုင်လှသော ငါးဆန်ပြုတ်က ဈာန်ဘုန်းနိုင်နှင့်အတူ ရောက်ရှိလို့လာပါပြီ။
YOU ARE READING
ဗိုလ်ကြီးနှင့် သူ့ကတော်တို့၏ တော်လှန်ရေးမှတ်တမ်း (U/Z)
Romanceတောင်တန်းကြီး တည်သရွေ့ရဲ့ အချပ်ပိုလေးတွေပါ။