ဆေးရုံငယ်လေးထဲကို ခြေချမိသည်နှင့် အမျိုးမျိုးသော ဆေးရနံ့၊ ချွေးရနံ့၊ သွေးရနံ့တို့က ကြိုဆိုနေသည်။ ဈာန်ဘုန်းနိုင်မှာ ထပ်မငိုချမိအောင် နှုတ်ခမ်းကို ဖိပိတ်ကာ လက်သီးကို ဆုပ်လျက် ခြေလှမ်းမှန်စွာ ဝင်လာရသည်။ သိပ်မလျှောက်ရဘဲ ခွန်းဒါရီ ရှိနေသည့် အခန်းကို မြင်ရ၏။ ခွန်းဒါရီက သတိရနေလေပြီ။ ရဲဘော်တစ်ဦးက သူ့ကို ဆန်ပြုတ် တိုက်ကျွေးနေသည်။ သူသည် အသက်မဲ့သည့် မျက်ဝန်းဖြင့် ဆန်ပြုတ်ကို တစ်ဇွန်းချင်း စားနေ၏။
ဆေးရုံ၏ ပြတင်းမှန်မှကြည့်ရင်း ဈာန်ဘုန်းနိုင်မှာ လက်သီးကိုသာ တင်းတင်း ဆုပ်မိရလေလေ။ ဝမ်းဗိုက်မှာ ပတ်တီးအစုံနှင့် ခွန်းဒါရီ။ ဆေးပိုက်လည်း သွင်းခံရသေး။ သူ့ကိုကြည့်လေ ဈာန်ဘုန်းနိုင် ရင်နာခြင်းနှင့်အတူ ဒေါသပါ ထွက်ရလေသည်။ အကြောင်းမှာ လွန်ခဲ့သော ငါးရက်မှာ ဖုန်းထဲက ရဲဘော်၏ စကားကြောင့်ပင်။
"တိုက်ပွဲမှာ ထိခိုက်ထားတဲ့ ဗိုလ်ကြီး သတိရလာပါပြီ ဗိုလ်ကြီးကတော်၊ ဗိုလ်ကြီးက အခု (...) ဆေးရုံမှာပါ"
ထိုစကားက ဈာန်ဘုန်းနိုင်ကို စိတ်ရှုပ်ထွေးစေသည်။ ရက်ပေါင်း လေးဆယ်ကျော်အတွင်း ခွန်းဒါရီဆီက တစ်ချက်မျှ အဆက်အသွယ်မရဘဲ ပြန်ရသောအခါ တိုက်ပွဲမှာ ထိခိုက်တာတဲ့လား။ ပြီးတော့ ဆေးရုံမှာတဲ့။
"ရဲဘော် ဘာတွေ ပြောနေတာလဲ၊ မောင်ကြီးက ထိခိုက်ခံရပြီး အခု ဆေးရုံမှာ ဟုတ်လား၊ ဘယ်အချိန် ကတည်းကလဲ"
"လွန်ခဲ့တဲ့ ငါးရက်ကပါ"
"ဘာ!!! လွန်ခဲ့တဲ့ ငါး ငါးရက်က... ဒါကို မင်းတို့ အ အခုမှ..."
ဈာန်ဘုန်းနိုင် အသံပါ တုန်သွားရ၏။
"တောင်းပန်ပါတယ် ဗိုလ်ကြီးကတော်၊ ကျွန်တော်တို့လဲ ဗိုလ်ကြီးရဲ့ အမိန့်ကို လိုက်နာရတာကြောင့်ပါ"
"ဗိုလ်ကြီးအမိန့်၊ ဘာကို ဆိုလိုတာလဲ"
ဤသို့ဖြင့် ရဲဘော်က ပြန်ရှင်းပြ၏။ သွေးအလူးလူးဖြင့် ခွန်းဒါရီသည် သတိမမေ့သွားခင် စကားတစ်ခွန်းကို ရအောင် ပြောသွားခဲ့သည်။ ဤသည်မှာ သူ့တွင် သေချာသတ်မှတ်၍ရသော အခြေအနေတစ်ခုကို ရောက်မှ သူ့ကတော်အား ပေးသိစေရန်ပင်။ ဆိုလိုသည်က ကျဆုံးကြောင်း သေချာမှ။ မဟုတ်လျှင် သတိရလာကြောင်း သေချာမှ ဈာန်ဘုန်းနိုင်အား အသိပေးရန်ပင်။
YOU ARE READING
ဗိုလ်ကြီးနှင့် သူ့ကတော်တို့၏ တော်လှန်ရေးမှတ်တမ်း (U/Z)
Romanceတောင်တန်းကြီး တည်သရွေ့ရဲ့ အချပ်ပိုလေးတွေပါ။