အချပ်ပို (၉၆)

110 20 18
                                    

နှစ်အချို့ ကြာလာအောင် တွဲလာကြတဲ့နောက် ချစ်သူနှစ်ယောက်က အချင်းချင်း စိတ်ပျက်သွားကြနိုင်လား။

ဤမေးခွန်းကို ဈာန်ဘုန်းနိုင် အဖြေရှာကြည့်သည်မှာ ရက်ပိုင်းအချို့မျှ ကြာခဲ့လေပြီ။ လက်ခုပ်နှစ်ဖက်က တီးမှမြည်တာမို့ ထိုသို့ သံသယဝင်လာခြင်းသည် ခွန်းဒါရီကြောင့်ဟု မဆိုသာသလို ဈာန်ဘုန်းနိုင်၏ အပြစ်ချည်းကြောင့်လည်းမဟုတ်။

လုံးဝစိမ်းကားသွားသည်မျိုး မဟုတ်ဘဲ သူ့ခံယူချက်၊ ကိုယ့်ခံယူချက်ကိုယ်စီနှင့် အလုပ်များနေကြရင်း တစ်ဦးနှင့်တစ်ဦး အရင်လို ပူးကပ်မနေဖြစ်ကြတော့တာပင်။ ရှေ့တန်းမှ နားထားသောသူက အစည်းအဝေးခန်းမှာသာ အချိန်ကုန်နေတတ်ပြီး ဈာန်ဘုန်းနိုင်လည်း စခန်းမှာသာ အနေများသည်။ တွေ့လျှင်တော့ ခေါင်းတစ်ချက် ညိတ်ပြရုံဖြင့် အချင်းချင်း နှုတ်ဆက်ကြပါသည်။ တစ်အိပ်ရာတည်းလည်း အတူတူအိပ်နေကြဆဲဖြစ်ပြီး တစ်ဦးကိုတစ်ဦး ဂရုစိုက်ပေးခြင်းသည်လည်း ဖျောက်ဖျက်လို့မရသည့် အကျင့်တစ်ခုအနေနှင့် တည်ရှိနေဆဲ။

သို့ရာတွင် ဤဆက်ဆံရေးက လျော့တိလျော့ရဲ အခြေအနေတွင်ရှိပြီး တစ်ဖက်လူက စတင်လှုပ်ရှားမိပါက ပြတ်တောက်သွားနိုင်မည့် အခြေအနေမျိုး။ ဤသို့ဖြစ်သွားရခြင်း၏ အကြောင်းရင်းကလည်း ကလေးကိစ္စကို ဆွေးနွေးရာမှ စခ့သည်ပင်။

လွန်ခဲ့သော ရက်ပိုင်းက-

"မောင်ကြီး၊ ကလေးတွေအတွက် အိမ်ကြီးတစ်လုံး ရှိမှရမှာမို့ ကိုယ် စီစဉ်ထားတယ်၊ နောက်တစ်လထဲ ဆောက်လိမ့်မယ်"

ပရောဂျက်ဖိုင်ကို သူ့ဆီတင်ပြလိုက်ရင်း ဆိုမိ၏။ ဖိုင်ကိုယူပြီး ခွန်းဒါရီက-

"ကျုပ်ထင်ထားတာက စခန်းမှာပဲ၊ အေးပေါ့လေ လူများလာရင်တော့ သေချာပေါက် မဖြစ်တော့ဘူးပေါ့"

ဈာန်ဘုန်းနိုင် ခေါင်းညိတ်ပြသည်။ ဖိုင်ကိုဖွင့်ဖတ်သည်နှင့် ခွန်းဒါရီ၏ မျက်ခုံးနက်နှစ်တန်းက ပိုမိုထိစပ်လုမတတ်။ သိန်းထောင်ချီကုန်ကျမည့် အိမ်တစ်လုံးကြောင့် ခွန်းဒါရီ စိတ်မသက်မသာ ဖြစ်သွားမှန်း သိသာသည်။

ဗိုလ်ကြီးနှင့် သူ့ကတော်တို့၏ တော်လှန်ရေးမှတ်တမ်း (U/Z)Onde histórias criam vida. Descubra agora