ကလေးအခြေအနေကို ဆရာဝန်မှ တင်ပြပြီးသည့်နောက် ဖုန်းချသွားပြီ ဖြစ်သော်လည်း ဈာန်ဘုန်းနိုင်မှာ အတွေးတွေ မပြတ်နိုင်သေး။ အဓိကက ကလေးတွေ၏ ရှေ့ရေးပါပင်။ ကလေးမမွေးခင် တစ်လအလိုမှာ ဈာန်ဘုန်းနိုင်က ကလေးငယ်များ ပြုစုစောင့်ရှောက်သည့် အတန်းကို သွားတက်ရမည်ဖြစ်သည်။ ယခု ကလေးစိတ်ပညာကို လေ့လာပြီးသည်နှင့် လက်တွေ့အသုံးချရတော့မည်။
သို့သော် တစ်ခုတွန့်ဆိုင်းမိသည်က မွေးဖွားလာချင်း ကလေးကို ဈာန်ဘုန်းနိုင်တို့ ပြန်ခေါ်လို့ရပြီဆိုသည်ကိုပင်။ ထိုအတွက် စိတ်ပူရ၏။ ကလေးကို ဆရာဝန်ညွှန်ကြားချက်ပါသည့် အာဟာရနို့မှုန့်တွေနှင့် တိုက်ကျွေးလို့ရသည်ဆိုပေမဲ့ မွေးကင်းစကလေးလေ။ ထိုသို့သော ကလေးအတွက် မိခင်နို့ရည်ထက် ဘယ်အရာကမှ မသင့်တော်ဟု ဈာန်ဘုန်းနိုင် ခံယူထားသည်။ ပြီးတော့ ကလေးတွေကို မိခင်၏ နွေးထွေးမှုလေးတော့ ခံစားခွင့် ရစေချင်သည်။ အချိန်ကျမှ ဈာန်ဘုန်းနိုင်တို့ နှစ်ယောက်လုံးဆီက ဖခင်မေတ္တာ အပြည့်အဝရမည်ပင်။
ဝမ်းနှင့်လွယ်ရသည့် မိခင်ရော ဗိုက်အနာခံပြီး မွေးလာမည့် ကိုယ့်သွေးသားကို မထွေးပွေ့ချင်ဘူးတဲ့လား။
စာနာစိတ်ကို အခြေခံ၍ စဉ်းစားမိသည်က ကလေးတွေကို အချိန်တစ်ခုအထိ မိခင်နို့ရည်သောက်သုံးခွင့်ပေးပြီးမှ ဈာန်ဘုန်းနိုင်တို့ ပြန်ခေါ်မည်။ သူ့မိခင်ဘက်က သံယောဇဉ်ကိုငဲ့ပြီး ကလေးတို့၏ အခြေအနေကို ပေးသိစေမည်။
စဉ်းစားတာတော့ဟုတ်ပြီ။ ဘယ်အချိန်ထိ မိခင်နှင့်ထားပြီး ပြန်ခေါ်ရမလဲ။ ဆရာဝန်နှင့် တိုင်ပင်ကြည့်ရမည်။ မတိုင်ခင် ခွန်းဒါရီ၏ သဘောထားကိုလည်း နားထောင်ရမည်။
အပြုံးဖြင့် လှည့်ကြည့်သော်လည်း လက်ပ်တော့တစ်လုံးနှင့် အလုပ်ရှုပ်နေသူက ပြန်မကြည့်နိုင်။ ယခု ဈာန်ဘုန်းနိုင်က ခွန်းဒါရီရှိသော အစည်းအဝေးခန်းထိလာပြီး အဖော်ပြုသည့်သဘောဖြင့် သူနှင့်မျက်နှာချင်းဆိုင်မှာ တစ်နေ့တာ အချိန်ဇယားအတိုင်း လုပ်စရာရှိသည်များကို လုပ်နေခြင်းပင်။ စစ်ရှောင်စခန်းတစ်ခုကို ဆန်လှူပေးရန် ဝန်ထမ်းတွေပြုစုထားသော စာရင်းကို ပြန်စစ်နေရင်း ဖုန်းလာသဖြင့် ဆရာဝန်နှင့်ပြောရာမှ ယခု သူ့ကိုငေးကြည့်နေမိ၏။ ရှေ့တန်းမှ ခေတ္တနားထားပြီး အဖွဲ့အစည်းအချင်းချင်းကြားက ပဋိပက္ခကို ဝိုင်းဝန်းဖြေရှင်းနေရသဖြင့် ခွန်းဒါရီက ကိုယ့်ကို တစ်ချက်မှ ကြည့်မလာအားသေး။
YOU ARE READING
ဗိုလ်ကြီးနှင့် သူ့ကတော်တို့၏ တော်လှန်ရေးမှတ်တမ်း (U/Z)
Romanceတောင်တန်းကြီး တည်သရွေ့ရဲ့ အချပ်ပိုလေးတွေပါ။