ဈာန်ဘုန်းနိုင်တို့သည် နေ့စဉ်ရက်ဆက် တိုက်ပွဲတွေ ဆင်နွှဲလာသည်မှာ တစ်လနီးပါး ရှိလေပြီ။ ခရစ်စမတ်နေ့မှာတောင် အလျင်နှစ်လို အများသူငှါနှင့် မကျင်းပလိုက်ရ။ ခရစ်စမတ်ကျော်ပြီး တစ်ရက်တွင် ဈာန်ဘုန်းနိုင်သည် ထုံးစံအတိုင်း ရှေ့တန်းထွက်ပြီး ပြန်လာရာ ရေးချိုးပြီးချိန် ခေါင်းက ညှီစီစီကြီး ဖြစ်နေသည်။ နေရသည်မှာ မအီမသာနှင့် ညစာစားသည့်အချိန် ခံတွင်းလည်း ချဉ်လာပါသလို။
"ကိုယ် ဖျားချင်နေတာလား"
ဖျား၍မဖြစ်ဟု တွေးကာ ထမင်းကို ကုန်အောင် ကြိတ်မှိတ်စားပြီး ဆေးမှူးဆီမှ အဖျားပျောက်ဆေး တောင်းသောက်ထားလိုက်၏။ ဤသည်ကို ဒုဦးစီးချုပ်နှင့် စစ်ရေးဆွေးနွေးနေသည့် ခွန်းဒါရီကမသိ။ သူ့ကိုပြောပြကာ ချွဲနွဲ့ချင်မိပေမဲ့ နဂိုကတည်းက အလုပ်များနေသည့်သူဆိုတော့ ဈာန်ဘုန်းနိုင်မှာ အခွင့်မရလိုက်ရ။ ကိုးနာရီ ထိုးသည်အထိ သင်းက ပြန်မလာသေးဘူးလေ။ ဈာန်ဘုန်းနိုင်မှာ သူ့ကို ဆက်မစောင့်နိုင်တော့သဖြင့် တဲထဲဝင်ကာ အိပ်ရာ အလျင်ဝင်လိုက်သည်။
အိပ်နေရင်းမှ နှာခေါင်းထိပ်က ယားစိစိ ဖြစ်လာသည်။ ထိုမှ အဆက်မပြတ် နှာချေလာသည်။ နှာချေတော့ နှာရည်ပါ ယိုလာရ၏။ ပဝါတစ်ခုနှင့် အဆက်မပြတ် နှာညှစ်ရတော့ နှာခေါင်းက ပူထူလာလေရော။ ခေါင်းလည်း ကိုက်လာရော။ ခွန်းဒါရီလည်း ပြန်မလာသေး။
အစောတုန်းက ရေချိုးနေစဉ်တွင် အအေးမိသွားမှန်း ဈာန်ဘုန်းနိုင် သိလေပြီ။ ခါတိုင်း အဝတ်တွေကို လျှော်ပေးနေကျ ခွန်းဒါရီက မလာသဖြင့် ကိုယ်တိုင် လျှော်ဖွပ်မိရာမှ အအေးမိသွား၍ ဖြစ်မည်။
ဘာတုန်းဟ! အခုချိန်မှာမှ သောက်ကျိုးနည်း လာဖျားရတာလား!
စိတ်ထဲမှ ဆဲရေးမိရသည်။ အရေးနှင့်အကြောင်းဆို ဈာန်ဘုန်းနိုင်က စခန်းထလာလေပြီ။ လွန်ခဲ့သော ရက်ပိုင်းက စကစတွေ အကူအများကြီး ထပ်ပို့လာသည်ဟု ခွန်းဒါရီ ဆိုခဲ့သည်။ သည်လိုအချိန်မှာ သူ့အနားပိုနေပေးသင့်သည်ကို လာဖျားသည်တဲ့။ မဖြစ်၊ မဖြစ်။ သေချာ ဂရုစိုက်ပြီး အဖျားပျောက်အောင် လုပ်မှရမည်။
YOU ARE READING
ဗိုလ်ကြီးနှင့် သူ့ကတော်တို့၏ တော်လှန်ရေးမှတ်တမ်း (U/Z)
Romanceတောင်တန်းကြီး တည်သရွေ့ရဲ့ အချပ်ပိုလေးတွေပါ။