"ဈာန်ဘုန်းနိုင်!!"
"ဘာလဲ!"
ခြေချိတ်ထိုင်ကာ ဈာန်ဘုန်းနိုင် ခပ်စွာစွာ ပြန်ထူးပြီး ဖုန်းသာ ဆက်ပွတ်နေလိုက်သည်။
ခွန်းဒါရီကား လက်သီးနှစ်ဖက်ကို ကျစ်ကျစ်ပါအောင် ဆုပ်ထားသည်မှာ သွေးကြောပင် ထကြွလာသည်မှာ သေချာ၏။ ခြေချိတ်ထိုင်ကာ ဈာန်ဘုန်းနိုင် ဂရုမစိုက်ဟန် ဖုန်းပွတ်သည်။ ဟာသစာတစ်ကြောင်း တွေ့သည်နှင့် အမြင်ကပ်စရာ ကောင်းအောင် တခစ်ခစ် ရယ်ပြလာ၏။
"ခင်ဗျား ဘာသဘောလဲ ဈာန်ဘုန်းနိုင်!"
လေသံမာကာ ခက်ထန်စွာ မေးလာသော ခွန်းဒါရီက ဒေါသထွက်နေသည့် ခြင်္သေ့တစ်ကောင်အလား။
"ကိုယ် ဝယ်ချင်လို့ ဝယ်ချင်တာလေ၊ အဲ့တော့ ဘာဖြစ်လဲ"
"ကျုပ်ကို တစ်ခွန်းမှ မပြောပြဘဲနဲ့လေ"
"အဲ့ဒါ ကိုယ့်ပိုက်ဆံနဲ့"
"တောက်! ခင်ဗျားကွာ၊ ကျုပ်ကို အဆုံးထိ အရွဲ့တိုက်မှ ရတော့မှာလား"
ဟက်ခနဲ ရယ်ပစ်မိကာ-
"အဟ ခွန်းဒါရီ! ကိုယ် ဘယ်မှာ အရွဲ့တိုက်လို့လဲ၊ ကိုယ် မြေတွေဝယ်ထားပြီးတော့ စီးပွားရေး လုပ်မှာလေ၊ ချမ်းသာချင်တာ ကိုယ် မမှားဘူး ထင်တယ်နော်"
"ဒါပေမဲ့ ကျုပ်ကို တစ်ခွန်းလေးတောင် မပြောတာက ခင်ဗျား အမှားကွ!"
ခွန်းဒါရီသည် ဆံပင်ကို ထိုးဖွကာ ဆိုဖာပေါ် ဘုတ်ခနဲ ပစ်ထိုင်သည်။ ဈာန်ဘုန်းနိုင် သူ့ကို မျက်လုံးထောင့်မှ စောင်းကြည့်ကာ နှုတ်ခမ်းရွဲ့မိ၏။
သူတို့အခု မြေကိစ္စနှင့် ရန်ဖြစ်ကြခြင်း။ ခွန်းဒါရီက ရှေ့တန်း ထွက်ရာမှ နားထားတော့ စွပ်ကျယ်အမည်း၊ ပြောက်ကျား ဘောင်းဘီရှည်ဖြင့်သာ ဝတ်စားထားပြီး ဈာန်ဘုန်းနိုင်ကား သံပုရာသီးမှည့်ရောင် လက်ရှည် စပို့ရှပ်၊ ဒူးတိုဂျင်း အဖြူနှင့်ပင်။
ဈာန်ဘုန်းနိုင်က ခွန်းဒါရီ ဖောက်ပြန်နေကြောင်း အတည် ပြုပြီးသည်နှင့် သူ့ကို ပြန်ဆွဲထားရန် အင်အား ကြီးချင်လာသည်။ ဤသည်ကား ပြည်နယ်ကြီး၏ အနောက်ဘက်ခြမ်းမှာ စီးပွားရေး တိုးချဲ့ရန်ပင်။ အကယ်၍ အင်အားကြီးလာလျှင် ခွန်းဒါရီသူ့ကို ဆန့်ကျင်၍ ရတော့မည်မဟုတ်။ ထို့ကြောင့် ခွန်းဒါရီ မသိအောင် မြေတွေ ခိုးဝယ်ထားခြင်း။
YOU ARE READING
ဗိုလ်ကြီးနှင့် သူ့ကတော်တို့၏ တော်လှန်ရေးမှတ်တမ်း (U/Z)
Romanceတောင်တန်းကြီး တည်သရွေ့ရဲ့ အချပ်ပိုလေးတွေပါ။