ဆေးရုံတုန်းက ရက်ချိန်းထားသည့်အတိုင်း ဈာန်ဘုန်းနိုင်တို့ လက်ရည်ချင်း ယှဉ်ရမည့်နေ့ ရောက်လာခဲ့သည်။ အစပိုင်းက အရမ်းချစ်ကြသည့် သူတို့ ဒီလို အချင်းချင်း ပြန်တိုက်ရမည့်နေ့လည်း ရှိပါလားဟု တွေးရင်း ဈာန်ဘုန်းနိုင်မှာ အနည်းငယ် ဝမ်းနည်းသေးသည်။ သို့သော် အကျိုးရှိမည့် တိုက်ခိုက်ခြင်းမို့ အနိုင်ရမှ ဖြစ်မည်ဟု ဆုံးဖြတ်ကာ အနိုင်ရရန်သာ စိတ်ဆောင်၏။
ယခု သူတို့က ကြိုးဝိုင်းထဲမှာ အဆင်သင့် အနေအထားနှင့်ပင်။ စင်အောက်တွင် စောင့်ကြည့် အားပေးနေကြသော ရဲဘော်များ။ သူတို့၏ အော်ဟစ် အားပေး သံများက ဝါးခနဲ။ လက်ခုပ်သံသည်လည်း တဖြောင်းဖြောင်း။
"ဗိုလ်ကြီးဟေ့!"
"ဗိုလ်ကြီးကတော်ကွ! ဗိုလ်ကြီးကတော်ပဲ နိုင်မှာ!"
ဈာန်ဘုန်းနိုင်ကို အားပေးသည့် ရဲဘော်အုပ်များ ရှိသေးသည့်အတွက် အားတက်ရသည်။ ရဲဘော်တွေက မည်သူနိုင်မည်ဖြစ်ကြောင်း လောင်းပင် လောင်းထား ကြသည်ဟု ဆိုသည်။
ခွန်းဒါရီက အနက်ရောင် ဘောင်းဘီရှည်နှင့် အပေါ်ပိုင်း ဗလာဖြင့်သာ။ အမြှောင်းလိုက် ကြွနေသော ဝမ်းဗိုက်ကြွက်သား၊ တောင့်တင်း ကျယ်ပြန့်သော ရင်အုပ်ကြွက်သားတို့ကို လစ်ဟပ်ပြနေ၏။ ညာဘက် ဝမ်းဗိုက်အခြေနားက လတ်လတ်ဆတ်ဆတ် အမာရွတ်သည်လည်း နီကြန်သော အသားအရည်ကြားမှာ ထင်းခနဲ။
"အခုချိန် ပြန်ဆုတ်လို့ ရသေးတယ်နော်"
မထီတထီ အပြုံးဖြင့် မျက်ခုံးပင့် ဆိုလာသူအား ဈာန်ဘုန်းနိုင် စူးရဲစွာ စိုက်ကြည့်ကာ ဟွန့်ခနဲ နှာမှုတ်၏။ ပြီးနောက် သူ့ဘက်က ရဲဘော် အုပ်စုများနှင့်တကွ ကိုယ့်ကိုယ်ကိုယ် ငုံ့ကြည့်မိသည်။
အနက်ရောင် စွပ်ကျယ်လက်ပြတ်၊ အားကစား ဘောင်းဘီနှင့် ဈာန်ဘုန်းနိုင်ကား သူ့လောက် မဖွံ့ထွားပေမဲ့ ကြွက်သားတွေက ရှိသင့်သလောက် ရှိသည်။ သန်မာသင့်သလောက် သန်မာသည်။ ထို့ပြင် ရုပ်ရည်ကလည်း သူ့ထက် ချောသေးသည်။
"အဆင်သင့်ပဲ၊ လာသာလာခဲ့"
ကြုံးဝါးပြီးသည်နှင့် ဒိုင်လူကြီးနေရာက ရဲဘော်သည် စတင်နိုင်ကြောင်း လက်ဟန်ပြသည်။
YOU ARE READING
ဗိုလ်ကြီးနှင့် သူ့ကတော်တို့၏ တော်လှန်ရေးမှတ်တမ်း (U/Z)
Romanceတောင်တန်းကြီး တည်သရွေ့ရဲ့ အချပ်ပိုလေးတွေပါ။