ကျုပ် နောင်ကြီးကို သိပ်လွမ်းသည်။ နောင်ကြီးကို မတွေ့ရသည်မှာ ရက်ပေါင်း ၄၀ ရှိလေပြီ။
ရှမ်းမြောက် မှတစ်ဆင့် တိုက်ပွဲတွေကို ဆက်လက် ဆင်နွှဲလာပြီး ကျုပ်တို့ ပြည်နယ်ကြီးဆီကို ပြန်လာတိုက်ရသဖြင့် ရက်တွေက ကြာသွားခြင်း။ သည်ရက်ပိုင်း ရှေ့တန်း ထွက်ရသည့်အပြင် ညအချိန်တွင် ဗျူဟာဆွဲခြင်းဖြင့် မအားမလပ် နိုင်အောင် ရှိသည့်အတွက် နောင်ကြီးနှင့် ဖုန်းပင် မပြောရပါ။ နောင်ကြီးတော့ ကျုပ်ကို စိတ်ပူ နေရော့မည်။ တောင်ပေါ်စခန်း၏ အစွန်းမှာ ရပ်နေပြီး ကျုပ် ရှိနေမည့် အရပ်မျက်နှာကို ငေးနေရော့မည်။
မျက်လုံးမှိတ်ကျနေအောင် ပြုံးရယ်နေသည့် စခရင်မ်ပေါ်က နောင်ကြီး၏ ပုံရိပ်ကို ပါးမို့မို့လေး နေရာမှ ဖွဖွလေး ပွတ်သပ်ပြီး ဖုန်းကို အိတ်ကပ်ထဲ ပြန်ထည့်သည်။
"ဗိုလ်ကြီး..."
ခေါ်သံနှင့်အတူ ကျုပ် ပခုံးပေါ် ကျရောက် အုပ်ကိုင် လာသော သန်မာသည့် လက်တစ်ဖက်။ ဤလက်သန်မာပုံကို ခံစားခြင်းအားဖြင့် မဟာမိတ်တပ်က ဒုစစ်ဦးစီးချုပ်မှန်း ကျုပ် သိသည်။ သူ့ကို ဒုချုပ်ဟု ကျုပ် ခေါ်သည်။ ဒုချုပ်သည် လက်ရုံးရည်ရော နှလုံးရည်ပါ ပြည့်ဝသူမို့ ကျုပ် လေးစား၏။
ဒုချုပ်သည် ကျုပ်ကို တောအရက် တစ်ခွက် လှမ်းပေးသည်။ ကျုပ် ယူကာ သူနှင့် ခွက်ချင်းတိုက်ပြီး မော့သည်။ ပူလောင်ပြင်းရှသော အရသာသည် ရင်ထဲက အပူနှင့် ပနံသင့်လို့ထင်။ နေသာသွား၏။ ဒုချုပ်လည်း မော့ပြီးသော်-
"ဗိုလ်ကြီးဆီက အလွမ်းငွေ့တွေ ရနေတယ်"
"ဒုချုပ် အာရုံခံ ကောင်းတယ်ကွာ"
ခပ်ဩဩရယ်သံသည် ဒုချုပ်ဆီမှ။
"ကျွန်တော် ဗိုလ်ကြီးထက် အဲ့ဘက်မှာ ဝန်ပေါ့ရတယ်"
ဒုချုပ်၏ ဆိုလိုချက်ကို ကျုပ် နားလည်သည်။ လွမ်းရသည့် ချစ်သူ မရှိသဖြင့် ဒုချုပ်က ဝန်ပေါ့သည်ဟု ဆိုလိုခြင်း။ တစ်ယောက်တည်း သမားဘဝကို ဂုဏ်ယူသည်ပေါ့။
ကျုပ် အရက်ကိုသာ ထပ်မော့မိသည်။
"ဒုချုပ်အတွက် ကောင်းတာပေါ့ကွာ၊ ကျုပ်လည်း အဲ့ခံစားချက်ကို မုန်းနေပြီ"
KAMU SEDANG MEMBACA
ဗိုလ်ကြီးနှင့် သူ့ကတော်တို့၏ တော်လှန်ရေးမှတ်တမ်း (U/Z)
Romansaတောင်တန်းကြီး တည်သရွေ့ရဲ့ အချပ်ပိုလေးတွေပါ။