မုန်တိုင်းမလာခင် လေငြိမ်သည် ဆိုသည့်အတိုင်း ဈာန်ဘုန်းနိုင်တို့ နှစ်ဦးသည် သုံးရက်တိတိ ဆက်တိုက် အဆင်ပြေကြပါသည်။ တပူးတွဲတွဲ နေကြပြီး ကချင်ပြည်နယ်တွင် ဖြစ်သွားသော ကိစ္စကြောင့် အတူတူ ဝမ်းနည်းခဲ့ကြသေး၏။ ထို့ပြင် ကမ္ဘာ့သတင်းကိုလည်း အတူတူကြည့်ကြပြီး ထိုကိစ္စအပေါ် အမြင်တွေကို ဖလှယ်ကြသေးသည်။ ကြာသပတေးနေ့တွင် စစ်ရှောင်တို့အား သင်တန်းပေးရန် အဖွဲ့တစ်ခုက လက်ခံလာသည်။ စနေနေ့လာပေးရန် ဈာန်ဘုန်းနိုင်တို့ သဘောတူ ထားသေး၏။
အားလပ်ရက် စနေနေ့ရောက်သော် သင်တန်းသွားပေးရန် ထိုစစ်ရှောင်စခန်းသို့ ထပ်သွားပြန်သည်။ ခွန်းဒါရီ လိုက်ပို့ပေးပါသည်။ လိုက်ပို့ပေးပြီး ရှေ့တန်းထွက်သည်။ ပြန်လာလျှင် ကြိုရန်လည်း ပြောထားကြပါ၏။
ထိုနေ့က သင်တန်းပေးရာတွင် ဈာန်ဘုန်းနိုင်မှာ အစားအသောက်ပိုင်းကို ညွှန်ကြားအကြံပေးရသည်။ တစ်နပ်စာဆိုပေမဲ့ လူရာကျော်တော့ အင်မတန် ဗျာများရပါ၏။ မသိလိုက်ပါဘဲ တစ်နေ့က ကုန်သွားသည်။
ခွန်းဒါရီက သူ့ရဲဘော်တွေကို ပြန်ပို့ပြီးမှ ဈာန်ဘုန်းနိုင်အား လာခေါ်သည်။ ခွန်းဒါရီ လာခေါ်ပြီး ပြန်လာစဉ် အနည်းငယ် ထူးဆန်းသည်ဟု ဈာန်ဘုန်းနိုင် သတိထားမိ၏။ အရက်နံ့ရခြင်းတော့ မဟုတ်တန်ရာ။ ခွန်းဒါရီ အရက်သောက်သည်က ဈာန်ဘုန်းနိုင်အတွက် မထူးဆန်းပါ။ သို့နှင့် မည်သို့ ထူးဆန်းကြောင်း အတိအကျ မဆိုနိုင်ပေမဲ့ ခံစားမိသည်က ပိုများသည်။ အမူအရာကျတော့ ခွန်းဒါရီက နားထင်ကြောကို ခဏခဏ ဖိပိတ်နေသည်။
"ဘာဖြစ်လို့လဲ မောင်ကြီး၊ ခေါင်းကိုက်လို့လား"
"အင်း၊ တိုက်ပွဲပြီး ရဲဘော်တွေနဲ့ တောအရက် နည်းနည်း သောက်ထားလို့ ခေါင်းမူးချင်သလိုပဲ"
မိတ်ဖြစ်ဆွေဖြစ်အနေနှင့် သောက်နေကျမို့ ဈာန်ဘုန်းနိုင် မထူးဆန်းမိ။ ခွန်းဒါရီက သူ့ရေချိန်ကို ထိန်းသောက်တတ်သည့်သူမို့ ဈာန်ဘုန်းနိုင် စိတ်ချခြင်း။ ဆူမည့်အစား စိတ်ပူသော မျက်ဝန်းဖြင့် ကြည့်မိကာ-
"ကိုယ်မောင်းပေးမယ်"
နားထင်ကြောကို ဖိထားကာ ခွန်းဒါရီ ခေါင်းညိတ်လာသည်။ မျက်လုံးပါ မှိတ်ထားသည်မို့ အလွန် ခေါင်းမူးနေဟန်။
DU LIEST GERADE
ဗိုလ်ကြီးနှင့် သူ့ကတော်တို့၏ တော်လှန်ရေးမှတ်တမ်း (U/Z)
Romantikတောင်တန်းကြီး တည်သရွေ့ရဲ့ အချပ်ပိုလေးတွေပါ။