ဈာန်ဘုန်းနိုင်သည် ရုတ်တရက် ရေထဲမှ ဗွမ်းခနဲ ထွက်လာသလို အသက် ပြန်ရှူလာသည်။ သက်ပြင်းရှည်ကို ဟင်းတစ်ချက် ဆွဲမိကာ ခန္ဓာကိုယ်သည် လှုပ်ရှားလာ၏။ ဆေးနံ့ကို ရှူရှိုက်မိသည့်အပြင် အသံတွေကို စတင် ကြားရလေပြီ။ အသိရလာသည်နှင့် အလျင်ဆုံး သတိရသည်က ခွန်းဒါရီ။
"မောင်ကြီး!"
မျက်လုံးကို အမြန်ဖွင့်ကာ အော်ခေါ်မိသည်။ သို့သော် အသံက တိုးလျစွာ။
"မင်းသား သတိရလာပြီ၊ မင်းသား သတိရလာပြီကွ!"
သူ့ကို ဝိုင်းအုံကြည့်နေသော လူတစ်စု၏ ဝမ်းသာ အားရ ပြောကြားချက်။ ထိုးကိုက်နေသော ခေါင်းကို ဖိထားရင်း ဈာန်ဘုန်းနိုင် ကြိုးစားထသည်။ မျက်လုံးကို သေချာ မဖွင့်နိုင်သဖြင့် ထိုသူတို့ကို ဈာန်ဘုန်းနိုင် မမြင်ရသေး။
"နင် မထသေးနဲ့၊ သေချာ အနားယူ"
ယခု ဈာန်ဘုန်းနိုင်ကို ပြန်အိပ်စေကာ တရင်းတနှီး ပြောလာသည့် အသံသည် လွန်ခဲ့သော ဆယ့်သုံးနှစ်က သူ့လက်ထောက်၏ အသံနှင့် ဆင်သည်။ မျက်လုံးကို ပွတ်ကာ သေချာ ကြည့်ရန်အပြု တားဆီးခံရ၏။
"ဆရာဝန် သွားခေါ်ပေးမယ်"
ခေါင်းသာ ညိတ်ပြကာ မျက်လုံးကို ညင်သာစွာ ပြန်မှိတ်လိုက်သည်။ အကြာကြီး သတိမေ့သွားလို့ထင်။ ကိုယ်တိုင်က အားလည်း မရှိသေး။ ခွန်းဒါရီ မရှိပုံထောက် အိမ်ပြန်သည့် အချိန် ဖြစ်လိမ့်မည်။ သူ့ခမျာ အရမ်း စိတ်ပူနေမှာ။ ကိုယ်တော့ ရှေ့တန်း ထွက်ရဖို့ အခွင့်မတွေ့ရတော့။ သို့သော် ကိုယ်လည်း အမှန်တရားအတွက် တိုက်ချင်သည်လေ။ ခန္ဓာကိုယ် ပြန်ကောင်းလာမှ ထပ်စဉ်းစားကြတာပေါ့။
"မင်းသား..."
ဖျော့တော့သော ခေါ်သံကြောင့် ထိတ်ခနဲ။ ဤအသံသည် ခွန်းဒါရီ၏ အသံပင်။ သည်လူ ကြောင်လို ရောက်လာတာလား။ ထို့ပြင် အဘယ်ကြောင့် နောင်ကြီးဟု မခေါ်ဘဲ မင်းသားဟု ခေါ်သနည်း။ သူ့အသံလည်း တိုးဖျော့နေသည်ပဲ။
"အင်း မောင်ကြီး"
မျက်လုံးကို ကြိုးစား ဖွင့်ကြည့်ရာ ဝိုးတဝါးကြားမှ ရှင်းလင်းစွာ မြင်ရသည်က မီးခိုးရောင် လောင်းကုတ်နှင့် ခွန်းဒါရီ။ အမြင်က သိပ်မရှင်းသေးတာမို့ သူ့မျက်နှာကို သေချာ မတွေ့ရသေး။ သူ သည်လို ဝတ်စားထားတာ မတွေ့ဖူးသဖြင့် အံ့ဩမိသည်။ ထို့နောက် သူ့အား ဖက်ထားချင်သဖြင့် လက်ယပ် ခေါ်မိ၏။
YOU ARE READING
ဗိုလ်ကြီးနှင့် သူ့ကတော်တို့၏ တော်လှန်ရေးမှတ်တမ်း (U/Z)
Romanceတောင်တန်းကြီး တည်သရွေ့ရဲ့ အချပ်ပိုလေးတွေပါ။