အချပ်ပို (၈၀)

198 22 10
                                    

"အေးလိုက်တာ!"

အသံထွက် ညည်းညူမိရသည်အထိ ခွန်းဒါရီ မရှိသည့် ခူးပရာက အအေးပို၏။ ထွက်သွားတာ တစ်ပတ်တောင် ကျော်နေပြီဖြစ်သော ခွန်းဒါရီကို နင့်နင့်သည်းသည်း လွမ်းမိသဖြင့် ဈာန်ဘုန်းနိုင်သည် ကြည့်နေသော ကိုယ်လုံးပေါ်မှန်တွင် အာငွေ့တစ်ခု မှုတ်ထုတ်မိသည်။ ဝါးသွားသော မှန်မျက်နှာပြင်တွင် လက်ညွှန်းလေးဖြင့် ခွန်းဒါရီ၏ အမည်နာမကို ရေးလိုက်မိ၏။ ပြီးသော် ပြုံးကြည့်မိပြီး ကလေးဆန်လွန်းသော ကိုယ့်အပြုအမူကြောင့် ရှက်ရွံ့စွာ ပြန်ဖျက်မိရ၏။

ရှင်းလင်းသွားသည်နှင့် မြင်ရသည်က အစိမ်းပုပ်ရောင် ပြောက်ကျားဝတ်စုံဖြင့် ချောမောခန့်ညားနေသော အမျိုးသားတစ်ဦး။ ယခုမှ အဆင့်တစ်ဆယ်ဆင့်နှင့် စကင်းခဲထားသဖြင့် မျက်မှာပြင်မှာ ဖြူဝင်းချောမွတ်နေသည်။ နည်းမှန်စွာ သုံးတတ်သူမို့ ဖြူဖတ်ခြင်းမျိုးမဟုတ်။ သေချာကြည့်ပါက ချောမောလှသည့် ထိုအမျိုးသား၏ ပါးပြင်မှာ ရှက်စိ‌တ်ကြောင့် သွေးရောင် သမ်းနေသည်ကို မြင်ရမည်ဖြစ်သည်။

ကြည့်ရင်းဖြင့် ထိုအမျိုးသားက ပါးပြင်ကို နှစ်ချက်မျှဖွဖွလေးပုတ်ကာ ‌လျှာထိုးပြောက်ကျား ဦးထုပ်ကို ဆောင်းသည်။ ထို့နောက် မှန်ရှေ့မှ ထွက်ခွာသွား၏။

ဒီကနေ့ ဈာန်ဘုန်းနိုင်သည် ရဲဘော်အချို့နှင့်အတူ စစ်ရှောင်စခန်းမှာ သွားရမည်ဖြစ်သည်။ သွားရခြင်းမှာ အသစ်ထပ်ရောက်လာသော စစ်ရှောင်တွေအတွက် နေရာစီစဉ်ပေးသည်ကို ကော်မတီများအား သွားရောက် ကူညီပေးခြင်း။ တစ်နည်းအားဖြင့် တဲထိုးရန် တတ်နိုင်သလောက် လုပ်အားပေးသည်ပေါ့။ ရွာအပြင်မှာသာ ရှိသည်မို့ လမ်းလျှောက်သွားလည်း ရသည်။

တကယ်တော့ စစ်ရှောင်အသစ် ရောက်လာခြင်းသည် ကောင်းသော ကိစ္စတော့ မဟုတ်ပေ။ ရှမ်းမြောက်မှာ ကြမ်းခဲ့သလို ရှမ်းတောင်မှ အဖွဲ့အစည်းများလည်း လှုပ်ရှားလာသောကြောင့် ဒေသခံပြည်သူတွေ ထပ်မံထွက်ခွာရပြန်၏။ တချို့မှာ သုံးထပ်ကွမ်း စစ်ရှောင်တာတွေ ပါသေးသည်။ ရင်နာစရာပင်။

မဟုတ်မှ ခွန်းဒါရီ ရုတ်တရက် သွားရခြင်းလည်း ဤကိစ္စကြောင့်လား။ သူတို့အကြီးပိုင်း ကိစ္စကို တစ်ခါတလေ ဈာန်ဘုန်းနိုင်မသိ။ ခွန်းဒါရီက အများအားဖြင့် အကြမ်းဖျင်းသာ ပြောပြတတ်သည်။ တကယ်ဆို သူတို့ကိစ္စတွေကို ရာထူးကြီးပိုင်းမှလွှဲပြီး သိခွင့်မရှိသည့်အရာမှန်း ဈာန်ဘုန်းနိုင် နားလည်ထားပါသည်။

ဗိုလ်ကြီးနှင့် သူ့ကတော်တို့၏ တော်လှန်ရေးမှတ်တမ်း (U/Z)Where stories live. Discover now