"ရေး! ပြောင်းဖူးဖုတ်ရပြီ၊ တုတ်နဲ့ထိုးပေး မောင်ကြီး"
ဈာန်ဘုန်းနိုင် ဆိုသည့်အတိုင်း ခွန်းဒါရီသည် ထို ပူနွေးနွေး ပြောင်းဖူးဖုတ်ကို တုတ်နှင့်ထိုးပေးသည်။ ထို့နောက် သင်းကြိုင်နေသော ပူနွေးနွေး ပြောင်းဖူးဖုတ်ကို ဈာန်ဘုန်းနိုင်အား ကမ်းပေး၏။ ဈာန်ဘုန်းနိုင် ပြုံးရွှင်စွာယူကာ နှစ်စေ့မျှ ခြွေစားသည်။ ပူပူနွေးနွေးနှင့် မွှေးလည်းမွှေး၏။ ကောက်ညင်း ပြောင်းမို့ စေးပြီး အရသာလည်း ဆိမ့်ဆိမ့်လေး။ ဝါးရင်း လက်မထောင်ပြသည်။
"ကောင်းတယ်"
ခွန်းဒါရီသည် ပြန်ပြုံးပြကာ ဈာန်ဘုန်းနိုင်၏ နှုတ်ခမ်းကို ဖွဖွလေး သုတ်ပေးသည်။ ဘေးမှာ မီးဖိုကြောင့် နွေးထွေးသည်။ ရင်ထဲမှာ အချစ်ကြောင့် အေးမြသည်။
"ကောင်းရင် များများစား"
"အင်၊ နို့ မောင်ကြီးရော စားမလား"
အပြုံးဖြင့် ခေါင်းညိတ်ပြသည်။ ဈာန်ဘုန်းနိုင်သည် တစ်တန်းခြွေပြီးသော် သူ့အား ကမ်းပေးသည်။ ခွန်းဒါရီသည် မယူဘဲ လေးကိုင်းနှုတ်ခမ်း နှစ်မွှာက ပွင့်အာလာပေး၏။ သိလိုက်ပါပြီ။ ဈာန်ဘုန်းနိုင် ကိုယ်တိုင် ကျွေးရတော့မည်။
"ငချွဲလေး"
ဆိုပေမဲ့ ဈာန်ဘုန်းနိုင် ကျွေးရပါသည်။
"ဒီလိုမှ အရသာရှိတာ"
ဝါးရင်း ခွန်းဒါရီက ပြုံးစစနှင့်ဆို၏။ ဈာန်ဘုန်းနိုင် ဟွန့်ခနဲ ပြုပေမဲ့ စိတ်ထဲပီတိတွေ ဝေဖြာနေသည်မှာ အမှန်ပင်။ ခွန်းဒါရီက နောက်ထပ် ပြောင်းဖူးတစ်လုံးကို အခွံခွာ နေလေပြီ။ ထိုအခါ-
"အလေးပြု၊ လျှောက်တင်စရာ ရှိပါတယ် ဗိုလ်ကြီးခမျ"
အဝင်ဝနားက ရဲဘော်တစ်ဦး၏ အသံကြောင့် ခွန်းဒါရီသည် လှည့်ကြည့်ကာ ခေါင်းညိတ်ပြသည်။
"ဒီကနေ့ (....) တပ်ဖွဲ့က အမျိုးသားနေ့မှာ ဗိုလ်ကြီးနဲ့တကွ သွားရောက် ဂုဏ်ပြုပေးရမှာဖြစ်လို့ ကျွန်တော်တို့ မနက်စာ အချိန်စောပြီး စားရမှာပါ။ ဒါကြောင့် မီးဖိုခန်းက ထမင်းဟင်းတွေကို ရဲဘော်တို့ရဲ့ ထမင်းစားဆောင်မှာ သယ်ယူသွားမှာမို့ ကျေးဇူးပြု၍ ဗိုလ်ကြီးတို့-"
YOU ARE READING
ဗိုလ်ကြီးနှင့် သူ့ကတော်တို့၏ တော်လှန်ရေးမှတ်တမ်း (U/Z)
Romanceတောင်တန်းကြီး တည်သရွေ့ရဲ့ အချပ်ပိုလေးတွေပါ။