ယခုတလော ခွန်းဒါရီက မဟာမိတ်တပ်ဗျူဟာတွေနှင့် အစီအစဉ်မကြာခဏ ရေးဆွဲရသဖြင့် ခူးပရာစခန်းမှာ ဖင်မမြဲပါချေ။ မဟာမိတ် တပ်စခန်းတွေဆီကို သွားရလွန်းသဖြင့် ကျန်ခဲ့ရသော ဈာန်ဘုန်းနိုင်မှာ အပျင်းကြီး ပျင်းနေရလေပြီ။ ထို့ကြောင့် ကြုံတောင့်ကြုံခဲ ခွန်းဒါရီ ပြန်လာတုန်း မနက်အစောကြီး အိပ်ရာလိုက်ထပြီး သူအစည်းအဝေးသို့ သွားရန် ပြင်ဆင်ချိန်တွင် ဈာန်ဘုန်းနိုင်သည် လိုက်သွားရန် တောင်းဆိုရ၏။ ဘာမှ အနှောင့်အယှက် မဖြစ်စေရကြောင်းလည်း ကြိုတင်ကတိပေး ထားရသည်။ မျက်နှာငယ်နှင့် တောင်းဆိုနေသော ဈာန်ဘုန်းနိုင်ကို ခွန်းဒါရီက ဦးထုပ်အနီလေးကို ဆောင်းပြီး ကြည့်လာကာ-
"နောင်ကြီး ကျုပ်ကို အဲ့လောက်ကြီး ရိုကျိုးစရာ မလိုပါဘူး၊ ကျုပ် နောင်ကြီးဆန္ဒကို ငြင်းပယ်တာ ရှားပါတယ်"
လက်အုပ်ချီနေသော ဈာန်ဘုန်းနိုင်၏ လက်နှစ်ဖက်ကို အသာလေးဆွဲယူကာ လက်ခုံကို မြတ်နိုးစွာ နမ်းရှိုက် လာပါသည်။ ဈာန်ဘုန်းနိုင် ရင်ထဲနွေးထွေးပြီး ပျော်ရွှင်သွားရသည်။ ထို့ကြောင့် တောင်ပေါ် ဆောင်းဦးကြောင့် နဂိုကတည်းက ရဲချင်နေသော ပါးမို့မို့တွေ ထပ်ရဲတက်နေအောင် ကြည်နူးစွာပြုံး၏။
"ကျေးဇူး မောင်ကြီး"
ခွန်းဒါရီသည် ခေါင်းကိုညိတ်၊ လက်ထဲက နာရီကြီးကို တစ်ချက် ကြည့်ကာ-
"အစည်းအဝေးက အစောကြီးလုပ်မှာ၊ မနက်စာလည်း ဟိုးမှာပဲ ပြင်ထားတယ်၊ အဝတ်အစား သွားလဲချေ"
မိမိဝတ်ဆင်ထားသော သာမန်အနွေးထည်နှင့် မာဖလာတို့ကို တစ်ချက် ငုံ့ကြည့်ပြီး ဈာန်ဘုန်းနိုင် ဆတ်ခနဲ ခေါင်းညိတ်၏။
"ဟိုက်!"
တက်ကြွစွာဆိုကာ အခန်းထဲသို့ ခုန်ဆွခုန်ဆွ ပြေးဝင်သည်။ ထို့နောက် လေလေးတချွန်ချွန်ဖြင့် မဝတ်တာကြာပြီဖြစ်သော အစိမ်းပုပ်ရောင် ပြောက်ကျားဝတ်စုံကို ထုတ်ရွေးပြီး လဲဝတ်သည်။ အပြင်ထွက်ရမှာမို့ လိမ်းထားသော အောက်ခံ suncreams အပေါ် နောက်ထပ် ခရမ်းလွန် နေရောင်ကာ ခရင်မ်၊ အစိုဓါတ်ကို ထိန်းသိမ်းသည့် ခရင်မ်စသည့် လိုအပ်သည်များကို မျက်နှာပြင်၊ လည်တိုင်နှင့် လက်ပေါ်တွင် ပွတ်လိမ်းသည်။ နောက်ဆုံးအနေဖြင့် ဦးထုပ်အဝိုင်းဆောင်းပြီး ဧည့်ခန်းသို့ ပြန်ထွက်လာသော် ခွန်းဒါရီမရှိတော့။ ကားဆီကို သွားနှင့်တာဖြစ်မည်။
YOU ARE READING
ဗိုလ်ကြီးနှင့် သူ့ကတော်တို့၏ တော်လှန်ရေးမှတ်တမ်း (U/Z)
Romanceတောင်တန်းကြီး တည်သရွေ့ရဲ့ အချပ်ပိုလေးတွေပါ။