"လက်နက်တွေချ... လက်နက်တွေချ..."
သီချင်းသံနှင့်အတူ စခရင်မ်တွင် မြင်ရသည်ကား မြို့ထဲကို ချီတက်လာကြပြီဖြစ်သော ပြည်သူ့ရဲဘော်များ။ စခရင်မ်ပေါ်က သူတို့၏ ဂုဏ်ယူမှု အပြုံးများသည် ဈာန်ဘုန်းနိုင်ဆီ ကူးစက်လာပါသည်။ နောက်ဆုံးတော့ အိမ်ပြန်ဖို့ လမ်းပေါ်ရောက်နေကြပြီ။ အပြီးအတိုင် ပြန်ကြရတော့မှာ။
ခွန်းဒါရီလည်း ဒီဗီဒီယိုတွေကိုတွေ့ပြီး ဝမ်းသာဂုဏ်ယူနေလောက်ပြီ။
ထိုင်းကပြန်လာသည့်နောက် အသစ်တစ်ဖန် ပြန်လည်မွေးဖွားသလို ဈာန်ဘုန်းနိုင်သည် သွက်လက်ပေါ့ပါးနေ၏။ သတင်းကောင်းကို သိရလေတော့ မျက်နှာကြီးက ပြုံးဖြီးနေရော။
သို့သော် မြင်လိုက်ရသော ဖုန်းအားရာခိုင်နှုန်းကြောင့် ပြုံးရာမှ-
"အားကုန်နေပြီပဲ"
မပိတ်လျှင် စက်ပိတ်တော့မည်မှန်း အချက်ပေးလာသဖြင့် အားပြန်သွင်းကာ တစ်လက်စတည်း ရေချိုးချိန်ရောက်သဖြင့် ရေလဲပုဆိုးယူကာ ရေသွားချိုးလိုက်၏။ စိတ်ရွှင်နေသဖြင့် ရေချိုးနေစဉ်လည်း သီချင်းတညည်းညည်း။
နာရီဝက်ကြာသော်-
တူ...
"×××မနေ့ကအချစ်မျိုး၊ ယနေ့ရဲ့အချစ်မျိုး၊ နောက်နေ့တွေလဲ အို အားလုံးတူမယ်×××"
ရေမိုးချိုးပြီး night cream လိမ်းနေချိန် ကျယ်လောင်စွာ မြည်လာသော ဖုန်းအသံ။ ပြီးခါနီးပြီမို့ မြန်မြန်အဆုံးသတ်ပြီး အားသွင်းထားရာမှ အမြန်ဖြုတ်ကာ ဖုန်းကိုင်လိုက်၏။
"ဟဲလို၊ အမိန့်ရှိပါခင်ဗျ"
ခေါ်ဆိုသူက ခွန်းဒါရီဖြစ်သည့်အတွက် ပြန်လည်ဖြေဆိုချိန် အပြုံးက ပါလာပြီးသား။ သူ့ဘက်က ဖုန်းစခေါ်သည်မှာ ရှားပါးသည် မဟုတ်လား။
"အေး နောင်ကြီး၊ ညစာစားပြီလား"
"ပြီးတာကြာပေါ့၊ အစာတောင်ကြေသွားလို့ ရေမိုးချိုးပြီး စကင်းခဲနေတာ၊ ပြီးရင် စာလေ့လာရမှာ၊ မောင်ကြီးရော"
ဖုန်းထဲက ဩနက်သည့် ရယ်မောသံ။ ဒီလူ စိတ်ချမ်းသာနေတာ။
"အဟင်း... ကျုပ် ညစာစားဖို့တောင် မလိုတော့ဘူး ထင်ပါရဲ့"
YOU ARE READING
ဗိုလ်ကြီးနှင့် သူ့ကတော်တို့၏ တော်လှန်ရေးမှတ်တမ်း (U/Z)
Romanceတောင်တန်းကြီး တည်သရွေ့ရဲ့ အချပ်ပိုလေးတွေပါ။