ဈာန်ဘုန်းနိုင်တို့ သွားခဲ့သော ပြည်နယ်ကြီး၏ အရှေ့ခြမ်းက (၁၀)ရက်တာ တိုက်ပွဲအတွင်းတွင် စစ်ကောင်စီဖက်က ဗိုလ်ကြီးအဆင့် အပါအဝင် (၄၀)ဦးနီးပါး သေဆုံးခဲ့ပြီး ပူးပေါင်းတပ်ဖက် (၈)ဦး ကျဆုံးခဲ့ရာ စစ်ကောင်စီတို့၏ လက်နက်ခဲယမ်းတွေ သိမ်းဆည်းကာ ပြန်လာကြသည်။ သို့သော်ငြား ခူးပရာသို့ ပြန်ရောက်သောအခါ မြင်လိုက်ရသော မြင်ကွင်းတွေက ရင်ဝကို ဆောင့်ကန်သည်။ အကြောင်းမှာ ရွာခြေတွင် ထပ်မံများပြားလာသော စစ်ရှောင်များကြောင့်။
"စစ်ရှောင်တွေ ထပ်များလာတယ်ရော မောင်ကြီး"
ကားမောင်းသည့် ခွန်းဒါရီက မျက်နှာတည်နှင့် ခေါင်းတစ်ချက် ညိတ်၏။
"ကျုပ်တို့ မရှိတုန်း လေပြင်းတွေ ထပ်လာတာပဲ"
နှစ်ဦးသားသည် ရင်မောစွာ သက်ပြင်း ချမိရသည်။ ခူးပရာ တောင်ပေါ်စခန်းသို့ ပြန်ရောက်သော် ခွန်းဒါရီသည် မနားနိုင်သေးဘဲ ရဲဘော်တို့အားလုံးကို ခေါ်ယူဆွေးနွေးစေ၏။ ငါးဆယ်ကျော်သော ပြောက်ကျားဝတ်စုံနှင့် ရဲဘော်တပ်သားတို့သည် အခန်းထဲတွင် စုဝေးကြသည်။
ယနေ့လေသည် နှုန်းမှန်စွာ တိုက်ခတ်၏။ ရိုးရိုးယဉ်ယဉ်နှင့် တိုက်ခတ်လာသောကြောင့် အေးမြသည်။ အခန်းအပြင်က လှမ်းမြင်ရသည့် အပင်ကြီးတို့၏ အရွက်တွေလည်း နူးညံ့စွာ ပွတ်ရိုက်ကြသည်မှာ အသံပင်မထွက်။ သို့သော် ခွန်းဒါရီကို နှုတ်ဆက်လိုက်သည့် တပ်သားတို့၏ အသံကြီးမှာ ဟီးခနဲ။
"ဗိုလ်ကြီးအား အလေးပြု!"
ခွန်းဒါရီ လက်ကာပြသည်။ အလေးပြုကြသည့် ရဲဘော်များ ပြန်ရပ်သွားကာ စနစ်တကျ ပြန်ထိုင်ကြ၏။ အခန်းသည် အတော်ကျယ်သည်။ ခွန်းဒါရီက ရှေ့ဆုံးတွင် မတ်တပ်ရပ်ပြီး သူ့တပ်သားများက ယူပုံသဏ္ဌာန် ခုံနှစ်တန်းတွင် ခါးမတ်လျက် ရှေ့တူရူကို မျက်နှာ မူကြသည်။ ဈာန်ဘုန်းနိုင်ကား တပ်သားနှင့်အတူ ရှေ့ဆုံးတန်းက။
ရှေ့ဆုံးထိုင်လို့ ခွန်းဒါရီကို ထင်ရှားစွာ မြင်နေရခြင်း။ အစိမ်းပုပ်ရောင် ပြောက်ကျားဝတ်စုံနှင့် တောင့်ဖြောင့် ချပ်ရပ်သော ခွန်းဒါရီက အကြိမ်များစွာ ဖော်ပြဖူးသလို ယောက်ျားပီသကာ သိပ်ခံ့ညားသည်။ သူ့ခါးပတ်တစ်ဝှိုက်တွင် သေနတ်တိုနှင့် စကားပြောစက်တွေ ချိတ်ဆွဲထားခြင်းက ခံ့ညားမှုကို ပိုမို ထောက်ပံ့နေသလို။ ပခုံးထက်က များပြားသော တံဆိပ်တွေသည် သူ့ဘေးနားတွင် အရှိန်အရောင် ပိုတက်စေသလို။ ချစ်မြတ်နိုးခြင်းအပြင် ဂုဏ်ယူဝံ့ကြွားမှုတို့နှင့် ဈာန်ဘုန်းနိုင် မော့ကြည့်နေစဉ် ခွန်းဒါရီသည် လက်နောက်နောက်ပစ်၊ ဘွတ်ဖိနပ်ရှည် ဝတ်ထားသည့် ခြေတံရှည်ကို အနည်းငယ် ခွဲကာ-
YOU ARE READING
ဗိုလ်ကြီးနှင့် သူ့ကတော်တို့၏ တော်လှန်ရေးမှတ်တမ်း (U/Z)
Romanceတောင်တန်းကြီး တည်သရွေ့ရဲ့ အချပ်ပိုလေးတွေပါ။