၁၅

26 2 0
                                    

ဝတ္ထုရေးသားခြင်းအနုပညာ
Chapter 15 - Relationship Map Chart

အစကတော့ တခြားရေးခဲ့တဲ့ဆောင်းပါးတွေလိုပဲ Relationship Mapကို ဆက်ဆံရေးပြမြေပုံ ဒါမှမဟုတ် တော်စပ်ပုံပြမြေပုံ စသည်ဖြင့်ရေးသားဖို့ စဥ်းစားခဲ့ပေမဲ့ သင့်တော်မှုနည်းပြီး အနက်အဓိပ္ပါယ်ကို ခြုံငုံနိုင်စွမ်းမရှိတာကြောင့် အင်္ဂလိပ်စကားလုံးအတိုကောက်ဖြစ်တဲ့ RMC အဖြစ်ပဲသုံးသွားပါမယ်။

အမည်အတိုင်းပဲ RMCဟာ ဝတ္ထုအတွင်းမှာပါဝင်တဲ့ ဇာတ်ကောင်တွေအချင်းချင်းနဲ့ ဆက်စပ်နေတဲ့ ဆက်ဆံရေးနဲ့တော်စပ်ပုံတွေကို ဖော်ပြတာဖြစ်ပါတယ်။ ဆွေမျိုးအရင်းအချာတော်စပ်ပုံအပြင်ကို သူငယ်ချင်း၊ ချစ်သူ၊ ရန်သူစတဲ့ ဆက်ဆံရေးအခြေအနေတွေကိုပါ ဖော်ပြတာဖြစ်တဲ့အတွက်ကြောင့် တော်စပ်ပုံပြမြေပုံဆိုပြီး သုံးလို့မရပါဘူး။

ဒီမြေပုံရေးဆွဲနည်းကို အဓိကသုံးစွဲရတဲ့ အကြောင်းအရင်းကတော့ ဝတ္ထုအတွင်းမှာပါဝင်လှုပ်ရှားနေတဲ့ ဇာတ်ကောင်တွေရဲ့ဆက်ဆံရေးအခြေအနေကို မျက်ခြေမပြတ်သွားအောင်ဖြစ်ပါတယ်။

ဒီ​မြေပုံက စာရေးဆရာတွေသုံးတာထက် စာဖတ်သူတွေသုံးတာက ပိုများတယ်လို့ ပြောရမလားပဲ။ စစ်နဲ့ငြိမ်းချမ်းရေး၊ သုံးပြည်ထောင်စစ်ပွဲများ၊ မင်းပုန်းတောင်သိုင်းသမား စတဲ့ဝတ္ထုရှည်ကြီးတွေကို ဖတ်ရှုတဲ့အခါမှာ များပြားလွန်းတဲ့ဇာတ်ကောင်တွေ ပါဝင်တာကြောင့် စာဖတ်သူတွေဟာ ဇာတ်ကောင်တွေကို အလွယ်တကူမေ့လွယ်ကြပါတယ်။ ဒါပေမဲ့ အခုလိုမြေပုံလေးဆွဲလိုက်တော့ ဘယ်သူက ဘယ်သူကိုးဆိုပြီး ချက်ချင်းတွဲသိတဲ့ အကျိုးကျေးဇူးကို ရရှိလာနိုင်တာကြောင့် သုံးစွဲကြခြင်းဖြစ်ပါတယ်။

အခုဆိုရင် ကျောင်းတွေမှာတောင် အသုံးပြုလာကြပြီဖြစ်ပြီး ဆရာတွေက RMC တွေရွေးဆွဲပြီး ဂန္တဝင်လက်ရာတွေကို ကျောင်းသားတွေ အလွယ်တကူချိတ်ဆက်နားလည်နိုင်စေဖို့ အားထုတ်လာကြပြီဖြစ်ပါတယ်။

တကယ်လို့ ခင်ဗျားက အွန်လိုင်းပေါ်မှာ အပိုင်းဆက်ရာချီတဲ့ ဝတ္ထုရှည်ကြီးရေးနေတာပဲဖြစ်ဖြစ် မရေမတွက်နိုင်တဲ့ ဇာတ်ကောင်တွေပါဝင်တဲ့ ဝတ္ထုကြီးကိုရေးနေရတာပဲဖြစ်ဖြစ် RMCမြေပုံရေးနည်းကို အသုံးပြုပြီး ဇာတ်ကောင်တွေကြားက ဆက်ဆံရေးကို နိုင်နင်းအောင် ကိုင်တွယ်ဖြေရှင်းနိုင်ပါတယ်။

သော်လွင်ကိုကို၏ဆောင်းပါးများ  စုစည်းမှု (၁)Where stories live. Discover now