ဝတ္ထုရေးသားခြင်း ၈

50 3 0
                                    

ဝတ္ထုရေးသားခြင်းအနုပညာ
Chapter 8 - စနစ်တကျ ဇာတ်ကောင်တည်ဆောက်နည်း

ဇာတ်ကောင်တစ်ကောင်ကို ဘယ်လိုတည်ဆောက်မလဲဆိုတာကို အကျဥ်းချုံးပြောရရင်တော့ စာဖတ်သူနဲ့ ဇာတ်ကောင်ကို စတင်မိတ်ဆင်ပေးတာ၊ ဒိုင်ယာလော့တွေသုံးတာ၊ တခြားဇာတ်ကောင်တွေနဲ့ ပြောဆိုဆက်ဆံတာ၊ ဇာတ်ကောင်နဲ့ မိမိတည်ဆောက်ထားတဲ့ ကမ္ဘာကြီးနဲ့ထိတွေ့တာ၊ ဇာတ်ကောင်ရဲ့အတွေးတွေကိုဖော်ပြတာ စသည်ဖြင့် အရိုးရှင်းဆုံးအခြေခံအချက်အလက်တွေကနေ စတယ်လို့ပြောရမှာပါ။

အထက်က အကြောင်းအရာတွေမပါဝင်ဘဲ ဝတ္ထုရေးဖို့ မဖြစ်နိုင်တဲ့အတွက်ကြောင့် စာရေးသူတိုင်းဟာ ဝတ္ထုစရေးကတည်းက ဇာတ်ကောင်တွေကိုဖန်တီးနေတတ်ပြီးသားလို့ ယူဆရမှာပါ။ ဝတ္ထုတွေရဲ့နိယာမအရ ဇာတ်ကောင်မရှိဘဲ ဇာတ်လမ်းဖြစ်မလာနိုင်ပါဘူး။ ဇာတ်လိုက်မရှိတဲ့ ဇာတ်လမ်းတွေရှိပေမဲ့ ဇာတ်ကောင်လုံးဝမပါတဲ့ ဇာတ်လမ်းဆိုတာမရှိပါဘူး။

စာရေးသူတိုင်းက ဇာတ်ကောင်ဖန်တီးတတ်ကြပါတယ်။ ဒါပေမဲ့ စနစ်တကျဘယ်လိုဖန်တီးရမလဲဆိုတာကတော့ ​လေ့လာဖို့လိုအပ်တဲ့အပိုင်းဖြစ်ပါတယ်။ ဒါကြောင့်လည်း အခုအခန်းခေါင်းစဥ်က စနစ်တကျ ​ဇာတ်ကောင်တည်ဆောက်နည်းရယ်လို့ ဖြစ်နေတာပေါ့။

တည်ဆောက်ပုံအဆင့်ဆင့်

ဝတ္ထုတိုင်းမှာ အရေးအကြီးဆုံးအပိုင်းက သာမန်လူတွေနဲ့ ကွဲထွက်နေပြီး မြင်သာထင်သာရှိတဲ့၊ ကျိုးကြောင်းဆီလျှော်မှုရှိတဲ့ ဇာတ်ကောင်မျိုးကို ဖန်တီးဖို့ဖြစ်ပါတယ်။ အမေရိကန်ဂျာနယ်လစ်နဲ့ဝတ္ထုတိုဆရာ Ernest Hemingway ပြောသလိုဆိုရင် "စာရေးသူတစ်ယောင်ဟာ ဝတ္ထုရေးတဲ့အခါမှာ သက်ရှိထင်ရှား လူတစ်ယောက်ကို ဖန်တီးရမယ်၊ ဇာတ်ကောင်ရယ်လို့ သတ်မှတ်ပြီးဖန်တီးလို့မရဘူး။ ဇာတ်ကောင်ဆိုပြီးဖန်တီးရင် လူမဟုတ်ဘဲစာပြောင်ရေးထားသလို ဖြစ်နေလိမ့်မယ်။"

အခုနောက်ပိုင်းမှာ အသုံးများလာတဲ့ နည်းလမ်းတစ်ခုကတော့ ဇာတ်ကောင်တွေအတွက် ကိုယ်ရေးအကျဥ်းတစ်ခု ရေးဆွဲခြင်းပါ။ ဇာတ်ကောင်တွေကြောင့် ဝတ္ထုတွေမွေးဖွားလာသလို ဝတ္ထုဇာတ်ကြောင်းတွေကလည်း ဇာတ်ကောင်တွေကို သက်ရောက်ပြီးပုံဖော်ပါတယ်။

သော်လွင်ကိုကို၏ဆောင်းပါးများ  စုစည်းမှု (၁)Donde viven las historias. Descúbrelo ahora