၁၉

32 1 0
                                    

ဝတ္ထုရေးသားခြင်းအနုပညာ
Chapter 19 - ဝတ္ထုတစ်ပုဒ်ရဲ့ကျရှုံးခန်း

စာရေးတယ်ဆိုတာက လူတိုင်းဝါသနာပါရင် ဘောပင်ကောက်ကိုင်ပြီး ရေးလို့ရတဲ့အရာတစ်ခုလို့ပြောရင် မှားမယ်မထင်ပါဘူး။ ဒါပေမဲ့ ဘာလို့ဝတ္ထုတချို့က အောင်မြင်ပြီး ဝတ္ထုတချို့ကတော့ ကျရှုံးနေရတာပါလဲ။

ဒီနေ့တော့ ကျွန်တော်တို့တွေ ဝတ္ထု ဒါမှမဟုတ် ဇာတ်လမ်းတစ်ပုဒ်ဟာ ဘယ်လိုအကြောင်းအရင်းတွေကြောင့် ကျရှုံးရသလဲဆိုတာကို လေ့လာရမှာပါ။ လူတစ်ယောက်က အောင်မြင်ချင်ရင် အောင်မြင်စေတဲ့ နည်းလမ်းတွေကိုပဲ လေ့လာဖို့လိုအပ်တာ မဟုတ်ပါဘူး။ ကျရှုံးစေနိုင်တဲ့ အကြောင်းအရင်းတွေကို လေ့လာဖို့လည်း လိုအပ်ပါတယ်။

လူကြိုက်နှစ်သက်မှုမခံရတဲ့၊ ဒါမှမဟုတ် အယ်ဒီတာတွေရွေးတာမခံရတဲ့၊ မကောင်းတဲ့ဝတ္ထုလို့ သတ်မှတ်ခံရတဲ့ ဝတ္ထုတိုင်းမှာ အောက်မှာစုစည်းတင်ပြထားတဲ့အချက်တိုင်းလိုလို ဒါမှမဟုတ် တစ်ချက်နှစ်ချက်တော့ ပါလေ့ရှိပါတယ်။ ဒီတော့ လေ့လာကြည့်ရအောင်။

၁။ ဇာတ်လမ်းကိုက အမှိုက်ဖြစ်နေတာ

ဘယ်စာရေးသူမှ ကိုယ့်ဇာတ်လမ်းကို အမှိုက်လို့ခေါ်တာ မခံချင်ပါဘူး။ ဒါပေမဲ့ အများစုက ကိုယ်ရေးတဲ့ဝတ္ထုကိုယ် စုတ်ချာမှန်းမသိ စုတ်ချာနေတာကို သတိမမူမိကြပါဘူး။ ဇာတ်လမ်းမကောင်းတဲ့ ဝတ္ထုတွေကို စာအုပ်တိုက်တွေနဲ့အယ်ဒီတာအဖွဲ့က မရွေးချယ်တာ သဘာဝပါပဲ။ ပိုက်ဆံရှိလို့ ကိုယ့်ဘာသာထုတ်ဝေလိုက်မယ်ဆိုရင်တောင် သေချာပေါက် စာဖတ်သူမေတ္တာခံယူရပြီး ဘာမှဆက်ဖြစ်လာမှာမဟုတ်ပါဘူး။

အကောင်းဆုံးဖြေရှင်းနည်းကတော့ ကိုယ့်ကိုယ်ကိုယ် လက်ခံနိုင်တဲ့ အဆင့်တစ်ခုအထိရောက်တဲ့အထိ လေ့ကျင့်ဖို့ပါပဲ။ ကိုယ့်ကိုယ်ကိုယ် ဇာတ်လမ်းရေးမကောင်းဘူးလို့သံသယရှိရင် စာပေဝေဖန်သူတွေနဲ့တည်းဖြတ်တွေဆီ ချဥ်းကပ်ပြီး သူတို့ကိုဝေဖန်ခိုင်းတာလည်း အကြံကောင်းတစ်ခုပါ။ ကိုယ်တိုင်လည်း အသုံးပြုခဲ့ပြီး အတော်ထိရောက်ပါတယ်။ (သင်ခန်းစာယူနိုင်ရန်အလို့ငှာ ဒီဆောင်းပါးစု၏နောက်ဆက်တွဲအဖြစ် ဝေဖန်ခံထားရတဲ့ ကျွန်တော့်ခပ်ချာချာစာမူကို နောက်မှာတွဲထည့်ပေးပါမယ်။)

သော်လွင်ကိုကို၏ဆောင်းပါးများ  စုစည်းမှု (၁)Where stories live. Discover now