စီးပွားရေးသမိုင်းပညာ

31 1 0
                                    

စီးပွားရေးသမိုင်းပညာ (သို့) ဘောဂသမိုင်းပညာရပ်

ကမ္ဘာ့သမိုင်းတစ်လျှောက် စီးပွားရေး၊ စီးပွားရေးဖြစ်စဥ်များ၊ အဖြစ်အပျက်များကို စနစ်တကျလေ့လာခြင်းကို ဘောဂသမိုင်းပညာရပ်ဟုခေါ်သည်။

Economic Historyလို့ Googleမှာ ရိုက်ရှာလိုက်တာနဲ့ ပထမဆုံးမြင်ရမယ့်စာသားဟာ ဒီစာသားဖြစ်ပါတယ်။ ဘောဂသမိုင်းဘာသာရပ်ဟာ အတိတ်မှာ ဘာကြောင့်စီးပွားပျက်ကပ်တွေဖြစ်ခဲ့တယ်၊ ဘယ်လိုထုတ်ကုန်မျိုးတွေ ခေတ်စားလာသလဲ၊ ဘယ်လိုထုတ်ကုန်မျိုးတွေက အစားထိုးခံရပြီး ခေတ်မစားတော့ဘူးလဲ၊ ကမ္ဘာ့စီးပွားရေးလုပ်ငန်းကြီးတွေ ဘာကြောင့်ကျရှုံးအောင်မြင်ရသလဲ ဆိုတာကို လေ့လာတဲ့ဘာသာရပ်ဖြစ်ပါတယ်။

ဒါပေမဲ့ ဒီဘာသာရပ်ကို ပညာရပ်နယ်ပယ်ထဲက လူတော်တော်များများတောင် အမှတ်မှားကြပါတယ်။ သမိုင်းနယ်ပယ်ကလူတွေက ဘောဂသမိုင်းပညာရပ်ကို ဘောဂဗေဒသမားတွေကြောင့်ဖြစ်လာတယ်ထင်ပြီး ဘောဂဗေဒသမားတွေကလည်း ဒီဘာသာရပ်ဟာ သမိုင်းပညာရှင်တွေ အတတ်ဆန်းထွင်လိုက်တယ်ဆိုပြီး ထင်နေကြပါတယ်။

စီးပွားရေးလုပ်ငန်းရှင်တွေအနေနဲ့ အတိတ်ကအမှားတွေကို သင်ခန်းစာယူပြီး အောင်မြင်အောင်လုပ်ဖို့ဟာ အင်မတန်အရေးပါပါတယ်။ ဒါကြောင့်မလို့ ဘောဂသမိုင်းဘာသာရပ် ပေါ်လာခဲ့တာဖြစ်ပါတယ်။

ဒါပေမဲ့ လူသိမများဘဲ ဖြစ်နေရတဲ့အကြောင်းကတော့ တက္ကသိုလ်အများစုဟာ ဒီဘာသာရပ်ကို အရေးမကြီးဘူးလို့ယူဆပြီး ဘာသာရပ်တစ်ခုအနေနဲ့ သင်ရိုးညွန်းတမ်းအတွင်း ထည့်သွင်းလေ့မရှိပါဘူး။ လက်ရှိတက္ကသိုလ်အများစုမှာသင်ကြားနေတဲ့ BE, ME, MBA, BBAနဲ့ ဒီပလိုမာတွေမှာလည်း မပါတာကို အံဩတကြီးတွေ့ရပါတယ်။

စီးပွားရေးစျေးကွက်အတွင်းကို အသစ်ဝင်ရောက်လာတဲ့ လုပ်ငန်းရှင်အသစ်တွေအတွက် ဦးဆုံးရင်ဆိုင်ရမှာက အတွေ့အကြုံနည်းပါးမှုဖြစ်ပါတယ်။ လူ့သမိုင်းမှာ ဖြစ်ပျက်ခဲ့သမျှ စီးပွားရေးဖြစ်စဥ်တွေကို ဆည်းပူးလေ့လာခြင်းအားဖြင့် ကျွန်တော်တို့တွေဟာ အတွေ့အကြုံလစ်ဟင်းမှုကို ဖြည့်ဆည်းနိုင်မှာဖြစ်ပြီး သမိုင်းထဲက လုပ်ငန်းရှင်တွေနဲ့တူညီတဲ့အမှားမျိုးမမှားရလေအောင် ရှောင်နိုင်မှာဖြစ်သလို သူတို့ရဲ့အကြံဉာဏ် အောင်မြင်မှုနည်းလမ်းတွေကိုလည်း အတုယူနိုင်ဦးမှာဖြစ်ပါတယ်။

ကိုကာကိုလာနဲ့Pepsiမှာ ဘာလို့Pepsi အရေးနိမ့်သွားခဲ့သလဲ၊ Daewoo ကုမ္ပဏီမြင့်တက်လာခြင်းနဲ့ကျရှုံးမှု၊ နိုင်ငံရဲ့မူဝါဒတွေနဲ့ကမ္ဘာ့ရိုက်ခတ်မှုတွေက စီးပွားရေးအပေါ် ဘယ်လိုသက်ရောက်သလဲ၊ ရောဂါကပ်ဘေးအခြေအနေမှာ ကုမ္ပဏီကြီးတွေ ဘယ်လိုကိုင်တွယ်စီမံအသက်ရှင်ကြသလဲ၊ ဘာလို့ချမ်းသာတဲ့နိုင်ငံတွေက ချမ်းသာပြီး ဆင်းရဲတဲ့နိုင်ငံတွေက ဆင်းရဲနေတာလဲ၊ ဘာကြောင့်ကုမ္ပဏီတချို့က အခြားကုမ္ပဏီတွေထက် ပိုပြီးအောင်မြင်နေရတာလဲ စတာတွေကိုလေ့လာတာဟာ ဘောဂသမိုင်းပညာရှင်တွေရဲ့အလုပ်ပါ။

ကျွန်တော်ကတော့ ဒီပညာရပ်နဲ့သက်ဆိုင်တယ်လို့ ယူဆနိုင်တဲ့ ဆောင်းပါးတချို့ကို ရေးသားခဲ့ပြီးပါပြီ။ဒါပေမဲ့ ကိုယ်တိုင်က ဘောဂသမိုင်းပညာရပ်ကို တတ်မြောက်တယ်လို့တော့ မပြောနိုင်ပါဘူး။ ဝါသနာပါလို့ လေ့လာပြီးပြန်ရေးပြရုံပါပဲ။

ဆောင်းပါးရှင်တစ်ယောက်ဟာ နယ်ပယ်တစ်ခုမှာ အလုံးစုံကျွမ်းကျင်မှုရှိတယ်လို့ မဆိုလိုနိုင်ပါဘူး။ ကျွမ်းကျင်သူတွေရဲ့စကားနဲ့စာပေတွေကိုလေ့လာပြီး မသိသေးသူတွေကို ပြန်လည်မျှဝေပေးတာက ဆောင်းပါးရှင်တွေရဲ့အလုပ်ဖြစ်ပါတယ်။

အခုတော့ နောင်မှာလည်း စားသောက်ကုန်တွေရဲ့သမိုင်းကြောင်းနဲ့ထင်ရှားတဲ့ စားသောက်ကုန်ကုမ္ပဏီကြီးတွေအကြောင်း ဆက်မိစပ်ရာလျှောက်ရေးဖြစ်နေမှာမလို့ အားလုံးနားလည်လွယ်အောင် ပညာရပ်မိတ်ဆက်ကို ရေးသားပေးလိုက်တာဖြစ်ပါတယ်။

စာပြီးချိန် ၂၃.၁.၂၃

သော်လွင်ကိုကို၏ဆောင်းပါးများ  စုစည်းမှု (၁)Donde viven las historias. Descúbrelo ahora