"မီခါ...!" "မီခါ...!" "မီခါ...!"
"အား!" "ဟေး..! မီခါ...! "မီခါ....အား!...."
အဆောက်အဦးရှေ့မှာ ခဲရောင်ပြောင်လက်နေပါသော porsche ကားတစ်စီးထိုးရပ်လာတာနှင့် အကာအရံအတားအဆီးနောက်ရှိ လာအုပ်စုကြီးဆီမှ တခဲနက်အသံတို့ထွက်ပေါ်၍လာလေသည်။ကားထဲမှ မည်သူထွက်လာမည်ဆိုတာကို အတပ်သိနေသည့်အလား အစောတုန်းကထက်ကို ပို၍လှုပ်လှုပ်ရှားဖြစ်ကုန်ကြသည်။ကားထဲမှ ပထမဦးစွာ အနောက်တိုင်းဝတ်စုံအပြည့်ဖြင့် securityတချို့ဆင်းလာကြပြီး ကားနောက်ခန်းတံခါးဘေး၌ အသင့်နေရာယူကြလေသည်။ထို့နောက်မှာတော့ နောက်ခန်းတံခါးကာ အသာပွင့်ဟလာကာ အနက်ရောင်ပြောင်လက်နေပါသော ရှုးဖိနပ်ဖြင့် ခြေထောက်တစ်စုံက ဦးစွာထွက်ပေါ်၍လာလေသည်။
"အား!...မီခါ!" "ဟေး! မီခါ! မီခါ! အား..!"
လူတစ်ကိုယ်လုံးတောင် မဟုတ်ပါပဲ ရှုးဖိနပ်အပိုင်းအစလေးကို မြင်လိုက်ရယုံဖြင့် လျှောက်လမ်းဘေးရှိ ပရိတ်သတ်အစုအဝေးသည် ပို၍လှုပ်လှုပ်ရှားရှား တိုးတိုးဝှေ့ဝှေ့ဖြစ်လာကြပြီး အသံတွေသည်လည်း စောစောတုန်းကထက်ကို ပို၍ကျယ်လောင်ဆူညံစွာ တခဲနက်ဖြစ်လို့လာခဲ့လေသည်။ကားထဲမှ အဖြူရောင်အရိပ်တစ်ရိပ် ထွက်ပေါ်လာချိန်မှာတော့ ကော်ဇောနီလျှောက်လမ်းဘေးရှိ လူပင်လယ်ကြီးဟာ အလုံးစုံရူးသွပ်သွားသလို အုန်းအုန်းထသွားတော့သည်။ပွဲ၏ခွင့်ပြုချက်ရ ကင်မရာသမား ဂျာနယ်လစ် အားလုံးတို့၏အာရုံသည်လည်း လျှောက်လှမ်းပေါ်ရှိ ရောက်နှင့်ပြီးသူများထံ မရှိတော့ပဲ ကားပေါ်မှဆင်းလာသည့် ထိုပုဂ္ဂိုလ်ဆီသို့သာ စုပြုံရောက်ရှိကုန်၏။
တစ်ကိုယ်လုံးနက်စွေးနေပါသော ဝတ်စုံကို အပေါ်မှနေ၍ တဖိတ်ဖိတ်လက်ထနေပါသော အဖြူရောင် တန်ဖိုးကြီးဒီဇိုင်နာချုပ်ကုတ်တစ်ထည်ဖြင့် စတိုင်ထုတ်လွှမ်းခြုံထားသည်။လည်ပင်းရှိ တဖိတ်ဖိတ်လက်ထနေပါသော စိန်ပလက်တီနမ် ခပ်ကြီးကြီးချိန်းကြိုးသည်လည်း သူများနှင့်ဆို ရိုင်းသွားမှာမှန်ပေမဲ့ ဒီအမျိုးသားနှင့်ကျတော့ အတော်လေးကို ပနံသင့်လိုက်ဖက်လှ၏။ပြောရမည်ဆိုလျှင် ခန္ဓာကိုယ်ပေါ်ရှိ limited branded တန်ဖိုးကြီး အဆောင်အယောင်တွေထက်ကို ထိုအမျိုးသားကိုယ်တိုင်ကိုက brandedတစ်ခုဖြစ်နေခဲ့တာမျိုး။