ခြံတံခါးကို တွန်းဖွင့်ဝင်ခဲ့ရင်း နေးလ်၏စိတ်တွေဟာ ခုန်ပေါက်လှုပ်ရှားနေခဲ့သည်။မီခါနှင့် ဒီအမျိုးသမီး၏ ပတ်သတ်မှုကဘာများလဲ။တော်တန်ယုံပတ်သတ်မှုမျိုးနှင့်တော့ မီခါဟာ ဒီလိုမျိုးကိုယ်တိုင်ကိုယ်ကျ ရောက်လာစရာအကြောင်းမရှိ။ပြောရလျှင် မိသားစု၏အိမ်ကိုတောင် ပြန်ခဲသည့် မီခါ့အဖို့ ဒီအမျိုးသမီးဆီကို ကိုယ်တိုင်ရောက်လာခဲ့ရသည့် အကြောင်းအရင်းက နေးလ်အတွက်တော့ စိတ်ဝင်စားစရာကောင်းနေခဲ့သည်။လာရင်းကိစ္စကို ခဏမေ့သွားခဲ့ပြီး မီခါ့၏အရေးကိစ္စကိုသာ ပိုစိတ်ဝင်စားလာခဲ့သည်။
ခြံထဲသို့လျှောက်ဝင်ခဲ့ရင်း အိမ်လေးရှေ့ရောက်တော့ ခြေလှမ်းတို့ကတုံ့သွားမိပြန်သည်။ကိုယ့်ကိစ္စနှင့်ကိုယ်လာခဲ့တာမို့ မီခါနှင့်တော့တိုက်ရိုက်မတွေ့ဆုံချင်။ပြီးတော့ ချိုတူးကိစ္စကို မီခါသိသွားမည်ကိုလည်းမလိုလား။ဒါဆို အဖြေကလှည့်ပြန်လိုက်ဖို့ပဲရှိသည်။သို့သော်လည်း မီခါ့၏ကိစ္စကိုတော့ သူသိချင်နေသေးသည်။
"ဘာမှချက်ထားစရာ မလိုပါဘူး ဒေါ်လေးရယ်၊သက်သက်ပင်ပန်းအောင်လို့..."
"ပင်ပန်းတယ်တော့ ဟုတ်မလား၊သားက တစ်ခါတစ်လေလေး လာတဲ့ဟာကို၊သားကြိုက်တတ်တာလေး ချက်ကျွေးချင်တာပေါ့..."
"ကျွန်တော်လည်း သိပ်မှမစားနိုင်တာကို၊နောက်ခါ ဘာမလျှောက်မလုပ်ထားပါနဲ့၊ဒေါ်လေး ပင်ပန်းမှာစိုးလို့ပြောတာ..."
"ဟုတ်ပါပြီ သားရယ်၊တခြားဟာဆိုလည်း ဒေါ်လေးမချက်ပါဘူး၊အခုက သားကြိုက်တတ်တာလေးမို့လေ..."
တစ်ထပ်တိုက်ပုလေးပေမဲ့ အိမ်လေးကအသံမလုံသလို နေးလ်ကိုယ်တိုင် ဧည့်ခန်းနှင့်ကပ်နေပါသော အိမ်နံရံဖက်မှာမို့ ဖွင့်ထားသောပြတင်းမှတဆင့် အသံတို့ကိုအတိုင်းသားကြားနေရသည်။
"နောက်ဆို ဘာမှလျှောက်မလုပ်ထားပါနဲ့၊ပင်ပန်းပါတယ်၊အခုလည်းကျွန်တော်ပြန်ရမှာ ဒေါ်လေးရဲ့၊ရူတင်က ဆက်သွားရဦးမှာ၊ဒေါ်လေးကိုလည်း တွေ့ချင်တာနဲ့ ကိုယ်တိုင်ပဲဆေးလာပို့လိုက်တာ..."
"အေးပါ သားရယ်! ဒါဆိုလည်း ချက်ထားတာလေးတော့ ထည့်ယူသွားလိုက် ရူတင်ရောက်မှစားပေါ့..."