"Hello..."
ဖုန်းကဆက်တိုက် အကြာကြီးမြည်နေခဲ့ပြီးမှ ကိုင်လိုက်သည့်အသံက နေးလ်ဟုတ်မနေခဲ့တာကြောင့် မီခါ့၏မျက်ခုံးတန်းတို့ တွန့်ချိုးသွားရတော့သည်။သူ့၏ဖုန်းခေါ်ဆိုမှုကို တခြားသူအား လွှဲထားလောက်ရသည့်အထိ နေးလ်ဆီမှာ ဘယ်လိုအရေးကြီးကိစ္စများ ရှိနေခဲ့သလဲမသိ။ပြီးတော့ ဥပက္ခာပြုခံလိုက်ရတယ်ဆိုတဲ့ ခံစားချက်မျိုးကလည်း လူကိုအနေခက်လာစေခဲ့သည်။
"နေးလ်ရော!..."
စိတ်ခံစားချက်အတိုင်း အသံကဆတ်တောက်ဆတ်တောက်ဖြင့် ခုန်ပေါက်ထွက်သွားခဲ့သည်။သူ့၏လေသံကြောင့် တစ်ဖက်မှ မြတ်သူသည်လည်း အတန်ငယ်တော့ အမ်းတမ်းတမ်းဖြစ်သွားခဲ့သည်ထင်။
"ဟုတ်ကဲ့ ကိုမီခါ!..."
"...."
"ဥက္ကကြီးရောက်နေလို့ပါ! ကိုနေးလ် ဥက္ကကြီးနဲ့သီးသန့်တွေ့နေလို့ပါ!"..."
"...."
"ဒီည ဗီလာကိုပြန်လာဖြစ်မှာ မဟုတ်လို့ ကိုမီခါဖုန်းဆက်ရင် သေချာပြောပြလိုက်ဖို့မှာခဲ့ပါတယ်!..."
မြတ်သူကတော့ ဖုန်းထဲကနေ သူ့တာဝန်ရှိသည့်အတိုင်း ပြောပြနေခဲ့သည်။
"သူ ပြန်ဆက်သွယ်ပါမယ်လို့ ပြောခဲ့ပါတယ်!..."
မြတ်သူ၏ ထပ်ဆင့်စကားကြောင့် မီခါ့၏မေးကြောကြီးများ တင်းကနဲဖြစ်သွားရသလို စိတ်ကလည်းဖျဥ်းကနဲဖြစ်သွားရသည်။
!နေးလ် ဘာလုပ်တာလဲ!
!ဒါက သူ့ကို ဘယ်လိုမျိုးဆက်ဆံလိုက်တာလဲ!...
"ကျစ်! ဘာကိုပြန်ဆက်သွယ်... ဟယ်လို! ဟယ်..."
"...."
"ဟာကွာ တောက်!..."
ပြောစရာရှိတာပြောပြီးတာနှင့် ဖုန်းကဆက်သွယ်မှု ပြတ်တောက်သွားခဲ့ပြီဖြစ်သည်။ဆက်သွယ်မှုပြတ်တောက်သွားပြီဖြစ်သောဖုန်းအား ဆိုဖာပေါ်သို့ပစ်ပေါက်ချရင်းဖြင့် ဒေါသစိတ်တို့တလှိုက်လှိုက်တက်လာခဲ့ရသည်။ထပ်ပြီးတော့ သိမ်ငယ်ရခြင်းဆိုသည့် ခံစားချက်ကသူ့အားကောင်းကောင်းကြီး နှိပ်စက်လို့နေသည်။ဘယ်လိုပဲ သူတို့၏ဆက်ဆံရေးကို ခေါင်းစဥ်ပြောင်းလဲထားပါစေ နေးလ်းအတွက်သူက အခုထိဘာမှမဟုတ်သည့်ကောင်ဖြစ်နေဆဲ။နေးလ်၏ အသိထဲမှာ သူဟာဂုဏ်ယူလောက်စရာ ဖြစ်တည်မှုမျိုးမဟုတ်နေဆဲ။