စိတ်၀ိဉာဥ်နှင့်ခန္ဓာပြန်လည်သတိကပ်မိချိန်မှာတော့ သူဟာ နူးညံ့၍ရနံ့တစ်မျိုးသင်းပျံ့နေသည့် အိပ်ရာတစ်ခုပေါ်ရှိနေခဲ့သည်။တင်းကျပ်နွေးထွေးသည့် အထိအတွေ့အရ တစ်စုံတစ်ယောက်၏ ခပ်တင်းတင်းပွေ့ဖက်မှုဆီ၌ လှုပ်ရှားမှုပြုမရပဲ ရှိနေခဲ့လေသည်။မီခါက သူ့ကိုတင်းတင်းကျပ်ကျပ်ပွေ့ဖက်ထားရင်းဖြင့် နှစ်နှစ်ခြိုက်ခြိုက်အိပ်မောကျနေခဲ့သည်။မျက်ဝန်းတို့ကို စိတ်ချလက်ချ ပိတ်ချထားတာတောင်မှ မျက်တောင်ရှည်များ၏ပံ့ပိုးမှုကြောင့် အလှမပျက်ပေ။ထောင့်ချိုးညီပြီး နဂိုထူအမ်းပြည့်တင်းသည့် နှုတ်ခမ်းတို့က မနေ့ကနေးလ်၏ထိုးနှက်ထားသော ဒဏ်ရာကြောင့် အတန်ငယ်ယောင်ကိုင်းနေ၏။ဒဏ်ရာတွေဖြင့် အညိုအမဲစွဲနေခဲ့သည့် မျက်နှာဟာ မီခါ့၏ချောမောမှုကိုတော့ အနည်းငယ်တောင်မှ ထိခိုက်အောင် မစွမ်းနိုင်သေးချေ။နှုတ်ခမ်းထောင့်စွန်းရှိ ခြောက်သွေ့နေပြီဖြစ်သော သွေးစတို့အား နေးလ်အကြည်လွှဲလိုက်ပြီးမှ မီခါ့၏ပွေ့ဖက်ထားမှုမှ အားဖြင့်ရုန်းဖယ်လိုက်သည်။
နေးလ်၏လှုပ်ရှားမှုကြောင့် မီခါ့၏မျက်ဝန်းတို့မပွင့်တပွင့် ဖြစ်လာခဲ့သည်။ဖက်တွယ်ထားမှုက ရုန်းကန်မှုကြောင့် လျော့တိလျော့ရဲ ဖြစ်သွားသော်ငြား အလုံးစုံတော့လွတ်မြောက်သွားခြင်းမဟုတ်။
"နိုးပြီလား!..."
ဟိုးအရင်က သိပ်သဘောကျခဲ့ရဖူးသည့် အိပ်ရာနိုးခါစ အိပ်ချင်မူးတူးခပ်အစ်အစ်အသံလှိုင်းတို့သည် အခုတော့ သူ့နားထဲမှာ ခါးသက်နေခဲ့ပြီဖြစ်သည်။မီခါ ခပ်လျော့လျော့ ပွေ့ဖက်ထားသည့်ပုံစံအတိုင်း နေးလ်ရှိနေခဲ့ပြီးမှ မျက်နှာအား တစ်ဖက်သို့လွှဲဖယ်လိုက်ပြီး...
"ဖယ်!..."
တိုးညှင်းပေမဲ့ နေးလ်၏လေသံက ပြတ်သားနေခဲ့သည်။မီခါက ဆန့်ကျင်စွာပင် ပို၍တင်းကျပ်စွာပွေ့ဖက်လာခဲ့၏။ပြီးတော့ နေးလ်၏ လည်တိုင်တစ်လျှောက် ချွဲ့နွဲ့စွာဖြင့်တိုးဝှေ့နမ်းရှိုက်လာခဲ့ပြီးမှ...
"မဖယ်ချင်ပါဘူး!..."
ဂျီကျသလိုခပ်ချွဲချွဲပြော၏။ပြီးတော့ နေးလ်အားရင်ခွင်ထဲဆွဲထည့်၍ ပခုံးသားလေးအားနမ်းရှိုက်၍ ခပ်ဖွဖွငုံခဲပစ်ပြီးမှ...