"ဒီနေ့ပွဲက အရေးကြီးတယ်နော် နေးလ်! မင်းအမှားလုပ်လို့မရဘူး၊အားလုံးက မင်းကိုစောင့်ကြည့်နေကြတာ"
အနားနားကပ်ထိုင်၍ တတွတ်တွတ်ပြောမဆုံးဖြစ်နေသော အန်ကယ်ဂျက်ကြောင့် နေးလ်တကယ်ပဲစိတ်အိုက်လာရသည်။
"အဲ့ဒါပဲ ပြောနေတာ တစ်ရာရှစ်ဆယ့်ခြောက်ခါမကတော့ဘူး အသံလေးဖြစ်ဖြစ်သွင်းပြီး ဖွင့်ထားလိုက်ပါလား..."
!ကြည့်စမ်း လူကြီးကို...!
လူကြီးကို ဒီလိုမျိုး ပက်ကနဲပြန်ပြောပစ်ရလားဆိုသည့် အကြည့်မျိုးဖြင့် အန်ကယ်ဂျက်ပြူးကြည့်လာတော့ နေးလ် မျက်လုံးအား ဟိုဟိုဒီဒီလွှဲဖယ်ပြီးမှ....
"မောနေမှာစိုးလို့ ပြောပြတာ..."
ခပ်တိုးတိုး ရွဲ့ပဲ့ပြောတော့ အန်ကယ်ဂျက် စိတ်ဆိုးရခက် ဒေါသဖြစ်ရခက်ဖြစ်သွားရပြီးမှ...
"ဝေးလ်ပြန်လာတာ အလကားပြန်လာတာမဟုတ်ဘူးနော် မင်းအမှားကိုရှာချင်နေတာဆိုတာ သိတယ်မှတ်လား..."
သိသားပဲဆိုသည့်ပုံစံဖြင့် နေးလ်ဘာမှမပြောတော့ အန်ကယ်ဂျက် သက်ပြင်းရှိုက်ပြီးမှ...
"မင်း ဒီနေရာမှာရှိနေဖို့ ငါဘယ်လောက်အထိ အနောက်ကနေပံ့ပိုးပေးခဲ့ရသလဲ အဲ့ဒါကိုနည်းနည်းပါးပါး သိတတ်ပါဦး..."
အန်ကယ်ဂျက်ပြောတော့ နေးလ််မျက်လုံးစွေကြည့်ပြီးမှ...
"ဝေးလ်ကို ပိုပံ့ပိုးချင်ခဲ့တာမဟုတ်ဘူးလား..."
နေးလ်၏စကားကြောင့် အန်ကယ့်ဂျက်၏မျက်ဝန်းတို့ထဲ အံ့သြရိပ်တို့ဖြတ်ပြေးကုန်သည်။တကယ်ဆို ဒီကလေးလေးနှစ်ယောက်စလုံးဟာ သူ့လက်ပေါ်မှာကြီးပြင်းခဲ့ရတာမို့ နှစ်ယောက်စလုံးကို သားသမီးသဖွယ်သံဃောဇဥ်ရှိတာအမှန်။သို့ပေမဲ့လည်း ရှေးရိုးဆန်တယ်လိုဆိုဆို မိန်းကလေးဖြစ်တဲ့ဝေးလ်ကိုတော့ ဒီလုပ်ငန်းစုကြီး၏ ဆက်ခံသူမဖြစ်စေလိုခဲ့။နေးလ်ဆီမှာ ဝေးလ်ထက်ပိုသာတဲ့ အရည်အချင်းနှင့်လုပ်ကိုင်နိုင်စွမ်းတို့ ရှိနေတာကြောင့်လည်းပါသည်။ထို့ကြောင့် ဒီနေရာကို နေးလ်ရောက်ရှိလာစေဖို့ ပိုပြီးပံ့ပိုးပေးဖြစ်ခဲ့တာဖြစ်သည်။