ညက ဘယ်လောက်တောင် နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျမိသွားသလဲမသိ၊ပြန်နိုးလာတော့ အခန်းတစ်ခုလုံးမှာ အလင်းရောင်ကောင်းစွာရနေပြီဖြစ်သည်။နံဘေးရှိ မီခါကတော့ အသက်ရှုသံမှန်မှန်ဖြင့် အိပ်မောကျလို့နေဆဲ။ရှည်မျောမျော မျက်တောင်စိပ်စိပ်တွေက အလင်းရောင်ကြောင့် ပါးမို့ပေါ်သို့အရိပ်ကျလို့နေသည်။အနီးကပ်မြင်နေရသည့် ပါးပြင်ပေါ်မှ မွှေးညှင်းနုနုလေးတွေကလည်း ဒီကောင်လေး၏ နုနယ်ပျိုမြစ်မှုကိုဖော်ပြလို့နေပြန်သည်။စိတ်လွတ်လက်လွတ် အိပ်မောကျနေတာတောင်မှ ချောမောခန့်ညားသည့်အသွင်အပြင်ကို ထိခိုက်မှုမရှိပေ။ဘယ်လိုရှုထောင့်မျိုးဖြင့်ပဲနေနေ မီခါဆိုသည့်အမျိုးသားမှာ ရုပ်ဆိုးသွားသည့်အချိန်ဆိုတာမျိုးမရှိ။ရုပ်ရည်သွင်ပြင်နှင့်ပတ်သတ်လာလျှင် အဲ့ဒီလောက်အထိ ဆုတောင်းကောင်းသည့်အမျိုးသား။ပြီးပြည့်စုံသည်ဆိုသည့်စကားဟာ ဒီကောင်လေးကိုကြည့်ပြီးမှ ဖြစ်ပေါ်လာသလားထင်မှတ်ရလေသည်။
ဘေးတစ်စောင်း မြင်နေရသည့်နှာရိုးမြင့်မြင့်လေးပေါ် လက်ဖျားလေးဖြင့် မထိတထိတို့ထိလိုက်တော့ စိမ်းညို့နေသည့် မျက်ခုံးတန်းတို့ ခပ်တွန့်တွန့်ဖြစ်သွားသည်။ပြီးတော့ အရိပ်ကျနေသည့် မျက်တောင်ဖျားတို့ တဖျတ်ဖျတ်လှုပ်ခတ်လာပြီးမှ...
"မောနီး..."
ထူအမ်းသည့်နှုတ်ခမ်းလွှာများကြားမှ ထွက်ကျလာသည့်အသံတို့က အိပ်ချင်မပြေသေးသလို ခပ်အစ်အစ်ဖြင့်။မျက်တောင်ဖျားတွေ တလှုပ်လှုပ်ဖြင့် အိပ်ချင်မူးတူးဖြစ်နေသော မီခါ့၏ပုံစံက သာမန်အချိန်တွေထက်ကို ပို၍အပြစ်ကင်းစင်ကာ ချစ်ဖို့ကောင်းသည်ဟု နေးလ်တွေးလိုက်မိသည်။ရုတ်တရက် ရင်ထဲမှာယားကျိကျိဖြစ်လာရကာ ချွန်မြနေသောနှာခေါင်းထိပ်ဖျားလေးအား ဆွဲညှစ်ပြီးမှ...
"မောနီး..."
နေးလ်၏ အပြုအမူကြောင့် မီခါအိပ်ချင်မူးတူးဖြင့် ပြုံးပြီးတော့မှ နေးလ်၏ခါးလေးအား ဆွဲဖက်လိုက်ကာ...
"အိပ်ရာနိုးတာနဲ့ ကျွန်တော့်ကိုမြင်ရတာ ကြည်နူးစရာကောင်းတယ်မှတ်လား..."