ထိုအတိုင်းထိန်းဖက်ထားရင်း တသိမ့်သိမ့်တုန်နေပါသော ကိုယ်လေး ငြိမ်သက်သွားတော့မှ နေးလ်၏မျက်နှာလေးအား ရင်ခွင်ထဲမှပြန်ခွာထုတ်ရသည်။မေးဖျားလေးအား ပင့်မောယူကြည့်တော့ စတော်ဘယ်ရီရောင်ရင့်နေသည့် မျက်နှာနီနီလေးဟာ သူ့အတွက်တော့ အလှဆုံးဖြစ်နေခဲ့သည်။မျက်ရည်တို့ဖြင့်စိုကပ်နေခဲ့သည့် မျက်တောင်တွေ၊ရဲတွတ်နေသည့် မျက်ခမ်းစပ်လေးတွေ၊တဆတ်ဆတ်တုန်ယင်နေသည့် နှုတ်ခမ်းလွှာလေးတွေဟာ သူ့၏စိတ်တွေကို တစ်စုံတစ်ခုအတွက် တွန်းအားပေးနေသလိုပင်။
"ထပ်ပျောက်မသွားနဲ့တော့..."
ရှိုက်သံတစ်ဝက်ဖြင့် တုန်ယင်စွာပြောလာပြန်သည်။
"အင်း!..."
နေးလ်၏ မျက်နှာလေးအား သူပွတ်သပ်ကိုင်တွယ်နေခဲ့ရင်းဖြင့် ခပ်တိုးတိုးပြန်ပြောမိသည်။
"ကိုယ့်အနားမှာပဲနေ!..."
"အင်း!..."
"ဘယ်မှမသွား!..."
မီခါက နေးလ်၏စကားတို့ကို အဆုံးသတ်ခွင့်မပေးတော့ပဲ အနမ်းတို့ဖြင့် ဖြတ်တောက်ပစ်သည်။barကောင်တာမှာ ရှိနေခဲ့သည် အဖြစ်ကိုလည်း မေ့သွားခဲ့သလို၊ဘေးနားရှိ ဖက်တွယ်ကြည်နူးနေသည့် စုံတွဲတစ်တွဲရှိနေခဲ့တာကိုလည်း မေ့သွားခဲ့သည်။ယခုသူ့၏စိတ်အာရုံတစ်ခုလုံးအား နေးလ်၏နှုတ်ခမ်းများကသာ စိုးမိုးသိမ်းပိုက်ထားလေတော့သည်။
ပထမတော့ ထိုအမူးသမားလေးက အနည်းငယ်လန့်သွားသလိုမျိုး သူ့ရင်ဘတ်အား အားပျော့ပျော့ဖြင့်တွန်းလာခဲ့သည်။သို့သော်လည်း သူ အနမ်းတို့အားပို၍ရှေ့တိုးမိတော့ တွန်းဖယ်နေသော လက်အစုံဟာ သူ့၏အင်္ကျီရင်ဘတ်အစအား ခပ်တင်းတင်းဆုပ်ကိုင်လာခဲ့လေသည်။မီးရောင်မှိန်ပြပြသာရှိသည့် ဘားကောင်တာ ထောင့်ဆုံးနေရာဖြစ်သလို ဒီနေရာမှာ စုံတွဲတွေ ဒီိလိုမျိုးလက်ပွန်းတတီးရှိနေတတ်တာဟာလည်း အဆန်းတကြယ်မဟုတ်။ဒါကြောင့်ပဲ သူတို့နှစ်ဦးအား မည်သူကမှ အထူးအဆန်းဖြစ်မနေခဲ့ပဲ သူတို့အလုပ် သူတို့အာရုံဖြင့်သာ ရှိနေကြလေသည်။
အနမ်းပင်လယ်ထဲ မေ့မေ့မူးမူးဖြင့် သတိလက်လွတ်ကူးခတ်နေခဲ့မိရင်း စက္ကန့်များစွာတိုက်စားသွားခဲ့သည်။