"ဟျောင့်ရေ့ ပျားတွေဟ!..."
"ပျားအုံကို ဘယ်မအေဘေး ဒုတ်နဲ့သွားထိုးတာလဲကွာ လခွမ်း!..."
"မီးဒုတ်ယူခဲ့ မြန်မြန် မီးဒုတ် လုပ်!..."
"မြန်မြန်လုပ်ဟ သူဌေးရော မင်းသားရော စမ်းချောင်းထဲမှာကွ..."
"ပျားကြီးတွေဟ အကုန်သေကုန်တော့မှာပဲ..."
အိမ်အနောက်ဖက်နှင့်စမ်းချောင်းက တောတန်းအုပ်အုပ်လေးသာ ခြားထားတာမို့ ပျားတွေ ပလူပျံအောင်ထပျံတော့ ချက်ချင်းကို အိမ်အနောက်ဖက်သို့ ရောက်ကုန်သည်။ရှုတင်အဖွဲ့သားတချို့ကလည်း ရေချိုးဖို့ဆင်းလာကြပုံပေါ်တာမို့ ပျားအုပ်နှင့်တည့်တည့်တိုးတာဖြစ်သည်။ခဏအတွင်း ဆူဆူညံညံဖြစ်သွားကြပြီး ချက်ချင်းကို မီးခိုးငွေ့တို့ လုံးတတ်လာသည်။မီးဒုတ်ဖြင့်ယမ်းခါရင်း ရှေ့တိုးလာကြတာမို့ ပျားတွေက စုဖွဲ့ပျံသန်းနေရာမှ ကွဲထွက်ကုန်ကြသည်။မီးခိုးတွေက ခြုံထဲအထိ ပျံ့နှံ့လုံးတက်လာတာမို့ နေးလ်အသက်ရှုရတာ မွှန်ထူသွားခဲ့သည်။
"အဟွတ် အဟွတ်!...."
နေးလ် မွှန်ထူစွာချောင်းဆိုးမိတော့မှ မီခါက အပေါ်မှအုပ်ဖက်ထားတာကို ဖယ်ခွာပေးသည်။သူလည်း မီးခိုးတွေကြောင့် မွှန်နေခဲ့သည်။ပျားတွေက ကွဲသွားပေမဲ့ တစ်ကောင်စ နှစ်ကောင်စတော့ ကျန်နေသေးသည်မို့ အပေါ်မှသဘက်ကို မဖယ်ရှားရဲ။အခိုးအငွေ့တို့အား မီခါက လက်ဖြင့်ယမ်းဖယ်ပြီးမှ နေးလ်အား အရှေ့မှထွက်စေသည်။သူကတော့ အနောက်မှကွယ်ရင်းဖြင့် လိုက်ပါ၏။
"ဟာ! မင်းသား!...."
တောတန်းထဲမှာပြေးထွက်လာကြသော မီခါနှင့်နေးလ်အားတွေ့တော့ ကောင်လေးတွေက ကမန်ကတမ်းပဲတွဲခေါ်ကြသည်။နှစ်ယောက်သား အိမ်အနီးသို့ပြန်ရောက်တော့မှပဲ အသက်ဝဝရှုနိုင်ကြတော့သည်။
"မီခါ မင်း ကျောမှာ ပျားထိလာတာပဲ..."
ဂျာကြီးက ပြောရင်းဆိုရင်းဖြင့် အပေါ်ပိုင်းဗလာကျင်းနေသော မီခါ့အား သဘက်ဖြင့်ပြေးအုပ်သည်။ရေချိုးခဲ့ပေမဲ့လည်း ခြုံတွေကြားတိုးဝှေ့ခဲ့ရတာမို့ တစ်ကိုယ်လုံးလည်း ဖုန်အလိမ်းလိမ်းပြန်ဖြစ်သွားပြီဖြစ်သည်။ရှုတင်ကကလေးတွေအုပ်စုနှင့် ပျားတွေကတော့ ဘယ်လိုဖြစ်ကျန်ခဲ့သလဲ မသိပေမဲ့ နေးလ်ကတော့ မီးခိုးငွေ့တို့ကြောင့် အသက်ရှုရပါခက်ခဲနေခဲ့သည်။